ကျွန်ပြုခြင်းကို တွန်းလှန်ရန်အချိန်

ရန်ကုန်လူထုကို လှုပ်နှိုးလိုက်သည့် ခေတ်သစ်လူသားချင်းကျွန်ပြုမှုတစ်ရပ် မကြာသေးမီက ဖြစ်ပွား ခဲ့ သည်။ အသက်(၁၄)နှစ်အရွယ် မြန်မာကလေးငယ် မသန်းသန်းစိုးတစ်ယောက် ရန်ကုန်မြို့ရှိ ဆရာဝန်ဇ နီးမောင်နှံအိမ်၌ အိမ်အကူအဖြစ် ၂ နှစ်နီးပါး အလုပ်လုပ်ပြီးချိန်တွင် ရရှိလိုက်သည်က မွေးရာပါနှုတ်ခမ်းကွဲ သူလို ပုံစံပျက်သွားသည့် နှုတ်ခမ်း၊ ရိုက်နှက်မှုကြောင့် ကျိုးသွားသည့်လက်၊ အမာရွတ်များ ထင်ထင်ရှားရှား
မြင်နေရသည့်ဘဝမျိုးပဲ ဖြစ်သည်။

မသန်းသန်းစိုး၏ အဖြစ်ဆိုးက ရန်ကုန်မြို့ရှိ အဆောက်အအုံများ၊ လူနေအိမ်များထဲတွင် ရုန်းကန်ရှင်သန်
နေကြသော အိမ်အကူကလေးငယ်များ၏ လူမသိသူမသိ ဘဝမြောက်မြားစွာထဲမှ လူသိသွားသော ဖြစ်ရပ် တစ်ခုသာ ဖြစ်သည်။ ကျွန်ပြုမှုဆန့်ကျင်လှုံ့ဆော်သည့် လူ့အခွင့်အရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သော Walk Free Foundation ၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ မြန်မာနိုင် ငံတွင် ခေတ်သစ်ကျွန်ပြုခံရသူပေါင်း ၂၃၀,၀၀၀ ကျော်ရှိနေသည်။ ယင်းလူဦးရေပမာဏမှာ ကယားပြည် နယ်တစ်ပြည်နယ်လုံးစာ လူဦးရေနီးပါးရှိ၏။

‘‘ ခေတ်သစ်လူသားချင်းကျွန်ပြုမှုဟာဆိုရင်လည်း အမျိုးသမီးတွေကို အကြမ်းဖက်မှုပုံစံလို့ ပြောလို့ရပါ တယ်။ အိမ်တွေမှာ တကယ့်ကို ကျွန်သာသာ၊ တိရစ္ဆာန်သာသာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးလေးတွေ အများကြီးရှိတာပဲ။ အဲဒါတွေကို သေသေချာချာ စနစ်တကျ စစ်တမ်းကောက်နိုင်မှုရှိမှ မရှိသေးတာ။ ဒါဟာ လည်း သုတေသနပြုသင့်တဲ့ ဧရိယာအကြီးကြီးတစ်ခုပါပဲ’’ဟု ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN) ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ ကျွန်ပြုမှုညွှန်းကိန်း (GSI)ကို ရေးသားသူများ၏ အနက်ဖွင့်ဆိုချက်အရ ခေတ်သစ်ကျွန်ပြု မှုဆိုသည်မှာ တစ်စုံတစ်ယောက်ကို အသုံးချလိုသည့် ရည်ရွယ်ချက်ဖြင့် ထိုသူ၏ ကိုယ်ပိုင်လွတ်လပ်ကို ခံစားခွင့်မပေးဘဲ ပိတ်ပင်ထားမှုကဲ့သို့ နည်းလမ်းများဖြင့် လူတစ်ယောက်က အခြားတစ်ယောက် ပိုင်စိုးပိုင် နင်းပြုမှု (သို့မဟုတ်) ထိန်းချုပ်ခြယ်လှယ်မှုတို့ ပါဝင်ပါသည်။

