လမ်းဘေးတက္ကသိုလ်ဝေါဟာရကို ဖော်ဆောင်သုံးစွဲသူသည် ကွယ်လွန်သူစာရေးဆရာကြီးဇေယျ (၁၉၀၀-၁၉၈၂)ဖြစ်သည်။ ဆရာဇေယျသည် လွန်ခဲ့သောအနှစ်ခြောက်ဆယ်က လမ်းဘေးစာအုပ်ပုံတွေကြားမှာ လှုပ်ရှားသွားလာနေခဲ့သည်။ ယင်းကို စာရေးဆရာပါရဂူက ရာပြည့်အကြိုဆရာကြီး ဇေယျအထိမ်းအမှတ်စာ (၃၇) တွင် ပုံဖော်ခြယ်ရေးထားသည်။
“၂၉ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်က စာအုပ်အဟောင်းရောင်းသမား ကာစင်ခေါ် မောင်စိန်သည် အင်္ဂလိပ်
ခေတ်က စာအုပ်အဟောင်းရောင်းသောကုလားကြီး၏အမွေကို ဆက်ခံထားသူဖြစ်သည်။ကာစင်၏စာအုပ် ဆိုင်သည် စာအုပ်အဟောင်းဆိုင်များထဲတွင် စာအုပ်အစုံဆုံးစာအုပ်ဆိုင်ဖြစ်သည်။ စာသမားစာရေးဆရာ များသည် သူ့ဆိုင်တွင်ဝိုင်းအုံနေတတ်သည်။
တစ်နေ့ ကာစင်၏စာအုပ်ဆိုင်တွင် စာအုပ်အဟောင်းများကိုမွှေနေခိုက် အခြားဖောက်သည်တစ်ဦးရောက် လာသည်။ လွယ်အိတ်ကြီးလွယ်ထားပြီး ဆေးပြင်းလိပ်ကြီးလက်ကြားညှပ်ထားသော ၀၀ဖိုင့်ဖိုင့်စာအုပ်
ဖောက်သည်ကြီးမှာ နိုင်ငံတော်အစိုးရပြန်ကြားရေးဋ္ဌာနညွှန်ကြားရေးဝန် ဦးယောဖြစ်သည်။ ဆရာဇေယျအ မည်ရင်းမှာ ဦးယောဖြစ်သည်။ ဆရာဇေယျသည် ကာစင်၏စာအုပ်ပုံကြီးကို မွှေနှောက်ရှာဖွေနေသည်။ လို ချင်သည့်စာအုပ်တွေ့သောအခါ ၀ယ်ယူလျက် လွယ်အိတ်ကြီးထဲသို့ထည့်ပြီး ပြန်လည်ထွက်ခွာသွားလေ သည်။”
စာရေးဆရာ ကဗျာဆရာမင်းယုဝေသည် ဆရာတိုက်စိုးနှင့်တွဲရေးသော မြန်မာစာမိတ်ဖွဲ့စာ (၁၀၄) တွင် လမ်းဘေးတက္ကသိုလ်ရောက် ဆရာဇေယျကို ယင်းသို့ရှုမြင်သုံးသပ်ထားသည်။
“စာအုပ်အဟောင်းဆိုင်ကလေးများသည် သစ်လွင်တောက်ပသည့်စာအုပ်များမရှိ။ အဟောင်းအနွမ်းတို့ သာရှိသည်။ သို့သော် တန်ဖိုးကားအလွန်ကြီးသည်။ တန်ဖိုးမဖြတ်နိုင်သောစာအုပ်များကို ထိုဆိုင်ကလေး များ၌ ရံဖန်ရံခါတွေ့ရတတ်သည်။ ဇေယျသည် ထိုဆိုင်ကလေးများ၏တန်ဖိုးကို ကောင်းစွာသိမြင်သူဖြစ် သည်။ ထိုဆိုင်ကလေးများ၌ ကျက်စားခဲ့သူဖြစ်သည်။ ဇေယျသည် အညတရစာအုပ်အဟောင်းဆိုင်ကလေး များကို လမ်းဘေးတက္ကသိုလ်ဟူ၍ ဂုဏ်ပြုခေါ်ဝေါ်ကာ သူတို့၏တန်ဖိုးကိုဖော်ကျူးခဲ့ပေသည်။”
လမ်းဘေးတက္ကသိုလ်ခေါင်းစဉ်တပ်လျက် မြန်မာ့မျက်ဖွင့် (စာဓလေ့) တွင် ဆရာဇေယျက စာအုပ်ဆိုင် ကလေးများ၏ကျေးဇူးကို ယင်းသို့ချီးကျူးထုတ်ဖော်ထားသည်။
