ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က အနောက်တိုင်းသို့ စတင်တံခါးဖွင့်လာသည့် မြန်မာနိုင်ငံသည် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာ အကောင်းဆုံး ဈေးကွက်သစ်တခု ဖြစ်လာလိမ့်မည်ဟု တွေးခဲ့သူ အမြောက်အမြား ရှိပါသည်။
သို့သော် ရင်းနှီးမြှုပ်နှံသူ အများအပြား ယခုအခါ စိတ်ပျက်လာပြီဖြစ်သည်။ အခွင့်အလမ်းများက အကောင်အထည် ပေါ်မလာသည့်အခါ ပြန်ထွက်သွားခဲ့သူများလည်း ရှိသည်။
“ကျနော်တို့ရဲ့ ဂုဏ်သတင်းနဲ့ရင်းပြီး စွန့်စားဖို့ မတန်ခဲ့ပါဘူး” ဟု အမေရိကန်နိုင်ငံ ဟျူစတန်အခြေစိုက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ၀န်ဆောင်မှု ကုမ္ပဏီတခုဖြစ်သည့် Holloman Corp မှ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ တာဝန်ရှိသူတဦး ဖြစ်သော Ryan Manicom က ပြောသည်။ မြန်မာအစိုးရက သဘာဝဓာတ်ငွေ့ကဏ္ဍကို နိုင်ငံခြား လုပ်ငန်းရှင်များအတွက် ပိုမို ဖွင့်ပေးရေးမှာ မျှော်လင့်ထားသည်ထက် ပိုမိုကြာမြင့်နေခဲ့သောကြောင့် မြန်မာနိုင်ငံရှိ ၎င်းတို့ ကုမ္ပဏီ ရုံးခန်းကို ယခုနှစ် အတွင်း ပိတ်ပစ်လိုက်ရသည်။ ပြည်တွင်းမှ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများနှင့် ပတ်သက်၍လည်း Holloman Corp က စိုးရိမ်ခဲ့သည်ဟု သူကဆိုသည်။
စီးပွားရေး အခြေအနေအတွက် စိုးရိမ်မှုများမှာ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အခြေအနေကြောင့်လည်း ပိုမို ကျယ်ပြန့် လာရသည်။
နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတလိမ့်မည်ဟု အာဏာပိုင်များက ပြောကြားခဲ့သော်လည်း ယခုလအတွင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး သမ္မတရာထူးကိုလည်း မျှော်လင့်နေသူဖြစ်သည့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို စစ်တပ်က အဓိက ကျောထောက်နောက်ခံပေးထားသော ကြံ့ခိုင်ရေးပါတီ ဥက္ကဌနေရာမှ ဖယ်ရှားလိုက်ခြင်းကြောင့် သံသယများ ပိုမို နက်ရှိုင်းလာခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ရေပန်းအစားဆုံး နိုင်ငံရေးသမားတဦး အဖြစ် အများက သတ်မှတ်ထားခြင်း ခံရသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေအရ သမ္မတရာထူးတာဝန် ထမ်းဆောင်နိုင်ခြင်း မရှိအောင် တားမြစ်ခံထားရသည်။
ရင်းနှီးမြှုပ်နှံသူများက ပိုမို ရှင်းလင်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် နိုဝင်ဘာလ ရွေးကောက်ပွဲ နောက်ပိုင်း အခြေအနေများကို စောင့်ကြည့်နေကြသည့်အတွက် ရန်ကုန်မှ ဟိုတယ်သစ်များ၊ ရုံးခန်းများနှင့် ကွန်ဒိုတိုက်ခန်း ဆောက်လုပ်ရေးလုပ်ငန်း အမြောက်အမြားလည်း ရပ်တန့်နေကြသည်။