လူကုန်ကူးမှု၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု၊ အတင်းအကျပ်ထိမ်းမြားခြင်းခံရမှု၊ ကလေးသူငယ်များ အား အဓမ္မအလုပ်ခိုင်းစေမှု၊ ကြွေးမြီဖြင့်ခုနှိမ်၍ လူကိုသိမ်းဆည်းမှု၊ လိင်ကျွန်အဖြစ်အသုံးချမှု အပါအဝင်
ကျေးကျွန်ပြုခြင်းပုံစံအမျိုးမျိုးတို့သည် ၂၁ ရာစု ကမ္ဘာ့လူ့အဖွဲ့အစည်းအတွင်း၌ လျော့မသွားဘဲ ပို၍သာ တိုးနေကြောင်း စစ်တမ်းများက ဖော်ပြလာနေပြီ။ ခေတ်သစ်ကျွန်ပြုမှုသည် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့်ရှိ
နေပြီး ယင်းအနက် အချို့ကို စားသောက်ကုန်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ အထည်ချုပ်စက်ရုံများ၊ စက်ရုံ၊ အလုပ်ရုံများ၌လည်း တွေ့နေရကြောင်း ကျွန်ပြုမှုဆန့်ကျင်
ရေးလှုပ်ရှားသူများကဆိုသည်။

မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်မောင်နှံအိမ်တွင် ၂၀၁၂ မှ ၂၀၁၄ သြဂုတ်အထိ တစ်နှစ်နှင့်ရှစ် လကြာတိုင် အလုပ်လုပ်ခဲ့သော ကာလအတွင်း မသန်းသန်းစိုးမှာ မိဘ၊ ဆွေမျိုးပတ်ဝန်းကျင်နှင့် အဆက်အ သွယ် လုပ်ခွင့်မရခဲ့သလို အလုပ်ရှင်၏ နှိပ်စက်ညှဉ်းပန်းမှုပါခံလိုက်ရ၏။ ယင်းအမှုအတွက် အလုပ်ရှင်လင်မ ယားကို အမှုသုံးမှုဖြင့် ထောက်ကြန့်ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ ဆယ်ကျော်သက်က
လေးငယ်၏ ခန္ဓာကိုယ်ပေါ်မှ ပုံပျက်ပန်းပျက်ဒဏ်ရာအနာတရများကတော့ ခေတ်မီနည်းပညာများဖြင့် ကု သပေးမည့်သူ မပေါ်လာမချင်း သေရာပါတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ခေတ်သစ်ကျေးကျွန်ပြုမှုကို ဥပဒေအရ တားမြစ်ရန် ကြိုးစားသည့်နိုင်ငံအဖြစ် ချီးမွမ်းခံ ရသည့် အထဲတွင် ပါဝင်နေသည်။ သို့သော် ဆင်းရဲနွမ်းပါးမှု၊ ပဋိပက္ခဖြစ်ပွားမှု၊ လာဘ်ပေးလာဘ်ယူခြစား မှုပြဿနာများ စသည်တို့နှင့် ဆက်နွှယ်ပြီး မြန်မာနိုင်ငံသည် ခေတ်သစ်ကျေးကျွန်ပြုမှုအဖြစ် အများဆုံး စာရင်းတွင် ပါဝင်နေပြန်သည်။

‘‘ကျွန်ပြုမှုဆိုတာ အတိတ်ခေတ်ဟောင်းက ကိစ္စတစ်ရပ်ပါဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ ဒါမှမဟုတ် စစ်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်ခံထားရတဲ့ နိုင်ငံတွေမှာပဲရှိတဲ့ ကိစ္စတစ်ရပ်လို့ ယူဆတာမျိုးပေါ့’’ဟု Walk Free Foundation ဥက္ကဋ္ဌ အင်ဒရူးဖော့ရက်စ်ကပြောသည်။

သြစတြေးလျအခြေစိုက် Walk Free မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲ၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဘီလ်ဂိတ်အပါအဝင် ပုဂ္ဂိုလ်အကျော်အမော်များက ကျောထောက်နောက်ခံပေးထားသည့် အဖွဲ့ဖြစ်သည်။

ယနေ့ခေတ်တွင် ကျေးကျွန်ပြုမှုကို တစ်ကမ္ဘာလုံးက တားမြစ်ထားပြီးဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝန်းလုံး တွင် ခေတ်သစ်ကျွန်ပြုခံရသူပေါင်း ၃၆ သန်းနီးပါးရှိနေကြောင်း ကမ္ဘာလုံးဆိုင်ရာကျွန်ပြုမှုညွှန်းကိန်း (GSI) ၂၀၁၄ က ထုတ်ပြန်လိုက်ရာ နိုင်ငံတကာက ထိတ်လန့်တကြား သတိပြုသွားကြ၏။ ယင်းပမာဏမှာ ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ်ကထက် ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သ မားအဖွဲ့အစည်း (ILO)၏ ၂၀၁၂ ခန့်မှန်းထားသော ပမာဏထက်လည်း နှစ်ဆပိုမြင့်နေပြန်သည်။ ကမ္ဘာ့ပေါ်တွင် ကျွန်ပြုနေမှုများအနက် အာရှအရှေ့ပိုင်းနှင့် တောင်ပိုင်းနိုင်ငံတို့၌ ရာခိုင်နှုန်းပိုများကြောင်း လည်း GSI (၂၀၁၄)က ဖော်ပြထား၏။

မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံမှ လက်ခံ ကျင့်သုံးနေသော ILO ပြဋ္ဌာန်းချက် ၁၉ ချက်ရှိသည်။ ယင်းအနက် ကလေးသူငယ်များ ညဘက်ခိုင်းစေ
ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်၊ အတင်းအကျပ်ခိုင်း
စေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်၊ လုပ်ခနှင့် အလုပ်ချိန်စာရင်းဇယားဆိုင်ရာ ပြဋ္ဌာန်းချက်၊ အလုပ်ကြောင့်ဖြစ်
သောရောဂါအတွက် အလုပ်သမားလျော်ကြေးပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် စသည်တို့ ပါဝင်ကြောင်း
တွေ့ရသည်။

မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်း ၃၆ ခု စုစည်းပြီး အမျိုးသမီးအဖွဲ့များကွန်ရက် (WON) တည်ထောင်ထား သည့်အနက် ဆယ်ဖွဲ့ခန့်က ခေတ်သစ်ကျွန်ပြုမှု ဆန့်ကျင်ခြင်းနှင့် ဆက်စပ်သည့် လှုပ်ရှားမှုများကို လုပ် ကိုင်နေသည်ဟုဆိုသည်။ ၎င်းတို့အနေဖြင့် လူကုန်ကူးမှုတားမြစ်ခြင်း၊ နေရပ်ပြန်လာသူများကို ကူညီခြင်း၊ ကျွန်ပြုခံရသူများ၊ လူကုန်ကူးခံရသူများကို နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ခိုလှုံစရာပေးခြင်းတို့ကို မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းတွင် စခန်းဖွင့်ပြုလုပ်မှုမျိုးလည်း ရှိနေသည်။

လုံခြုံသည့်အနေအထားမျိုး ရောက်သည်အထိ ခိုလှုံခွင့်ပေးထားခြင်းနှင့် တရားစွဲလိုသူများကို ကူညီပေးခြင်း တို့လည်း ဆောင်ရွက်နေကြောင်း သိရသည်။ သို့သော်လည်း ခေတ်သစ်ကျွန်ပြုမှုကို တွန်းလှန်နှိမ်နင်းရန် မှာမူ အခက်အခဲအများအပြား ရှိနေဆဲပင်။ ယင်းအခက်အခဲများအနက် အဓိကအကြောင်းရင်းမှာ ပညာမ တတ်မြောက်မှုနှင့် ဆင်းရဲနွမ်းပါးမှုပြဿနာတို့ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြ ကြ၏။

‘‘ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းတွေထဲက (၁) ပညာစုံမှ သင့်တော်တဲ့ အလုပ်ပေးဖို့ဆိုတာကို စဉ်းစားနိုင် တဲ့အနေအထားမရှိလို့၊ (၂) ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေး မတတ်နိုင်လို့ (၃) နိုင်ငံရဲ့တရားဥပဒေ စိုးမိုးမှု အားနည်းတာကြောင့် တစ်ခုခုဖြစ်လာရင် ရပ်တည်ပေးမှုအားနည်းလို့ အဲဒါမျိုးတွေကြောင့် ဒီလိုကျွန်
ပြုခံရတဲ့နှုန်းက တက်လာတာလို့ ယူဆရပါတယ်’’ဟု အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက် စီစဉ်ညွှန် ကြားသူ နော်စူဆန်နာလှလှစိုးက ပြောသည်။