“ကျွန်တော်တို့ကဲ့သို့ ကံမကောင်းအကြောင်းမလှသဖြင့် တက္ကသိုလ်သို့မရောက်ရသူတို့အဖို့ တက္ကသိုလ်တွင် မှရနိုင်သော စာပေဗဟုသုတအမြင်ကျယ်မှုများကို ကိုယ်တတ်နိုင်လောက်သောငွေကလေးဖြင့် ထိုစာအုပ် အဟောင်းဆိုင်ကလေးများမှ ရရှိခဲ့ကြပေသည်။ စင်စစ်အားဖြင့် စာအုပ်အဟောင်းဆိုင်ကလေးများသည် ဆင်းရဲသားများ၏တက္ကသိုလ်ဖြစ်၏။ သူတို့၏ကျေးဇူးကားကြီးပေစွ။ သူတို့သာမရှိခဲ့ပါမူ ကျွန်တော်တို့မှာ ဗဟုသုတကျယ်ဝန်းစွာ ရှာမှီးခွင့်ရကြမည်မဟုတ်။ ရှေ့သို့တိုးလေတိုးလေ စာအုပ်အဟောင်းဆိုင်ကလေး များ၏ကျေးဇူး မည်မျှကြီးမားကြောင်းကို သိလေဖြစ်ပေသည်။”
စာအုပ်အဟောင်းရှာရာတွင် ဆရာဇေယျသည် ပြည်တွင်းမှာသာမဟုတ် ပြည်ပရောက်တော့လည်း လွန် စွာဝိရိယကြီးသူပင်။ ယင်းကိုဆရာတိုက်စိုးက ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလထုတ်စာပေဂျာနယ်တွင် ဤ သို့ဖော်ပြထားသည်။ “၁၉၅၃ ခုနှစ်တွင် ဗိလပ်သို့ ရုံးအုပ်ချုပ်ရေးလေ့လာရန်သွားရင်း အောက်စဖို့မြို့က ဘလက်ဝဲစာအုပ်ဆိုင်တွင် သူတောင့်တောင့်တတရှိခဲ့သည့် အင်္ဂလိပ်ဘာသာထုတ် (၃၇) မင်းစာအုပ်ကို မရရအောင်ဝယ်ခဲ့သေးသည်။”
၁၉၅၈-၅၉ မှာ ဆရာဇေယျသည် မတ်တတ်သင်ပုန်းနက်ပေါ်တွင် မြေဖြူနှင့်ရေးခြစ်သင်ကြားပေးသော မိမိ တို့၏ဆရာတစ်ဦးဖြစ်လာသည်။ သတင်းစာအတတ်သင်ကျောင်းတွင် ဆရာသည်သမိုင်းကထိက၊ မိမိတို့က ဆရာဇေယျ၏တပည့်တွေ။ မိမိနှင့်အဖော်သုံးဦးကျောင်းဆင်းတိုင်း မကြာခဏလိုလို စာအုပ်ဟောင်း ရှာလေ့ ရှိသည်။ ယင်းသုံးဦးကား အင်းစိန်ဦးဝင်နိုင် (ယခင်ခေတ်သစ္စာ သတင်းစာအယ်ဒီတာချုပ်နှင့် စာပေလုပ်သား မဂ္ဂဇင်းစာတည်းချုပ်)။ တက္ကသိုလ်နှင်းဝေ (ယခင်-စစ်တွေတက္ကသိုလ်မြန်မာစာဋ္ဌာနကထိက)၊ ဦးဝင်းဌေး (ယခင်-မြန်မာ့အလင်းသတင်းထောက်ချုပ်) တို့ပင်။ သုံးဦးစလုံးကွယ်လွန်ခဲ့ပြီ။
ကျွန်တော်တို့ကဲ့သို့ ကံမကောင်းအကြောင်းမလှသဖြင့် တက္ကသိုလ်သို့မရောက်ရသူတို့အဖို့ တက္ကသိုလ်တွင် မှရနိုင်သော စာပေဗဟုသုတအမြင်ကျယ်မှုများကို ကိုယ်တတ်နိုင်လောက်သောငွေကလေးဖြင့် ထိုစာအုပ် အဟောင်းဆိုင်ကလေးများမှ ရရှိခဲ့ကြပေသည်။ စင်စစ်အားဖြင့် စာအုပ်အဟောင်းဆိုင်ကလေးများသည် ဆင်းရဲသားများ၏တက္ကသိုလ်ဖြစ်၏။ သူတို့၏ကျေးဇူးကားကြီးပေစွ။ သူတို့သာမရှိခဲ့ပါမူ ကျွန်တော်တို့မှာ ဗဟုသုတ . . .