အာဏာပိုင်များကမူ ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ပိုမို တိုးတက်ကောင်းမွန်စေမည့် ဈေးကွက် ပြင်ဆင် မွမ်းမံမှုများ မည်ကဲ့သို့ အကောင်အထည်ဖော်ရမည်ကို လေ့လာနေကြောင်း ပြောသည်။
“ခုအချိန်က စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရအဖြစ်ကို အသွင်ကူးပြောင်းနေတဲ့ ကာလဖြစ်ပါတယ်။ ဗဟိုက ချုပ်ကိုင်တဲ့ စီးပွားရေး စနစ်ကနေ ဈေးကွက်စီးပွားရေး စနစ်ကို အသွင်ကူးပြောင်းနေတဲ့ ကာလလည်း ဖြစ်ပါတယ်” ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်းက ပြောသည်။
သို့သော် စစ်အစိုးရ အာဏာစွန့်လွှတ်ခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ လုပ်ပုံလုပ်နည်းများနှင့် ပတ်သက်၍ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များကြားတွင် စိတ်ပျက်လာနေကြောင်း ထင်ထင်ရှားရှား တွေ့ နေရသည်။
၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံက ၁၉၉၀ နှစ်များက ချမှတ်ထားခဲ့သည့် အရေးယူပိတ်ဆို့မှုများကို စတင် ပယ်ဖျက်ပေးခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံကြရန်နှင့် တာဝန်သိသိ လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။ အလုပ်အကိုင်နေရာများ အခွင့်အရေးများ ဖန်တီးပေးရန် အတူ အလုပ်လုပ်ကြရန်နှင့် ပြုပြင်ပြောင်းလဲရေးကို ကူညီရန်လည်း ပြောခဲ့သည်။
ထိုအချိန်မှစ၍ စီးပွားရေး လျှင်လျှင်မြန်မြန် (ယခင်ကနှင့် နှိုင်းစာလျှင်) တိုးတက်လာခဲ့သည်။ ပြည်သူများလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အပါအ၀င် အခွင့်အရေးများ ပိုမိုရရှိလာခဲ့သည်။ တင်းကျပ်သည့် စိစစ်ရေး ဥပဒေများကို ပယ်ဖျက် ပေးခဲ့သည့် အတွက် မီဒီယာတိုးတက်မှုလည်း ပိုမိုအားကောင်းလာခဲ့သည်။
သို့သော်လည်း အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူများ လိုချင်နေသည့် ငွေကြေးဝန်ဆောင်မှုနှင့် အိမ်ခြံမြေ အပါအ၀င် လုပ်ငန်းကဏ္ဍ အချို့တွင် အစိုးရက အပြည့်အ၀ ဖွင့်လှစ်ပေးခြင်း မရှိဘဲ အချိန်ဆွဲနေခဲ့သည်။ အစိုးရတာဝန်ရှိသူများက နိုင်ငံခြား ကုမ္ပဏီများကို ကြိုဆိုခြင်းနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ကာကွယ်ခြင်းကြားတွင် ဟန်ချက်ညီမျှအောင် လုပ်ရမည်ဟု ဆိုကြသည်။
နောက်ထပ် စိန်ခေါ်မှုများထဲတွင် ရန်ကုန် အိမ်ခြံမြေ ငှားရမ်းခ ဈေးနှုန်းများက ကမ္ဘာ့ အချမ်းသာဆုံးမြို့ကြီးများထဲမှ တခု ဖြစ်သည့် စင်ကာပူထက် များနေသည်။ အဆင့်အတန်းမီသည့် နေရာထိုင်ခင်း ရှားပါးမှုကြောင့် ဖြစ်သည်။ အွန်လိုင်းမှ ငွေလွှဲပြောင်းခြင်းကဲ့သို့သော ငွေကြေးဝန်ဆောင်မှု မရှိသည့်အတွက် ကုမ္ပဏီများသည် ငွေကြေးကို ကားများဖြင့် ဖြစ်စေ လေကြောင်းမှ ဖြစ်စေ သယ်ယူနေကြရသည်။