ထို့အတူ ယင်းပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ ကျွန်ပြုခြင်း၊ လူကုန်ကူးခြင်းနှင့် ရောင်းစားခြင်း၊ အကြွေးခုနှိမ်ခြင်း၊ မြေကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ လက်နက်ကိုင်ပဋိပက္ခများတွင် အသုံးပြုရန် အဓမ္မစုဆောင်းခြင်း၊ လိင်မှုကိစ္စများတွင် အသုံးချခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုလုပ်ငန်းများတွင် အသုံးချခြင်းနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး၊လုံခြုံရေးနှင့် စာရိတ္တကို ထိခိုက်စေမည့်ကိစ္စများတွင် အသုံးချခြင်း စသည့်လုပ်ငန်းများကို တားဆီးကာကွယ်အရေးယူသွားရမည်ဟု ဆိုသည်။

လုပ်ငန်းခွင်များတွင် မတရားခိုင်းစေခြင်းခံရသည့် ကလေးသူငယ်များကို ယင်းလုပ်ငန်းခွင်များက ရှင်းလင်း ဖယ်ထုတ်ပြီး ကလေးသူငယ်များကို လူ့အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့လာရန် ဆောင်ရွက်ပေးခြင်း၊ အခြေခံပညာကို အခမဲ့သင်ကြားနိုင်စေရန် စီစဉ်ပေးခြင်း၊ သင့်တင့်လျောက်ပတ်သည့် ပတ်ဝန်းကျင်ကိုဖန် တီးပေးခြင်း စသည့် လူမှုရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါ
ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ဖူးသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)နှင့် မြန်မာအစိုးရကြားတွင် Supplementary Understanding(SU)တစ်ခုကို သဘောတူညီထားကြ၏။ ယင်းကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်မည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ကျွန်ပြုမှုအဆိုးဆုံး အနေအထားရှိသည့် နိုင်ငံမှာ မော်ရစ်တေးနီးယား (Mauritania)ဖြစ် သည်ဟု GSI စစ်တမ်းက ဆိုသည်။ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း ကျွန်ပြုခံရသူပေါင်း ၁၄ သန်း ပမာဏနှင့် တန်းစီဇယား၏ ထိပ်ပိုင်းနေရာကို ယူထားပြန်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံတွင် လည်း ကျွန်ပြုခံရသူပေါင်း ၃ ဒသမ ၂ သန်းကျော် ရှိနေကြောင်း တွေ့ရ၏။

တစ်ချိန်တည်းမှာပင် ကြွေးမြီဖိစီးမှု၏ နောက်ဆက်တွဲ ကျွန်ပြုခံရမှုများ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံနယ် စပ်ဒေသအချို့တွင် ဖြစ်ပေါ်လျက်ရှိသည်။ နန့်ဆန်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ကြွေးမြီ ထူမှု၊ စိုက်ခင်းပျက်စီးမှု၊ သီးနှံဈေးကောင်းမရမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု အစရှိသည့် ပြဿနာများကြောင့် ရပ်တည်ရန် ခက်ခဲသူများသည် တစ်ဖက်နိုင်ငံ တရုတ်ပြည်ဘက်သို့ သွားရောက်ကာ အလုပ်ကြမ်းများ လုပ်ကိုင်ကြသည်။

တရုတ်ဘက်သို့ နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ကူးသန်းကြရာတွင် တစ်ဖက်နိုင်ငံ၌ လက်မှတ်သိမ်း ဆည်းခံရခြင်း၊ ဖျက်ဆီးခံရခြင်းတို့ကြုံရပြီး အလုပ်ရှင်၏ မတန်တဆဈေးနှိမ်ခိုင်းစေခြင်း၊ ညှဉ်းပန်းသည့် အမူအရာမျိုးဖြင့် ဆက်ဆံခံရခြင်း၊ တစ်ဖက်နိုင်ငံရဲဖမ်းခံရပြီး ထောင်ကျခြင်း စသည်တို့ကို ခံစားနေရ
ကြောင်းတွေ့ရသည်။