စာအုပ်အဟောင်းရှာနေသော ဆရာဇေယျနှင့် မိမိတို့အမြဲဆုံသည်။ ဟာဝေယံရှပ်လက်တိုနှင့် ပလေကပ်လုံ ချည်အကွက်ကြီးကြီးဝတ်၍ မီးသေနေသောဆေးပြင်းလိပ်တိုကလေးခဲလျက် ဆရာနှင့်ဆုံတွေ့ရတတ်သည်။
ဆုံရပ်သည် ထုံးစံအတိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်၊ မောင်ထော်လေးလမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း) လမ်း ၃၀၊ ၂၉ လမ်း၊ ၂၈လမ်းထိပ်တို့မှာ “စာအုပ်ကောင်းတွေတွေ့ရင်လည်း အသိပေးဦးနော” ဟု ဆရာဇေ ယျက ချိုချိုပြုံးပြုံးကလေးနှင့် နှုတ်ဆက်စကားဆိုတတ်သည်။ ယင်းနောက် မိမိတို့သည် ဆရာ့ကိုခေါ်၍ ဘဂ္ဂဒက် သို့မဟုတ် ရွိုင်ရယ်ဟိုတယ်တွင် လက်ဖက်ရည် ပူရီတို့ဖြင့် စကားဝိုင်းဖွဲ့ကြသည်။
ဆရာဇေယျသည် စကားပြောတိုင်း (ဆရာတိုက်စိုးပြောသလို) ဗဟုသုတအခြေခံကိုပေး၏။ အတွေးတို့ဖြင့် တိုးဖြည့်ပွားစီးလျက် စေတနာမေတ္တာစကားတို့ဖြင့် ပွေ့ဖက်ထွေးပိုက်၏။ လမ်းဘေးတက္ကသိုလ်က ဆရာရ လာသည့် သိမှု၊ ဆင်ခြင်မှု၊ စာပေမှု သုတပညာအဖြာဖြာတို့ကို တွေ့တိုင်းနာကြားခွင့်ရ၍ မိမိတို့အဖို့ ဆရာနှင့်တွေ့တိုင်း စိမ်းစိုကြည်နူးရ၏။
၁၉၇၀ ပြည့်နှစ်တွင် ရွှေဘုံသာလမ်းထိပ် လမ်းဘေးတက္ကသိုလ်ရှိ မောင်သိန်းစာအုပ်ဆိုင်က Man မဂ္ဂဇင်း အသေးတစ်အုပ်ကို တစ်ကျပ်နှင့်ရ၏။ A Soldier’s Story အမည်နှင့် တစ်မျက်နှာဝတ္ထုတိုတစ်ပုဒ်ပါ၏။ H.E.Bate ရေးသည်ဟုထင်သည်။ ယင်းဝတ္ထုတိုကို တပ်မှူးကြီး P တပ်မှူးကြီးက တော် S တပ်သားကျော် A။ (A ဖခင်) စစ်ပစ္စည်းသူခိုး M တို့ဖြင့်ဖွဲ့စည်းထားသည်။
ယင်းကိုမိမိက တပ်သားကျော် A နေရာမှာ ယာလုပ်သားအဘိုးနှင့်နေရသူ (တော်လှန်ရေးသမားဗိုလ်နန္ဒ၏ သမီး မိဘမဲ့မြခင် (ခင်သီတာထွန်း)၊ တပ်မှူးကြီးနေရာတွင် (တော်လှန်ရေးကာလက ဗိုလ်နန္ဒအသက်ပေး၍ ကယ်တင်မှုရခဲ့သည့် တော်လှန်ရေးသမားဟောင်း ဘုန်းအောင် (ယခုယာလုပ်ငန်းရှင်ဖြစ်နေသည့်) ညွန့်ဝင်း၊ စစ်ပစ္စည်းသူခိုးနေရာတွင် တော်လှန်ရေးသမားဗိုလ်နန္ဒ။ တပ်မှူးကြီးကတော်နေရာတွင် ဘုန်းအောင်နှင့် စေ့ စပ်ထားသူမိမိခင် (အကယ်ဒမီအေးအေးသင်း)တို့နှင့် ၀တ္ထုဇာတ်ညွှန်းကိုဖွဲ့စည်း၏။ ဆူးမွေ့ရာဟုအမည်ပေး လျက် တော်ဝင်ထွန်း ရုပ်ရှင်ကနောင် အကယ်ဒမီဆုရသူ ဒါရိုက်တာထွန်းမြင့်ထွန်းကိုပေး၏။ ၁၉၇၂ ခုနှစ် တွင် ဆူးမွေ့ရာရုပ်ရှင်ထွက်ပေါ်လာ၏။ ခင်သီတာထွန်း၏ ပထမဆုံးရုပ်ရှင်။