တချိန်တည်းတွင်ပင် အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာတွင် အခက်အခဲဖြစ်စေနိုင်သည့် နည်းလမ်းများကို မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းအားပေးနေသည့် အမေရိကန် အစိုးရက ဆက်လက်ဖော်ဆောင်နေခဲ့သည်။
အကယ်၍ အမေရိကန် ကုမ္ပဏီများက အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဆိုပါက အများပြည်သူသိအောင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း သမ္မတအိုဘားမား၏ အစိုးရက သတ်မှတ်ခဲ့သည်။ မြန်မာအစိုးရက ၎င်းတို့ ကတိပြုထားပြီးဖြစ်သည့် ပြုပြင်ပြောင်းလဲရေးမှ နောက်ကြောင်းပြန်လှည့်ခဲ့ပါက အသုံးချနိုင်ရန် အရေးယူပိတ်ဆို့မှု အချို့ကိုလည်း ဆက်လက်ထားရှိခဲ့သည်။
အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက အမေရိကန်နိုင်ငံသားများနှင့် စီးပွားရေး အတူလုပ်ကိုင်ခြင်းမှ တားမြစ်ထားသည့် နာမည်ပျက်စာရင်းကိုလည်း ဆက်လက်ထားရှိသည်။ ထိုစာရင်းတွင် ယခင် စစ်အစိုးရနှင့် ဆက်နွယ်မှုရှိသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀၀ ခန့်ပါဝင်ပြီး အမေရိကန် ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်သည် နာမည်ပျက်စာရင်းတွင် ပါဝင်သူမဟုတ်ကြောင်း သေချာအောင် ပြုလုပ်ရန် လိုအပ်ပါသည်။
ရန်ကုန်မြို့တွင် သူ၏ Herzfeld & Rubin ကုမ္ပဏီ ရုံးခွဲဖွင့်လှစ်ခဲ့သော အမေရိကန် ရှေ့နေ Eric Rose က မြန်မာနိုင်ငံ စီးပွားရေး၏ တ၀က်ခန့်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ၂၀ ရာခိုင်နှုန်းကို နာမည်ပျက်စာရင်းဝင် ခရိုနီများက လွှမ်းမိုးထားသည့်အတွက် တိုင်းပြည်စီးပွားရေး၏ ၇၀ ရာခိုင်နှုန်းကို အကန့်အသတ်မရှိ ထိထိရောက်ရောက် ချုပ်ကိုင်ထားကြကြောင်း ပြောသည်။
အမေရိကန် အစိုးရ၏ ရောထွေးနေသော ဝိရောဓိများကို သတိထားသည့် အနေဖြင့် အမေရိကန် ဘဏ်များက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ငွေလွှဲပြောင်းမှုများကို ပိတ်ဆို့ထားခဲ့သည်။ Citibank Inc နှင့် အခြားအဖွဲ့ အစည်းများက မြန်မာနိုင်ငံသို့ စူးစမ်းလေ့လာရေး ခရီးစဉ်များ သွားရောက်ခဲ့ကြသော်လည်း နောက်ထပ် မလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ၆ ခုက လုပ်ငန်းခွဲများ ဖွင့်လှစ်ထားပြီး ကိုယ်စားလှယ်ရုံးဖွင့်ထားသည့် ဘဏ်များရှိသော်လည်း အမေရိကန်ဘဏ် တခုမျှ မပါဝင်ပါ။
အမေရိကန် ဘဏ်လုပ်ငန်းကြီးတခုဖြစ်သည့် Citigroup မှ ပြောရေးဆိုခွင့်ရှိသူတဦးက အမေရိကန် ဥပဒေများနှင့် အပြည့်အ၀ ကိုက်ညီမှုရှိကြောင်း သေချာပြီးမှ ၎င်းတို့၏ ဖောက်သည်များကို မြန်မာနိုင်ငံအတွင်းတွင် ငွေပေးချေမှုပြုလုပ်ရန် အကူအညီပေးကြောင်းနှင့် အခြေအနေကို ဆက်လက်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ပြောသည်။
ဥရောပသမဂ္ဂကမူ ၎င်းတို့၏ အရေးယူ ပိတ်ဆို့မှုများကို ၂၀၁၃ ခုနှစ်တွင် ရုပ်သိမ်းပေးခဲ့သည်။
