ပဲခူးတွင် လုယက်ခံရသည့် စပိန်နိုင်ငံသား ဆေးရုံမှထွက်ပြေး


ပဲခူးမြို့အထွက် ဘဏ္ဍာကုန်းကျေးရွာအနီး ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်ဆေးရုံကြီးမှ ထွက်ပြေးသွားပြီး ပျောက်ဆုံးနေခြင်း
ကြောင့် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေကြောင်း သတင်းရရှိ သည်။

စက်ဘီးဖြင့် ကမ္ဘာလှည့်နေသော စပိန်နိုင်ငံသားမစ္စတာကာ လို့စ်ကို ဖေဖော်ဝါရီ ၂၃ ရက် ညတွင် ပဲခူးမြို့အ ထွက် ဘဏ္ဍာကုန်းကျေးရွာအနီး၌ လူနှစ်ဦးက ဓားဖြင့်ဝိုင်းခုတ်ကာ ပစ္စည်းများ လုယူသွားခဲ့သည်။ ဓားဖြင့် ဝိုင်းခုတ်၍ ပြတ်ရှဒဏ်ရာ ၁၀ ချက် ရရှိထားသော စပိန်နိုင်ငံသားအား ဖေဖော်ဝါရီ ၂၄ ရက်က ပဲခူးဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသပေးခဲ့သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားအား ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနရှိ ခုတင်နံပါတ် (၇) တွင် ဆေးကုသပေးခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံသားသည် ရန်ကုန်ဆေးရုံကြီးမှ ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီ ၁၅ မိနစ် တွင် ဆရာ ဝန်၏ ခွင့်ပြု ချက်မရရှိဘဲ ဆင်းသွားခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက်ထိ ပျောက်ဆုံးနေသည်။ ၎င်းပျောက်ဆုံးသွားသဖြင့် ရဲတပ် ဖွဲ့က လိုက်လံရှာဖွေနေကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကြည်က 7 Day သတင်းစာ အား ပြောကြားသည်။

‘‘ကျွန်တော်တို့လည်း လိုက် ရှာနေပါတယ်။ ဘယ်ဆေးခန်း တစ်ခုခုမှာပဲ သွားကုနေလဲဆိုပြီး လိုက်ရှာနေပါ တယ်။ သူ့ဒဏ်ရာက ဆေးမကုလို့မရဘူး။ ဆေးကုမှရမယ်။ အဲဒါကို ဆရာဝန်တွေခွင့်ပြုချက်မရဘဲ ဆင်း သွားတာ။ ကမ္ဘာလှည့်နေတဲ့သူဆိုတော့ ဘယ်နိုင်ငံမှာရောက်ရင် ဘယ်ဆေးခန်းမှာကုရမယ် ဘာညာဆို တာ ပါပါတယ်။ အခုအချိန်ထိတော့ မတွေ့သေးဘူး။ လူကြီးတွေကတော့ သံတမန်အရ ဆက်သွယ်နေ ကြပါတယ်’’ဟု ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။

စပိန်နိုင်ငံသားသည် စက်ဘီးဖြင့် ကမ္ဘာလှည့်ခရီးသွားနေသူ ဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မြန်မာနိုင်ငံကို အစဉ်အမြဲ လာရောက်နေတဲ့နိုင်ငံကတစ်ဦး ဒီလိုဖြစ်သွားတာတော့ သဘောမကျဘူး။ စပိန်နိုင်ငံသားတွေဟာ မြန်မာပြည်ကို ဟိုးအရင်ကတည်းက လာနေတဲ့သူတွေပဲ။ မြန်မာ နိုင်ငံမှာ စပိန် သံရုံးမရှိဘူးဆိုတော့ အနီးဆုံးထိုင်းက သံရုံးကိုဆက် သွယ်သင့်တယ်။ ဒီဖြစ်စဉ်ဖြစ် သွားတာဟာ ကမ္ဘာ လှည့်ခရီးသွားစောင့်ရှောက်ရေးရဲတွေ အင်အားနည်းနေသေးတယ်ဆိုတာ ပြလိုက်တာပဲ’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းမှ ဒေါ်စံပယ်အောင်က ပြောသည်။

ကမ္ဘာလှည့်ခရီးသွားတစ်ဦး တိုက်ခိုက်ခံရမှုသည် မြန်မာခရီးသွားပုံရိပ်ကို ကျဆင်းစေကြောင်း ပုဂံဒေသ တွင်း ဧည့်လမ်းညွှန် အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက မှတ်ချက်ပြုသည်။

လုယူခံရသော ပစ္စည်းများ နှင့် ငွေများကို အခင်းဖြစ်ပွားရာ နှင့် နှစ်ဖာလုံခန့်တွင် ပြန်လည် တွေ့ရှိထား သည်။ တရားခံများကို ဖမ်းဆီးမိခြင်းမရှိသေးဘဲ ပဲခူးမြို့ အမှတ်(၃)ရဲစခန်းတွင် ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားကြောင်း သတင်း ရရှိသည်။ ပုဒ်မ ၃၉၄ သည် ပြင်းထန်စွာနာကျင်စေမှု ပါဝင်သည့် လုယက်မှု ပုဒ် မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံရ နိုင်သည်။

7Day
Previous
Next Post »
Powered by Blogger.