အလကားမယူလိုသော တက္ကစီဆရာ


''အလကားရလို့၊ အလကားယူလျှင် အလကားလူပဲ ဖြစ်လိမ့်မည်''ဟူသော စာသားကို သတိရမိပါသည်။ တစ်ခါက အလကားမလိုချင်သော မရသင့်မရထိုက် သည်ကိုမယူသော ဗုဒ္ဓအဆုံးအမအောက်မှာနေသူ မြန်မာလူမျိုး တက္ကစီ(Taxi) ဆရာကြီးတစ်ယောက်ကို တွေ့ခဲ့ဖူးပါသည်။

မေတ္တာရှင်ရွှေပြည်သာဆရာတော် က စာရေးသူအား ရန်ကုန်မြို့မှမန္တလေးသို့ ဓမ္မခရီးစဉ်တစ်ခုစေလွှတ်စဉ် ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အငှားယာဉ်ဖြင့် ရောက်ရှိခဲ့ပါသည်။

စာ ရေးသူနေသော သုဝဏ္ဏမှ လေဆိပ်သို့အရောက် ယာဉ်ငှားခကျပ် ၅ဝဝဝထုတ် ပေးလိုက်ပါသည်။ အငှားယာဉ်မောင်းဆရာကြီးက ကျပ် ၁၅ဝဝပြန်ပေးပါသည်။ စာရေးသူက ''ယူလိုက်ပါ''ဟု ပြောလိုက်ရာ ထိုခဏမှာပင် တက္ကစီဆရာကြီး၏ မထင်မှတ်သော၊ အတုယူစရာကောင်းသော၊ မှတ်သားစရာကောင်းသော စကား လုံးများကို ပြောပါတော့သည်။

''အရှင်ဘုရား တပည့်တော်ဟာ မြန်မာလူမျိုး၊ ဗုဒ္ဓရဲ့အဆုံးအမအောက် မှာနေသူ၊ ဗုဒ္ဓဘာသာအမည်ခံထားသူပါဘုရား။ ရသင့်ရထိုက်တာကိုပဲ ယူမယ်။ မရသင့်မရထိုက်တာကို မယူဘူး။ မရသင့်မရထိုက်တာကိုယူလျှင် တပည့်တော် ကြောင့် နိုင်ငံနဲ့ လူမျိုး ဘာသာပါ သိက္ခာကျသွားမယ်ဘုရား။ တပည့်တော်တစ် ယောက် အသုံးမကျမှုကြောင့် သူ့ဘာသာနေတဲ့ နိုင်ငံနဲ့ လူမျိုး ဘာသာ သိက္ခာ ကျသွားမယ်ဘုရား။ ဒါကြောင့် အရှင်ဘုရားပိုတဲ့ငွေ ပြန်ယူသွားပါ။ အကယ်၍ အရှင်ဘုရားက ရသင့်ရထိုက်တာထက် လျှော့ပေးရင်လဲ တပည့်တော်က တောင်း မှာပါဘုရား။ မရသင့်မရထိုက်ဘဲယူရင် သူခိုးပါဘုရား။ ဘယ်သူမသိသိ၊ ကိုယ် သိပါတယ်။ ကိုယ်သိပါတယ်ဆိုမှ သိတဲ့လူရှိပြီပေါ့။ တွေးကြည့်လျှင် ရှက်စရာ ကောင်းလိုက်တာဘုရား'' ဟူ၍ဖြစ်ပါသည်။