Carlsberg နှင့် Heineken တို့က မြန်မာနိုင်ငံမှ ဘီယာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး Nestlé SA နှင့် Unilever PLC တို့က စက်ရုံများ တည်ထောင်ခဲ့ကြသည်။ Adidas AG နှင့် Hennes & Mauritz AB တို့က မြန်မာနိုင်ငံတွင် ၎င်းတို့၏ အ၀တ်အထည်များ ထုတ်လုပ်နေကြသည်။ ဗြိတိန်မှ BG Group က သြစတြေးလျ ကုမ္ပဏီ တခုနှင့် ပူးပေါင်း၍ ရေနံရှာဖွေရေးတွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ Colgate-Palmolive Co. နှင့် Coca-Cola Co. တို့ အပါအ၀င် အမေရိကန် ကုမ္ပဏီကြီး အနည်းငယ်ကလည်း လာမည့်နှစ်များအတွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည်။ Gap Inc က မြန်မာနိုင်ငံတွင် အ၀တ်အထည်များ စတင် ထုတ်လုပ်နေပြီး KFC ကလည်း ဇွန်လအတွင်းတွင် အရောင်းဆိုင် စတင်ဖွင့်လှစ်ခဲ့သည်။
အမေရိကန်မှ အဆိုပါ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံကဲ့သို့ ဈေးကွက်များတွင် လုပ်ငန်းလုပ်ကိုင်ရာ၌ ၎င်းတို့ကို ဥပဒေများနှင့် အညီ ထိန်းကျောင်းပေးနိုင်မည့် အဖွဲ့အစည်းများရှိနေသည့် လုပ်ငန်းများဖြစ်သည်။ စောစီးစွာ ၀င်ရောက်လာသူများအနေဖြင့်လည်း အချို့မှာ အမေရိကန်၏ နာမည်ပျက်စာရင်းတွင် ပါဝင်ခြင်းမရှိသည့် ပြည်တွင်း စီးပွားဖက်များနှင့် လက်တွဲနိုင်ခဲ့ကြသည်။
သို့သော်လည်း Coca-Cola ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သော Rehan Khan က ၎င်းတို့ကုမ္ပဏီသည် ထောက်ပံ့ ရေးကွင်းဆက် (Supply chain) ပြဿနာများကြောင့် ကုန်ပစ္စည်းများကို နေရာ အများအပြားသို့ ပို့ဆောင်ပေးရေးတွင် အခက်အခဲများ ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ပြောသည်။
Gap က ၎င်းတို့၏ မြန်မာနိုင်ငံမှ အရင်းအမြစ်ကို အသေးငယ်ဆုံးဖြစ်အောင် ထိန်းထားပြီး ရန်ကုန်မြို့ အပြင်ဘက်မှ စက်ရုံ ၂ ခုကို သာအသုံးပြုသည်။ အဆိုပါ စက်ရုံများမှ ဗီယက်နမ်ထက် အ၀တ်အထည် အဆ ၁၀၀ ထုတ်လုပ်နိုင်သည်ဟု Gap မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။
အမေရိကန် နိုင်ငံက သွင်းကုန်ခွန် ပယ်ဖျက်ရန် ငြင်းဆန်ခဲ့သည့်အတွက် Gap အနေဖြင့် ကုန်ပစ္စည်းများကို မိခင်နိုင်ငံ အတွင်းသို့ သယ်ယူသည့်အခါ အခွန် ၁၇ ရာခိုင်နှုန်းအထိပေးဆောင်ရမည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဥရောပသမဂ္ဂက မြန်မာထုတ်ကုန်များကို အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီး ခွဲတမ်းစနစ်မှလည်း ကင်းလွတ်ခွင့် ပေးခဲ့သည်။
တရားဝင် အနေဖြင့် ၂၀၁၁ ခုနှစ်မှ စ၍ အမေရိကန် ကုမ္ပဏီများက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ သန်းခန့် ရင်းနှီး မြှုပ်နှံခဲ့သည်ဟု အစိုးရ သတင်းအချက်အလက်များအရ သိရသည်။ အဆိုပါ ပမာဏထဲတွင် အမေရိကန် ကုမ္ပဏီများက စင်ကာပူရှိ ၎င်းတို့၏ ရုံးခွဲများမှ တဆင့် ရင်းနှီးမြှုပ်နှံခဲ့ခြင်းများ မပါဝင်ပါ။
