အများပြည်သူများ သိတော် မူကြတဲ့အတိုင်း မတ်လ ၂၆ ရက်မှာ နိုင်ငံတော်သမ္မတက လွှတ်တော်ကနေတစ်ဆင့် တိုင်းပြည်ကိုမိန့် ခွန်းပြောတယ်။
အစိုးရသစ်သက်တမ်းသုံးနှစ်ပြည့်ချိန်နဲ့ တိုက်ဆိုင်ပြီးပြောတဲ့ သမ္မတရဲ့ မိန့်ခွန်းမှာ တိုးတက်မှုအဝဝကို ဇာတ်စုံခင်းပြီး ပြောသွား တာပေါ့ဗျာ။ ကြားရတဲ့သူများအတွက်တော့ တကယ့်အားရစရာ ချည်းပါပဲ။ အဲ... ပြောသမျှဟာ အလုပ်မပါ လေချည်းသက်သက်ဖြစ်နေတာတစ်ခုသာ ခွကျတာ။ ကျန်တာအားလုံးက ကောင်းသမှ သိပ် ကောင်း။
ကျုပ်ပြောသာ ပြောရတာ ပါ။ ဒီလိုအနှစ်ဗလာ လက်တွေ့ မပါတဲ့ စကားလုံးတွေကို တိုင်း သူပြည်သားလူ အများဟာ သုံးနှစ် လုံးလုံးကြားနာခဲ့ရတာမို့ သိပြီး သားတွေပဲဟာ။ ဒါပေသိ ထူးတာ တစ်ခုကတော့ ဒီမိုကရေ စီလမ်း ကြောင်းကို ဦးလည်မသုန်ဘဲ ရှေ့ သို့ချီသွားမယ်ဆိုတဲ့ သမ္မတအနေ နဲ့ အတင်းအဓမ္မအတည်ပြုထား တဲ့အပြင် ဒီမိုကရေစီနဲ့လည်း မညီညွတ်လို့မို့ ပြည်သူအများက ပြင်ကြရအောင်ပါလို့ တက်တက် ကြွကြွ နှိုးဆော်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြင်ပေးဖို့ကျ တော့ ထိန်းထိန်းသိမ်းသိမ်းလုပ် ကြဖို့ ပြောသွားတာပဲခင်ဗျ။
ဖွဲ့စည်းပုံပြင်ဆင်ဖို့ကိစ္စ လုပ်ငန်းစဉ်ဆိုတာ အဆမတန် ကျယ်ပြန့်နက်ရှိုင်းတာဖြစ်တာမို့ လို့ ပုဒ်မတစ်ခု၊ ပြဋ္ဌာန်းချက်တစ် ရပ်ရဲ့ နောက်ခံသမိုင်းအပါအဝင် အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေ ကို စေ့စေ့စပ်စပ် လေ့လာသုံးသပ် ပြီးမှ သတ်မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းဥပဒေများနဲ့အညီ ပြင် ဆင်နိုင်ဖို့ရာ အလေးထား ရမယ် လို့လည်း မြွက်ကြားသွားပါရဲ့။ ဒါ တင်မကသေးဘူး။ သို့ကလို ပြင်လိုက်လို့မို့ ရှေ့မှာ ဖြစ်လာနိုင်တဲ့အကျိုးဆက်များကိုလည်း ထည့်တွက်ဖို့ ကျုပ်တို့သမ္မတက အားရပါးရ သတိပေးသွားပါတယ်။
တကယ်တော့လည်း သမ္မတ မပြောခင်ကတည်းကိုက ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ပြဋ္ဌာန်းချက် တွေရဲ့ ရည်ရွယ်ချက်နဲ့ အနှစ်သာ ရက ဘာတွေလဲဆိုတာ ပြည်သူ ကလည်း သိတန်သလောက် သိနေကြပါပြီဗျာ။ ရည်ရွယ်ချက်ဆိုရာမှာ တပ်မတော်က နိုင်ငံရေးမှာ အမြဲတမ်း ဦးဆောင်ရေးဖြစ်ပြီး အနှစ်သာရကတော့ စစ်အာဏာ ရှင်စနစ်ဟာ မြန်မာပြည်မှာ နည်း လမ်းပေါင်းစုံနဲ့ ဆက်လက်အ သက်ဆက်တည်မြဲနိုင်ဖို့ ပဲဆိုတာ။ မဟုတ်ဘူးလားခင်ဗျာ။