ဤလမ်းဘေးတက္ကသိုလ်ကရသော တစ်ကျပ်တန်စာအုပ်ကလေးတစ်အုပ်ကြောင့် (ထိုကာလ) ရွှေတစ်ဆယ် သားနှင့်ညီမျှသော အနုပညာကြေးကို မိမိရရှိ၏။ ထူးခြားသည်ကား မြန်မာ့ရုပ်ရှင်လောကတွင် အကယ်ဒမီ သုံးဆုရှင်ဖြစ်လာသော အမျိုးသမီးသရုပ်ဆောင်ခင်သီတာထွန်းကို မွေးဖွားသန့်စင်ပေးနိုင်ခဲ့ခြင်းပင်။ လမ်း
ဘေးတက္ကသိုလ်၏ကျေးဇူးကား ကြီးမားလွန်းလှပါဘိ။
တက္ကသိုလ်များစာကြည့်တိုက်ကို ဆရာဇော်ဂျီတာဝန်ယူစဉ်က တက္ကသိုလ်ဘာသာပြန်ဌာနမှာ ဆရာမင်းသု ၀ဏ်က အကြီးအမှူး။ ဆရာဇော်ဂျီ ဆရာမင်းသုဝဏ်တို့သည် ဆရာဇေယျလို လမ်းဘေးတက္ကသိုလ်သို့မ သွားနိုင်ကြပါ။ သို့သော် လမ်းဘေးတက္ကသိုလ်က ရှားပါးစာအုပ်တို့ကိုကား ဆရာနှစ်ဦးစလုံး ရရှိနေကြပေ သည်။ ဆရာနှစ်ဦး၏အလိုကို စွမ်းဆောင်ဖြည့်တင်းပေးသူသည် ကိုဦးဖြစ်သည်။
မဟာမေဒင်ဘာသာဝင် ကိုဦးသည် မြန်မာစာပေရှားပါးစာအုပ်တို့ကိုရှာဖွေရာတွင် ကျွမ်းဝင်နှံ့စပ်သူပင်။ လမ်းဘေးတက္ကသိုလ်က ရှာဖွေတွေ့ရှိလာသည့်စာအုပ်တို့သည် မြန်မာစာပေဘဏ်တိုက်ကြီးဖြစ်လာသည်။
တက္ကသိုလ်များစာကြည့်တိုက်နှင့် တက္ကသိုလ်များဘာသာပြန်ဌာနတို့သို့ ကိုဦး၏လုံ့လ၀ီရိယကြောင့် ရောက် ရှိခဲ့ရသည်။
ယင်းရှားပါးစာအုပ်တို့ကိုကိုးကား၍ စာရေးဆရာနတ်နွယ်နှင့် မင်းကျော်တို့သည် မြန်မာဝတ္ထုအညွှန်းကျမ်းကို မလိခအမည်နှင် ပြုစုနိုင်ခဲ့သည်။ ယင်းသည်လည်း လမ်းဘေးတက္ကသိုလ်၏ ကျေးဇူးပြုမှုကြောင့်ပင်။
ယခုအခါဗိုလ်အောင်ကျော်လမ်းနှင့် လမ်းမတော်ကြား၊ ရန်ကုန်မြို့လယ်တွင်သာမက မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မ/ဥက္ကလာ၊ တ/ဥက္ကလာ၊ ရန်ကင်း၊ သာကေတတို့တွင်လည်း လမ်း
ဘေးတက္ကသိုလ်ကလေးများသည် နွံထဲကကြာပွင့်များပမာ အစီအရီပွင့်ဖူးပေါ်ထွန်းလာ၏။ ယင်းဖြစ်ထွန်း
ပေါ်ပေါက်လာမှုတို့သည် စာပေမွေ့သူ၊ စာချစ်သူ၊ သုတေသီ၊ လေ့လာရှင်တို့အတွက်ကား သာဓုခေါ်စရာ ၀မ်းသာကြည်နူးချမ်းမြေ့စရာတို့ပင်။
မြေနီသစ္စာ | EMG
Sign up here with your email
ConversionConversion EmoticonEmoticon