တရုတ်နိုင်ငံက ၂၀၁၁ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး အင်္ဂလန်က ဒေါ်လာ ၁.၃ ဘီလီယံ နှင့် နယ်သာလန်နိုင်ငံက ဒေါ်လာ ၃၁၂ သန်းရှိသည်။
“အမေရိကန် အစိုးရက ကျနော်တို့ကို ရင်းနှီးမြှုပ်နှံဖို့ မျက်စပစ်ခဲ့တယ်” ဟု မြန်မာနိုင်ငံသို့ ဓာတ်ခွဲခန်းသုံး ကိရိယာများ တင်သွင်းရောင်းချနေသည့် စင်္ကာပူ အခြေစိုက် Arrow Technologies မှ အမေရိကန် နိုင်ငံသား အမှုဆောင်ချုပ် Dave Peck ကပြောသည်။ သူ၏ လုပ်ငန်းကို အနောက်တိုင်းဘဏ်မဟုတ်သည့် ဘဏ်တခုမှတဆင့် ဆောင်ရွက်သည်ဟု သူက ပြောသည်။
အရေးယူပိတ်ဆို့မှုများ ကျန်ရစ်နေခြင်းသည် အမေရိကန် စီးပွားရေး လုပ်ငန်းများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ထားခြင်း မဟုတ်ကြောင်း မကောင်းသူများကို ဖိအားပေးရန် ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။
အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးလိုက်ပြီး အလွန်အကျွံ စန်းတင်ထားသည့် ဈေးကွက်များသို့ ဝင်လာသော ရင်းနှီးမြှုပ်နှံသူများအတွက် အဆိုပါအခြေအနေများက မထူးဆန်းပါ။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်းတွင် ဗီယက်နမ်နိုင်ငံက ၎င်းတို့၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အခါ နိုင်ငံခြားသား အမြောက်အမြား ဗီယက်နမ်ကို စွန့်ခွာသွားခဲ့ကြဖူးသည်။ သို့သော် နောက်ဆုံးတွင် ကမ္ဘာ့အဆင့် ကုမ္ပဏီများ လာရောက် အခြေချခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စိတ်အနှောင့်အယှက်ဖြစ်စရာများ ရှိနေပါသေးသည်။
အမေရိကန်နိုင်ငံ ဟျူစတန် ပြည်နယ်မှ Holloman Corp သည် သဘာဝဓာတ်ငွေလုပ်ငန်းတွင် နိုင်ငံတကာ ကုမ္ပဏီများကို ပိုမို အခွင့်အရေးပေးရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံက အရိပ်အယောင်ပြခဲ့သော ၂၀၁၃ ခုနှစ်တွင် ၎င်းတို့ ကုမ္ပဏီ ရုံးခန်း လာရောက်ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း အစိုးရက အချိန်ဆွဲနေခဲ့သည်။ အစိုးရက ရှာဖွေရေး လုပ်ကွက်များ ချပေးသည့် ၂၀၁၄ ခုနှစ်ရောက်သည့်အခါ ကမ္ဘာ့ဈေးကွက်တွင် စွမ်းအင်ပိုလျှံမှုများ ရှိနေသည့် အတွက် Holloman က ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားသည့် နိုင်ငံတကာကုမ္ပဏီများက စိတ်ဝင်စားမှုမရှိတော့သဖြင့် အခက်အခဲကြုံ တွေ့ရတော့သည်။
ရှေ့နေတဦး ဖြစ်သည့် Eric Rose ကလည်း သူ၏ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရန်အတွက် ခက်ခက်ခဲခဲ လုပ်ဆောင်နေရသည်ဟု ပြောသည်။