အနှီလိုဖြစ်လို့မို့ သမ္မတက ဒီမိုကရေစီအသွင်ကူးပြောင်းရေး မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ဆက်ရှိနေဦးမယ်လို့ ပြောသံကြား တဲ့အခါ ပြည်သူတွေက ဘယ့်နှယ့် မှ မနေတာပေါ့။ သိကြပြီးသားပဲဟာ။ အစိုးရတစ်ဖွဲ့လုံးကိုကတပ်မတော်သားဟောင်းတွေနဲ့ ဖွဲ့တည်ထားတာကတင် သက်သေပဲကိုးခင်ဗျ။ ဒီယုန်မြင်လို့ ဒီချုံထွင်တယ်ဆိုတာလိုပဲ။ တပ်မတော်ရဲ့ကဏ္ဍကို အစဉ်ထာဝရ အာမခံပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံကြီးကို လူကြီးမင်းတို့အနေနဲ့ တစ်လက်မမှထိပါးတာ မခံနိုင် ဘူးဆိုတာလည်း လယ်ပြင်မှာ ဂေါ်ဇီလာသွားသလို ထင်ရှားတာမို့ လူထုက သိပြီးသားပဲ။
ဒါပေသိ နှစ်ထပ်ရှိမှ မှတ်မိ တယ်လို့များ ထင်သလားတော့ မသိဘူး။ လွှတ်တော်မှာ သမ္မတ မိန့်ခွန်းပြောအ ပြီး နောက်တစ် ရက်ဖြစ်တဲ့ မတ်လ ၂၇ ရက်မှာ လုပ်တဲ့ တပ်မတော်နေ့မှာလည်း ကာကွယ်ရေးဦးစီးချုပ်က ဒီအကြောင်းကိုပဲ ထပ်လောင်းပြောသွားသေးဗျ။ ၉၂ ဒသမ ၄၈ ပမာဏရှိတဲ့ ပြည်သူပြည်သား များရဲ့ ထောက်ခံဆန္ဒမဲနဲ့ အတည် ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကြီးက ပြဋ္ဌာန်းတာဝန် ပေးထားတဲ့ နိုင်ငံတော်အခြေခံ ဥပဒေကို တပ်မတော်က ကာ ကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိ တယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုရမယ်တဲ့ဗျ။
ကျုပ်တို့ဖြင့် တပ်မတော်ကို သိပ်ချစ်ရတယ်ဆိုတာ အဲဒါတွေ ကြောင့်ပေါ့ခင်ဗျာ။ တွေ့တယ် ဟုတ်။ တပ်မတော်ဟာ ဒီလိုမျိုး ကျ သိပ်သစ္စာရှိပြီး တာဝန်သိတာ ကလား။ ဖွဲ့စည်းပုံကို အတည်ပြု ဖို့ရာ ထောက်ခံမဲပေးခဲ့ကြတဲ့ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းရှိသော ပြည် သူများရဲ့ဆန္ဒကို တပ်မတော်က လေးစားရမယ်တဲ့ဗျာ။ ဘယ် လောက်လိမ္မာလိုက်တဲ့ တပ်မတော်ပါလဲ။ နို့ပေတဲ့ တစ်ခုပါပဲ။ ဖွဲ့စည်းပုံဥပဒေကြီးကိုပဲ ဒီမိုကရေစီနည်းကျ ပြင်ချင်ကြတာကြောင့် လမ်းပေါ်မှာ ချီတက်ဆန္ဒပြကြတဲ့ ပြည်သူများရဲ့ အရေအတွက်ဟာလည်း မနည်းမနော ရှိနေတယ်ဆိုတာကိုလည်း မမေ့ဖို့ပဲခင်ဗျ။
