အယ်လ်ဂျားဇီးယား ဂျာနယ်လစ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အီဂျစ်အစိုးရအပေါ် ဖိအားများ မြင့်တက်လာ

ဇွန် ၂၃ ရက်တွင် ကိုင်ရိုမြို့ တိုရာအကျဉ်းထောင်အနီး ရဲဌာန၌ တရားရုံးစီရင်ချက်ကို နားထောင်နေသော အယ်လ်ဂျာဇီးယား ဂျာနယ်လစ်များ (Photo:AFP)

သြစတြေးလျနိုင်ငံသား ဆုရဂျာနယ်လစ် ပီတာဂရက်စ် အပါအ၀င် အယ်လ်ဂျားဇီးယား ဂျာနယ်လစ်သုံးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အီဂျစ်အစိုးရအပေါ် ဖိအားပေးမှုများ ဇွန် ၂၄ ရက်တွင် ပိုမိုများပြားလာကြောင်း သိရသည်။     အီဂျစ်အစိုးရက အဆိုပါ ဂျာနယ်လစ်များကို ထောင်ဒဏ်ချမှတ်ခဲ့သောကြောင့် တစ်ကမ္ဘာလုံး က ဒေါသထွက်ခဲ့ကြပြီး မီဒီယာများအား နှိပ်ကွပ်မှု ကြီးထွားလာမည်ကို စိုးရိမ်လာကြသည်။

ကိုင်ရို တရားရုံးတစ်ခုက ဂရက်စ်နှင့်အတူ အီဂျစ်-ကနေဒါနိုင်ငံသား မိုဟာမက်ဖာဒယ်ဖာမီကို ထောင် ဒဏ်ခုနစ်နှစ်စီ ချမှတ်ခဲ့ပြီး အီဂျစ်ထုတ်လုပ်သူ ဘာဟာမိုဟာမက်ကို ပြစ်မှုနှစ်ခုအတွက် ထောင်ခုနစ်နှစ်နှင့် သုံးနှစ် ချမှတ်ခဲ့သည်။ ဒတ်ခ်ျလူမျိုး ဂျာနယ်လစ်တစ်ဦးနှင့် ဗြိတိန်နိုင်ငံသားနှစ်ဦး အပါအ၀င် ဂျာနယ်လစ် ၁၁ ဦးကိုလည်း မျက်ကွယ်တရားစီရင်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ၎င်းတို့အားလုံးကို မတရားအသင်း ကြေညာခံထားရသော မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကို ကူညီမှု၊ သတင်းမှားများ ပျံ့နှံ့စေမှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျက ထိတ်လန့်တုန်လှုပ်ဖွယ် စီရင်ချက်ဟု ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကြောက်မက်ဖွယ်ပြင်းထန်သော စီရင်ချက်ဟု ပြောကြားခဲ့သည်။ အမေရိကန်က ဦးဆောင် လျက် ဂျာနယ်လစ်များကို လွှတ်ပေးရန် အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာအယ်လ်စီစီကို တောင်းဆိုခဲ့သည်။

“သူတို့ကို ချက်ချင်းလွှတ်ပေးနိုင်အောင် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဒါမှမဟုတ် စီရင်ချက်ကို ရုပ်သိမ်းပေးဖို့နဲ့ နိုင်ငံရေး စေ့ဆော်ချက်ပါတဲ့ စီရင်ချက်တွေကို သက်ညှာပေးရေး အာမခံဖို့ အီဂျစ်အစိုးရကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျို့စ်အားနက်စ်က ပြောကြား ခဲ့သည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူ လီဘစ်ရှော့က ယခုအမှုများ၌ နိုင်ငံရေး စေ့ဆော်ချက် ပါဝင်နေသည် မှာ ထင်ရှားကြောင်းနှင့် စီစီကို ကြားဝင်ဖြေရှင်းပေးရန် မေတ္တာရပ်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အီဂျစ်အစိုးရအဖွဲ့သစ် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကမ္ဘာကို သက်သေပြဖို့ အခွင့်အလမ်းတစ်ရပ် ရှိပါတယ်။ ဒါကတော့ ဒီမိုကရေစီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ပုံနှိပ်ဖော်ပြမှုကို ယုံကြည်ကြောင်း ပြသဖို့ပါပဲ” ဟု ဂျူ လီဘီရှော့ က ပြောကြားခဲ့သည်။

ဒိုဟာမြို့ အခြေစိုက် အယ်လ်ဂျားဇီးယား သတင်းဌာန၏ အကြီးအကဲ မူစတာဖာဆ၀က်က ယခုစီရင်ချက် များကို ပြင်းထန်စွာ ပြစ်တင်ခဲ့ပြီး တရားစွဲဆိုရာ၌ အသုံးပြုခဲ့သည့် အထောက်အထားများသည် တစ်ဦး တစ်ယောက်အား တစ်နေ့တည်းဖြင့် ထောင်ဒဏ်ချမှတ်ရန် မလုံလောက်ဟု ပြောကြားခဲ့သည်။

AFP
Previous
Next Post »
Powered by Blogger.