အို...ဟုတ်တာပေါ့။ ဒီတက္ကစီဆရာကြီးပြောမှ သတိထားမိတယ်။ မရ သင့်မရထိုက်တာကို ယူလျှင် သူခိုးပေါ့။ ငရုတ်သီးမှုန့်ဆိုပြီး ဆေးဆိုးရောင်း တာ၊ ပဲဆီစစ်စစ်ဆိုပြီး စားအုန်းဆီရောရောင်းတာ၊ အလုပ်ရှင်က အလုပ်သမား အပေါ် ပေးသင့်ပေးထိုက်တာထက် လျှော့ပေးတာ၊ အလုပ်သမားကလည်း အလုပ်ရှင်အပေါ် လုပ်အားခအပြည့်ယူပြီး လုပ်အားကျတော့ လျှော့လုပ်တာ၊ စပယ်ယာက ခရီးသည် အပေါ် ပိုတဲ့ငွေပြန်မအမ်းတာ၊ ခရီးသည်ကလည်း ပိုက်ဆံမပေးချင်လို့ လူကြားဝင်ပြေးတာ၊ ကိုယ့်ထက်
တော်သူ၊ ရာထူးရသင့်ပါ လျက် ကိုယ်က မတရားနည်းသုံးပြီး ရယူတာတွေဟာ သူခိုးတွေပေါ့။ ငါငွေရ ရင်ပြီးရော ဘယ်သူတွေဘာဖြစ်ဖြစ် သူတစ်ပါးမျက်ရည်နဲ့ပဲ လက်ဆေးရဆေးရ ဆေးမယ်။ သူတစ်ပါး လည်မျိုကို နင်းရနင်းရ နင်းမယ်ဟူသောစိတ်ထားသည် ဗုဒ္ဓအဆုံးအမအောက်မှာနေသော မြန်မာလူ မျိုးတိုင်းရင်းသားတို့၏ စိတ်ထား မဟုတ်ပေ။

မြန်မာတိုင်းရင်းသားဟူက- သနားတတ်သည်၊ ကြင်နာတတ်သည်၊ နား လည်တတ်သည်၊ စာနာတတ် သည်၊ ကူညီတတ်သည်၊ ကြိုဆိုတတ်သည်၊ ဖော် ရွေတတ်သည်၊ ကျေးဇူးသိတတ်သည်။

အို-မြန်မာတိုင်းရင်းသားလူမျိုးတို့၏ စိတ်ထားဂုဏ်ကို ထုတ်ဖော်မည် ဆိုလျှင် ကုန်နိုင်ဖွယ်ရာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဗြဟ္မစိုရ်တရားလေး ပါးနှင့်နေသော မြန်မာတို့သည် ဗုဒ္ဓ၏အဆုံးအမများနှင့် ကြီးပြင်းကြသော ကြောင့်တည်း။

စာရေးသူသည် တက္ကစီဆရာကြီးအား အံ့သြသောအကြည့်၊ မယုံကြည်နိုင် သောအကြည့်၊ နားမလည်နိုင်
သောအကြည့်၊ အို...ဒီလူကြီးဟာ ကျောက် ခေတ်က လူကြီးလားပေါ့...''အူမတောင့်မှ သီလစောင့်မည်၊ ရောမရောက် ရင် ရောမလိုကျင့်၊ အများမိုးခါးရေသောက် ကိုယ်လဲသောက်ရမှာပဲ။ ကိုယ့်မှာ မရှိတော့ ဘယ်သူမှ ထမင်းတစ်လုတ်လာမကျွေးဘူး၊ ကိုယ်လုပ်မှ ကိုယ်စားရ တာ''ဟူသော ခေတ်ကာလကြီးထဲမှာ ကိုယ်ကျင့်သီလကို တန်ဖိုးထားသော လူမျိုး၊ နိုင်ငံ၊ ဘာသာအပေါ်ကို မြတ်နိုးသော 'သီလစောင့်မှ အူမတောင့်မည်၊ အူမတောင့်ချင်ရင် သီလစောင့်'ဟူ သောစကားကို လက်တွေ့လိုက်နာကျင့်သုံး သော ဒီလိုလူမျိုးတွေ ရှိပါသေးလား။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ အတွက် ဂုဏ်ယူလိုက်တာ၊ ပီတိဖြစ်လိုက်တာ၊ ဝမ်းသာလိုက်တာ။

''ဒကာကြီး၊ ဒကာကြီးလိုလူမျိုး ဒီနိုင်ငံမှာရှိပါသေးတယ်ဆိုတာ သိစေဖို့ တရားဟောတဲ့အခါထည့်ပြောဖို့ ဒကာကြီးနာမည် ပြောခဲ့စမ်းပါဦး''ဟု ခွင့်တောင်း လိုက်ရာ တပည့်တော်နာမည်က 'ဦးသန်းရွှေ'ပါဘုရားဟု လျှောက်ထားခဲ့ပါ သည်။ ရတော့ ရသင့်သည်။

သို့ပေမယ့် သူတစ်ပါးမျက်ရည်ဖြင့် ရင်းယူမှရ မည်ဆိုလျှင် သူတော်ကောင်းတို့သည် ဘယ်လောက်ပင်တန် ဖိုးကြီးပါစေ မယူ တော့ပေ။ ။

အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)
Previous
Next Post »
Powered by Blogger.