ဒီနေရာမှာပေါ့ဗျာ။ တချို့ သော မလိုသူများ၊ ဖျက်လိုဖျက် ဆီးသမားများ ပြောနေကြသလို ၂၀၀၈ ဖွဲ့စည်းပုံကြီးဟာ တစ္ဆေမဲ တွေ၊ ကြိုတင်မဲတွေနဲ့ မလိမ့် တပတ်အတည်ပြုခဲ့တာ မဟုတ် ဘူး။ ၂၀၀၈ နာဂစ်မှာ မသေလို့ ကျန်ရစ်ခဲ့တဲ့ ပြည်သူတွေရဲ့ အသည်းကြားက မဲတစ်ပြားကိုရယူပြီးသကာလ အစိုးရဟာ ဖွဲ့စည်းပုံကြီးကို အတည်ပြုခဲ့တယ်လို့ပဲ ထားလိုက်ပါတော့။ ဒီနေ့ဒီအချိန်မှာ ဖွဲ့စည်းပုံပါ ဒီမိုကရေစီမကျတဲ့ ပြဋ္ဌာန်းချက်တွေကို မကြိုက်လို့ ပြင်ပေးကြဖို့ တပ်မတော်ကို အဲလေ.. တပ်မတော်သားဟောင်းများရဲ့ အစိုးရအဖွဲ့ကြီးကို တိုက်တွန်းနေကြတဲ့ ပြည်သူပြည်သားများရဲ့ ပမာဏကိုလည်း တပ်မတော်ဟာ မြင်ပြီးဖြစ်မှာမို့ အဲဒီပြည်သူပြည်သားတွေရဲ့ဆန္ဒကို တပ်မတော်ကရော အစိုးရကပါ လေးစားကြမှာပဲ မဟုတ်လားဗျာ။
သို့ကလို ပြောလိုက်လို့မို့ တပ်မတော်အနေနဲ့ရော၊ အစိုးရ မှာပါ တွေးရခက်ကြီးများဖြစ်သွား မလားလို့ ကျုပ်တို့ စိုးမိပါရဲ့။ ဒါ့ အတွက်တော့ မပူပါနဲ့ခင်ဗျာ။ ဒီ နေ့မှာ တပ်မတော်နဲ့ အစိုးရနှစ်ဦး နှစ်ဝစလုံးဟာ ဒီမိုကရေစီကို ယုံ ကြည်သက်ဝင်ပြီး လူထုဆန္ဒကို အလွန်တရာမှ လေးစားတတ်တဲ့ သူများ ဖြစ်နေကြပြီပဲဟာ။ ဆို တော့ကာ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြင်မလား၊ မပြင်ဘဲထားမလား ကိစ္စနဲ့ပတ်သက်ပြီး ခေါင်းမစားရ အောင် ဒီမိုကရေစီနည်းကျ မဲခွဲ ဆုံးဖြတ်လိုက်ကြပါလားဗျ။
တစ်တိုင်းပြည်လုံးမှာ မဲပုံး ထောင်ပြီးသကာလ လူထုဆန္ဒကို ရယူကြမယ်ဆိုရင် ကျုပ်တို့ရဲ့ အရပ်သားအစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအတွက် ဘာမှအတွေး ကျပ်စရာမရှိတော့ဘူး။ နိုင်ငံနဲ့ ပတ်သက်ရင် အများတကာထက် အချစ်ပိုတတ်တဲ့ တပ်မတော်ကြီး လည်းပဲ ဖွဲ့စည်းပုံနဲ့ပတ်သက်ရင် ဘယ်ဘက်က ရပ်တည်ရမယ်ဆို တာ ကွင်းကွင်းကွက်ကွက်အဖြေ ထွက်သွားမှာပဲ။ ကျုပ်တို့ကတော့ ပြည်သူ့အကဲကိုသိရအောင် ချစ် လှတဲ့ သမ္မတနဲ့ကာချုပ်ကို အဲဒီ လို တစ်ပွဲတစ်လမ်းစမ်းကြည့်စေ့ ချင်တာပါပဲ။
ကျုပ်ပြောတာ မဟုတ်လား ဗျာ။ ဒီလိုသာဆိုရင် ပြုပြင်ပြောင်း လဲချင်လှတဲ့ သမ္မတဟာလည်း သူ့မိန့်ခွန်းထဲ မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ တပ်မတော်ဆက်ရှိနေရဦးမယ်တို့၊ ဒီမိုကရေစီရင့်သန်လှမှ တပ်မတော်ရဲ့ အခန်းကဏ္ဍကို တစ်ဆင့်ချင်း လျှော့ချရမှာဖြစ်တယ်လို့ဆိုတာ ကို လူမုန်းခံပြီး ပြောနေစရာ မလို တော့ဘူးပေါ့ဗျ။ နောက်ပြီးတစ်ခါ တပ်မတော်ကာချုပ်အနေနဲ့ လည်းတပ်မတော်အနေနဲ့ ဒီမို ကရေစီ ဖော်ဆောင်ရေးမှာ ခိုင်ခိုင် မာမာရပ်တည်သွားမယ်လို့လည်း ဆက်ပြီး အာမဘန္တေခံစရာ အကြောင်းတရား နည်းသွားမယ် မဟုတ်လား။