အလုပ်ရှင်၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ရုပ်ပိုင်းရော စိတ်ပိုင်းပါ ထိခိုက်ခဲ့ရသည့် ဆယ်ကျော်သက် အိမ် အကူမသန်းသန်းစိုးကဲ့သို့ အိမ်တွင်းအကြမ်းဖက်ကျွန်ပြုခံရမှုမျိုး မြန်မာနိုင်ငံတွင်း၌သာ ရှိနေသည်မဟုတ် ပါ။ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားတို့လည်း အလားတူဖြစ်ရပ်မျိုး
တွေ့ကြုံလျက်ရှိသည်။ စင်ကာပူနိုင်ငံတွင် အိမ်အကူအလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားမမိုးမိုးကို အလုပ်ရှင်က ကြိမ်လုံး၊ အင်္ကျီချိတ်၊ ခေါက်ဆွဲစားတူတို့ဖြင့် ခြောက်ကြိမ်ခန့်ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲကာ ကြမ်းပြင်ပေါ်လှဲ၍ ဝမ်းဗိုက်ပေါ်တက်နင်းခြင်း၊ ဓာတ်ပုံရိုက်ရန် အဝတ်အစားချွတ်ခိုင်းခြင်း၊ ပါးစပ်အတွင်း ကတော့တပ်၍ သကြားများကို လောင်းထည့်မျိုချစေခြင်း၊ ပြန်အန်ထွက်လာသော အန်ဖတ်များကို ပြန် စားစေခြင်း စသည်တို့ပြုမူခဲ့ကြောင်း စင်ကာပူနိုင်ငံထုတ် The Strait Times သတင်းစာက ပြီးခဲ့သည့် ဇွန်လတွင် ဖော်ပြခဲ့သည်။

မမိုးမိုးသည် ၂၀၁၂ ခုနှစ်အတွင်းက ထိုအိမ်မှ ထွက်ပြေးခဲ့ပြီးနောက် ရဲကိုတိုင်ကြားခဲ့၏။ ယင်းနောက် ရဲက စုံစမ်းစစ်ဆေးခြင်း၊ မှုခင်းဌာနသို့ လွှဲပြောင်းပေးခြင်း၊ ရှေ့နေနှင့် တရားရင်ဆိုင်ခြင်း စသည့်လုပ်ငန်းစဉ် များဖြင့် တစ်နှစ်ခန့်ကြာပြီး ၂၀၁၄ ခုနှစ်မှ တရားရုံးသို့ အမှုရောက်ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် GSI အရ မြန်မာနိုင်ငံတွင် ခေတ်သစ်ကျွန်ပြုခံရသူပေါင်း သုံးသိန်းခွဲ မှ လေးသိန်းကြား ရှိခဲ့သည်။ ယင်းအတွက်ပင် ကမ္ဘာ့အဆိုးဆုံးကျွန်ပြုမှုများရှိရာ ဆယ်နိုင်ငံစာရင်းဝင်ခဲ့၏။ ယင်းအရေအတွက်နှင့် နှိုင်းယှဉ်ပါက ယခု ၂၀၁၄ ၌ တစ်သိန်းဝန်းကျင် ကျဆင်းသွားသည်ကိုတွေ့ရသည်။ သို့သော် လက်ရှိအရေအတွက်ပမာဏမှာ ကယားပြည်နယ် တစ်ပြည်နယ်လုံးစာနီးပါး (သို့မဟုတ်) ပုသိမ် မြို့တစ်မြို့လုံးစာနီးပါး များပြားနေဆဲပင် ရှိနေပါသေးသည်။

ကျွန်ပြုမှုကို တားဆီးရန် အစိုးရ၏မူဝါဒအချို့ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း ထိုင်းနိုင်ငံ၏ အလုပ်သမားဆက်ဆံရေး နိုင်ငံတော်စီမံကိန်းအဖွဲ့ (SERC) အကြံပေးလည်းဖြစ်၊ ထိုင်းနိုင်ငံအခြေစိုက်
ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) အထူးအကြံပေးလည်းဖြစ်သည့်
မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အင်န်ဒီဟောလ်က ယခုလိုသုံးသပ်လိုက်ပါသည်။

‘‘ရွှေ့ပြောင်းမှုဆိုင်ရာမူဝါဒက ရေတိုဖြစ်နေသလို သဟဇာတမဖြစ်၊ မဆီလျော်ဘူး။ လူဦးရေရဲ့ ၅ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်းကြားရှိတဲ့ ပြည်ပရောက်တွေအတွက် လုပ်ငန်းဆောင်တာတွေ ဒီထက် အများကြီးလုပ် စရာလိုနေသလို မြန်မာနိုင်ငံတွင်းက ပြည်တွင်းရွှေ့ပြောင်းမှုနဲ့ ကျွန်ပြုမှုအတွက်လည်း အများကြီးလုပ်စရာ လိုသေးတယ်’’ ၂၃၀,၀၀၀(မြန်မာနိုင်ငံတွင် ခေတ်သစ်ကျွန်ပြုခံနေရသည့် လူဦးရေ)

ငြိမ်းငြိမ်းပြည့် | 7day






Previous
Next Post »
Powered by Blogger.