ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်က ပြင်သစ်ပြည် တောင်ပိုင်းတွင် လျှို့ဝှက် လက်ထပ်ခဲ့ကြသည့် အင်ဂျလီနာ ဂျိုလီနှင့် ဘရက်ပစ်တို့၏ မင်္ဂလာပွဲ ဓါတ်ပုံများမှာ ပထမဆုံး အကြိမ်အဖြစ် ပရိသတ်များ၏ မြင်ကွင်းရှေ့မှောက်သို့ ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။
အဖြူရောင် ပိုးသား မင်္ဂလာ ၀တ်စုံကို ၀တ်ဆင်ထားပြီး လှေကားပေါ်မှ ဆင်းလာသည့် အင်ဂျလီနာ ဂျိုလီ၏ ဓာတ်ပုံကို People မဂ္ဂဇင်းက မျက်နှာဖုံးတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ယင်းမျက်နှာဖုံး မှာပင် ယင်းတို့မိသားစု လှေကားပေါ်တွင် ထိုင်နေသည့် ဓာတ်ပုံကိုပါ ထည့်သွင်း ဖော်ပြခဲ့သည်။ ထို့အပြင် Hello မဂ္ဂဇင်း ကလည်း မင်္ဂလာ ၀တ်စုံနှင့် ကျောပေးကာ ရပ်နေသည့် ဂျိုလီ၏ ဓာတ်ပုံကို အသုံးပြုခဲ့သည်။ ဂျိုလီ၏ မင်္ဂလာ ၀တ်စုံကို နာမည်ကြီး ဖက်ရှင်လုပ်ငန်း တစ်ခုဖြစ်သည့် Versace မှ အပ်ချုပ်ဆရာ ဒီဇိုင်နာ တစ်ဦးဖြစ်သည့် လျုဂီမက် ဆီက ဖန်တီး ချုပ်လုပ် ပေးခဲ့ခြင်း ဖြစ်သည်။
မက်ဆီ၏ ဖန်တီးမှုမှာ ရိုးရှင်းလှသော်လည်း ထူးခြားသည့် မှုန်းခြယ်မှုများကို ယင်းမင်္ဂလာ ၀တ်စုံတွင် ထည့်သွင်း ထားခဲ့သည်။ ယင်းမှာ ဂျိုလီ၏ ကလေး ခြောက်ဦး ရေးဆွဲထားသည့် ရုပ်ပုံများဖြင့် ၀တ်စုံ၏ နောက်ကျောဘက်နှင့် ခြုံပုဝါတွင် အလှဆင်ထားခြင်း ဖြစ်သည်။
ဒီဇိုင်နာ လျူဂီမက်ဆီ၏ ဖန်တီးမှုကို ဂျိုလီက အထူးသဘောကျ နေပြီး ချီးကျူးမှု ပြုလုပ်ခဲ့သည်။ “လျူဂီက ကျွန်မနဲ့ မိသားစုလို ပါပဲ။ ကျွန်မရဲ့ မင်္ဂလာ ၀တ်စုံကို သူကလွဲလို့ ဘယ်သူ့ကိုမှ ချုပ်မပေး စေချင်ပါဘူး။ ကလေးတွေကို ကျွန်မတို့ ဘယ်လောက် ဂရုစိုက်တယ် ဆိုတာကို သူကောင်းကောင်း သိပါတယ်။ သူ့ရဲ့ ဖန်တီးမှုက ကျွန်မတို့ အားလုံးအတွက် တစ်ကယ့်ကို ပျော်ရွှင်စေပါတယ်”ဟု အသက် ၃၉ နှစ် အရွယ်ရှိ မင်းသမီးက ပြောကြား ခဲ့သည်။
mizzima
mizzima
Sign up here with your email
ConversionConversion EmoticonEmoticon