ကနေ့ ကျုပ်တို့တိုင်းပြည်မှာ ပြဿနာတက်နေတာက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကြီးပဲဗျ။ အနှီ ဥပဒေကို ပြင်မယ့်သူနဲ့ မပြင်ချင် တဲ့သူတွေအကြားမှာ ပဋိပက္ခက လည်း တစ်နေ့တခြား ကြီးလာ တယ်။ ဖွဲ့စည်းပုံကို ပြင်မယ့်လူထု က ဆန္ဒဖော်ပြကြတယ်။ မပြင် လိုတဲ့သူတွေက ဖွဲ့စည်းပုံကိစ္စကို လမ်းလွဲသွားအောင် ကြံဆောင် နေကြတယ်။ ဘာသာရေးနဲ့လှည့် တိုက်လိုက်၊ လူမျိုးရေးနဲ့ လှည့် တိုက်လိုက်နဲ့ပေါ့ဗျာ။ အနှီကြား ထဲမှာ ငထွားခါးနာဖြစ်ရသူတွေ ကတော့ ကျုပ်တို့လူထုပါပဲ။
ဒါတွေ ပြေလည်ငြိမ်းအေး ဖို့ဆိုတာ ကျုပ်တို့ရွှေပြည်မှာ ဒီမို ကရေစီအစစ်အမှန်ဟာ သိပ်ကို လိုနေသဗျ။ အဲဒီတော့ ကျုပ်တို့ မှာ ရှိထားတဲ့ ဖွဲ့စည်းပုံကြီးကို ဒီမို ကရေစီနည်းကျအောင် ပြုပြင်ရ မယ်ဗျာ။ ဒါကိုဒီမိုကရေစီ ဖော် ဆောင်ရေးမှာ ခိုင်မာစွာ ရပ်တည်မယ့် တပ်မတော်ကြီးက ဘာခွင့်မပြုစရာ ရှိမလဲဗျာ။ သူတို့ပဲ ဒီမိုကရေစီအတွက် ရပ်တည်မယ်လို့ ပြောထားမင့်ဟာ။ တပ်မတော်သာ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံကိစ္စ မဲခွဲတာကနေ ထွက်လာတဲ့ ရလဒ်အတိုင်း လိုက်နာလိုက်ရင် သမ္မတပြောသလို ကျုပ်တို့ရဲ့ တပ်မတော်ကြီးလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အလိုလို ပါသွားပြီးသား ဖြစ်ရောပေါ့။ ဖွဲ့စည်းပုံသာ ဒီမိုကရေစီနည်းကျဖြစ်သွားရင် ဟောဒီ ရွှေပြည်မှာ ဒီမိုကရေစီ ရင့်သန်ပြီပေါ့ဗျာ။ အဲဒီအခါ တပ်မတော်ကလည်း နိုင်ငံရေးထဲက ခပ်မြန်မြန်ထွက်ရပြီပေါ့။ လွှတ်တော်ထဲမှာ အစိတ်သားဟာ ခါးညောင်းခံပြီး ထိုင်စရာ မလိုတော့ဘူးပေါ့ဗျာ။ အဲဒီလိုသာဆိုရင် အဟောဝတ ကောင်းလေစွလို့ ပြည်သူတွေက ထောမနာ ကြမှာပါခင်ဗျ။
သို့ပေသိ ဒါတွေက ကျုပ်ရဲ့ တောင်စဉ်ရေမရ တွေးကြည့်တာ တွေဗျ။ လက်တွေ့ကတော့ အဲ ဒီလို ဘယ်မှာ ဟုတ်လိမ့်မလဲ။ မဟုတ်လို့ဘဲ သမ္မတနဲ့ ကာချုပ်တို့က နှပ်ကြောင်းပေးသွားတဲ့ ဖွဲ့စည်းပုံကိစ္စကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အမြီးတပ်ပြီး ပိတ်လိုက်ပြီဗျ။ သူကဘာပြောလဲဆိုတော့ ဖွဲ့စည်းပုံပြင်ဖို့ကိစ္စက တိုင်းပြည်မှာ စောနေသေးတယ်ဆိုပဲ။ အခုဖွဲ့စည်းပုံကြောင့် တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် ဖြစ်ခဲ့တယ်၊ ဒါကြောင့် ဆန္ဒစောသွားရင် တည်ငြိမ်မှုပျက်သွားရင် မကောင်းဖြစ် မယ်တဲ့ဗျာ။