အသက် ၆၀ အရွယ် ထိပ်ပြောင်ပြောင်နှင့် Eric Roseက သူဝတ်ထားသည့် ၀တ်စုံပေါ်တွင် မြန်မာနှင့် အမေရိကန် အလံများ ထိုးထားသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီဖြစ်ကြောင်း ကြားသိခဲ့ရသည့် ၂၀၁၀ ခုနှစ်ကတည်းက လုပ်ငန်းအတွက် သူ စတင်စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။
Eric Rose သည် ငယ်စဉ်က နေထိုင်ခဲ့သည့် ရိုမေးနီးယားနိုင်ငံမှ အမေရိကန်သို့ ထွက်ပြေးလာခဲ့သူဖြစ်သည်။ ထိုစဉ်က ရိုမေးနီးယားနိုင်ငံက ကွန်မြူနစ်နိုင်ငံတခုဖြစ်သည်။ မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့မှုများ မပြု လုပ်မီ ၁၉၉၀ နှစ်များအတွင်းက ရေချိုးခန်းသုံး ပစ္စည်းများတင်သွင်းခဲ့သည့် American Standard Brands ကုမ္ပဏီ တွင် လည်း အလုပ်လုပ်ခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် ရှေ့နေရုံးခန်းတခု စတင်ဖွင့်လှစ်နိုင်ရန် အတွက် Herzfeld & Rubin နှင့် Eric Rose တို့ ရှယ်ယာ တ၀က်စီ ထည့်ဝင် ပူးပေါင်းခဲ့သည်။ သူ၏ လုပ်ငန်းကို ကြယ်ငါးပွင့်ဟိုတယ် တခုတွင် ပါတီကျင်းပကာ စတင်ခဲ့ပြီး ထိုပါတီပွဲ သို့ သံအမတ်ကြီးများနှင့် ကျော်ကြားသော မြန်မာ အဆိုတော် တဦးတို့ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းက အစပိုင်းတွင် အဆင်ပြေခဲ့သည်ဟု သူက ပြောသည်။ အမေရိကန် ကုမ္ပဏီများအပါအ၀င် ဖောက်သည်များ လာရောက်၍ အခွင့်အလမ်းများ ရှာဖွေခဲ့ကြသည်။
“နေ့တိုင်း နေ့တိုင်း သတင်းကောင်းတွေပိုရလာတယ်။ ကားသစ်တစီး လောလောလတ်လတ် ၀ယ်ထားပြီး ဒီကား ဘယ်လောက် ကောင်းတယ်ဆိုတာ ဖော်ပြထားတဲ့ မဂ္ဂဇင်းတွေကို ဖတ်ပြီး ပီတိဖြစ်နေတဲ့ လူငယ်လေး တယောက်လို ကျနော်ခံစားခဲ့ရတယ်” ဟု Eric Rose ကပြောသည်။
လအတော်များများကြာသည့် အခါ လုပ်ငန်းအခြေအနေက ခက်ခဲလာသည်ဟု သူဆိုသည်။ အမေရိကန် ကုမ္ပဏီများကလည်း စိတ်ဝင်စားမှု လျော့ကျလာသည်။ သူ၏ ကိုယ်ပိုင်ငွေထဲမှ အမေရိကန် ဒေါ်လာ ၂၀၀၀၀၀ လုပ်ငန်းတွင်းသို့ ထည့်လိုက်ရပြီးနောက် ၀န်ထမ်း ၁၅ ယောက်ရှိသည့် အနက်မှ တ၀က်ကို လျှော့ချလိုက်ရသည်။
ယခုအချိန် သူ၏ မျှော်လင့်ချက်များနှင့် ပတ်သက်၍ ပြန်လည်တိုင်းတာ တွက်ချက်မှုများ ပြုလုပ်နေရပြီဖြစ်သည်။
“ကျနော်တို့ အစိုးရ (အမေရိကန် အစိုးရ)ရဲ့ မရေရာတဲ့ မူဝါဒကြောင့် အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ အသာစီး မရနိုင်ခဲ့ကြဘူး။ ဘဏ်တွေကတောင်မှ ဝေးဝေးနေတဲ့ အချိန်မှာ ကျနော်တို့ ဖောက်သည်တွေကလည်း ဝေးဝေးမှာပဲ နေကြလိမ့်မယ်” ဟု Eric Rose က ဆိုသည်။
(The Wall Street Journal ပါ Shibani Mahtani ၏ Buzz Over Post-Sanctions Myanmar Fades for Many U.S. Investors ကို ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)
Sign up here with your email
ConversionConversion EmoticonEmoticon