ရွေးကောက်ပွဲ ဥက္ကဋ္ဌကြီး နှယ်၊ ခက်ခက်ရန်ကောဗျာ။ ဖွဲ့ စည်းပုံမပြင်လို့ကို တိုင်းပြည်မှာ မတည်မငြိမ်ဖြစ်နေတာခင်ဗျ။ ဘယ်ကလာပြီး ဖွဲ့စည်းပုံကြောင့် တိုင်းပြည်တည်ငြိမ်သွားသတုံး ဗျာ။ ကမ္ဘာ့အံ့ဖွယ်ထဲမှာ သမ္မတ ရယ်၊ ကာချုပ်ရယ်၊ ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီးရယ်ကို ထည့်ရမလိုတော့ ဖြစ်နေပြီ။ ရှင်း ရှင်းလေးပါ။ ဒီမိုကရေစီ မပေး ချင်သေးဘူးဟေ့လို့ပြောလည်း ကျုပ်တို့က အကြောင်းသိတွေပဲ ဟာ။ ဘာမှ ဆင်ဝှေ့ရန်ရှောင် လုပ်နေစရာ မလိုပေါင်ဗျာ။ အခု တော့ အနှီသုံးယောက်က ရှေ့ ဆင့်နောက်ဆင့်ဆိုသလို ဒီမိုက ရေစီဟာလာမည်၊ ဒါပေသိ ကြာ လိမ့်မည်ဆိုတာကို အတိုင်အ ဖောက်ညီညီနဲ့ ပြောသွားတာ ကျုပ်တို့မှာ အဟုတ်မှတ်လို့ စောင့်ပြီး နားထောင်ရတာ ဖတ်ဖတ်ကိုမောပါရောကလား။
သူတို့သုံးဦးဟာ မတ်လထဲ မှာ ရှေ့နောက်တန်းစီပြီး အတိုင် အဖောက်ညီညီ ပြောစကားတွေ ကို နားထောင်ရင်းနဲ့ ကျုပ်စိတ်ထဲ ဘာတစ်ခုသွားပေါ်လာသလဲသိလား။ ငယ်ငယ်တုန်းက ရုပ်မြင်သံကြားမှာ လာလေ့ရှိတဲ့ ‘ချောကလက်လေးတွေ တန်းစီ’ ဆိုတဲ့ စာသားလေဗျာ။ အဲဒါ သွားသတိရတယ်။ ကျုပ်ရှေ့က ခေါင်း ဆောင်ကြီးများကတော့ မည်း မည်းနဲ့ ချိုတဲ့ ချောကလက်တော့ ဟုတ်ပုံမရဘူးဗျ။ ကိုယ့်ဘက် ကိုယ်ယက်ရာမှာ တစ်ဖက်ကမ်း ခတ်တဲ့ ပုဂ္ဂိုလ်တွေမို့ ‘လိပ်က လေး’၊ အဲဗျာ ‘လိပ်ကြီး’တွေလို့ဆို မှ ပိုများမှန်မလား။
အစကတည်းက လိပ်အ ကျင့်ရှိလို့မို့ ကိုယ့်အကျိုးစီးပွားကိုသိတတ်မြင်တတ်ပြီး ‘ယက်’ တာလား။ ဒါမှမဟုတ် ကိုယ့်အတွက် ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ့်ဘက်ကိုယ် ရနိုင်သမျှရအောင် ‘ယက်’ကြရင်းနဲ့ ‘လိပ်’ ဖြစ်သွားတာလားတော့ ကျုပ်တို့တော့ မပြောတတ်ဘူးဗျ။ ကြိုက်သလိုသာလွတ်လပ်စွာ တွေးရှုတော်မူကြပါခင်ဗျာ။ ကျုပ်တို့ရှေ့မှာတော့ ‘လိပ်ကြီး’တွေဟာ ညီညီညာညာ တန်းစီလို့ရှိနေကြောင်းပါဗျာ့။ ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)
ဘစီ | 7 Day daily
Sign up here with your email
ConversionConversion EmoticonEmoticon