အိမ်ကိုဝင်တိုက်တဲ့ ဓားပြတွေရန်ကနေ မိသားစုကိုသေနတ်စွဲကာကွယ်ခဲ့တဲ့ ဗိုက်ကြီးသည်


အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက ဖလော်ရီဒါ၊ လစ်သီယာရှိ နေအိမ်တစ်အိမ်မှာ အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ နေအိမ်ကတော့ ၄၅ နှစ်အရွယ် Jeremy King ပိုင်ဖြစ်ပြီး အိမ်မှာတော့ အသက် ၃၁ နှစ်အရွယ် ကိုယ်ဝန်သည်ဇနီးတစ်ယောက်ရယ်၊ ၁၁ နှစ်အရွယ်သမီးလေးတစ်ယောက်ရယ်နဲ့ အတူတကွနေထိုင်နေခဲ့ကြပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့ ည ၉ နာရီအချိန်မှာတော့ Jeremy King အနေနဲ့ သမီးလေးဖြစ်သူနဲ့ ဧည့်ခန်းထဲမှာ အတူရှိနေစဉ်မှာပဲ အနောက်ဖက်တံခါးကနေပြီး လူနှစ်ယောက် ဝင်လာခဲ့ပါတယ်။ လူနှစ်ယောက်စလုံးဟာ မျက်နှာဖုံးတွေ တပ်ထားခဲ့ပြီး ခေါင်းစွတ်အနွေးထည် ကိုယ်စီနဲ့မလို့ ဘာမှမလုပ်ခင်မှာတင် တစ်ခုခုအန္တရာယ်ပေးတော့မယ်ဆိုတာ ကြိုသိနိုင်မယ့် အခြေအနေမျိုးပါ။

Jeremy တစ်ယောက် ဘာမှမလုပ်ခင်မှာတင် ခိုးဝင်လာသူနှစ်ယောက်ဟာ Jeremy ဆီကို တစ်ယောက်၊ ၁၁ နှစ်သမီးလေးဆီကို တစ်ယောက်ရောက်နေခဲ့ပါပြီ။ Jeremy ကို ချုပ်ထားတဲ့တစ်ယောက်ဆီမှာ ပစ္စတိုတစ်လက်ကိုင်လာခဲ့ပြီး တစ်ဖက်မှာလည်း သမီးဖြစ်သူကို ချုပ်ထားခဲ့ပါတယ်။ ရှိတာအကန်ထုတ်ပေးဖို့ အော်ဟစ်ပြောနေခဲ့ပေမယ့် Jeremy က ဘာမှထုတ်ပေးစရာမရှိကြောင်း ပြန်ပြောတဲ့အတွက် သေနတ်ဒင်နဲ့ ခေါင်းကိုထုရိုက်ကာ ဝမ်ဗိုက်နဲ့ ဦးခေါင်းတို့ကို ကန်ကျောက်ခဲ့ပါတော့တယ်။

အဲဒီအချိန် အိမ်ရဲ့တခြားနေရာမှာရှိနေတဲ့ ဗိုက်ကြီးသည်ဇနီးဟာ ဧည့်ခန်းထဲက ဗလုံးဗထွေးအသံတွေကြောင့် ဘာများဖြစ်တာလဲဆိုပြီး သွားအကြည့် Jeremy ကို ဖမ်းချုပ်ထားတဲ့တစ်ယောက်က လက်ထဲကပစ္စတိုသေနတ်နဲ့ သူမကိုလှမ်းပစ်လိုက်ရာ အရှောင်မြန်လို့ မထိတာပါ။ ဒါနဲ့ပဲ သူမဟာ အိမ်မှာ အသင့်ရှိနေတဲ့ AR-15 သေနတ်ကို အမြန်သွားယူကာ ဧည့်ခန်းဆီကိုပြန်လာခဲ့ပြီး ပစ္စတိုကိုင်ထားတဲ့ဓားပြကို ပစ်ခတ်ခဲ့ပါတော့တယ်။

သေနတ်နဲ့အပစ်ခံရတဲ့ ဓားပြဟာဝင်လာတဲ့အနောက်တံခါးကပဲ အပြင်ဖက်ကိုပြန်ထွက်ပြေးသွားခဲ့ပြီး သမီးကိုချုပ်ထားတဲ့ဓားပြကတော့ တစ်ဖက်ကသေနတ်သံကြားကြားခြင်းမှာပဲ အရင်ဆုံးထွက်ပြေးသွားခဲ့ပါတယ်။ ကိုယ်ဝန်နေ့စေ့လစေ့နဲ့ ဗိုက်ကြီးသည်တစ်ယောက် AR-15 သေနတ်ကြီးကိုင်ပြီး ပစ်ထည့်လိုက်လို့ သေနတ်မှန်သွားခဲ့တဲ့ ဓားပြတစ်ယောက်ကတော့ အိမ်နားမှာပဲ လဲကျသေဆုံးခဲ့ရတယ်ဆိုပြီး Daily Mail မှာ ဖော်ပြထားခဲ့ပါတယ်။

Jeremy ကတော့ မျက်လုံးသွေးကြောပေါက်ဖူးယောင်၊ ဦးခေါင် ၁၂ ချက်ချုပ်လိုက်ရပြီး ညိုမည်းစွဲခြင်းတို့ဖြစ်ခဲ့ပေမယ့် သမီးလေးနဲ့ ဇနီးသည်တို့နှစ်ယောက်ကတော့ ဘာမှမဖြစ်ခဲ့ပါဘူးတဲ့။ ဗိုက်ကြီးသည်ဇနီးသာ သာမန်အမျိုးသမီးတွေဖြစ်သလို သတိမရှိ၊ ကြောက်ရွံ့ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ တုန်တုန်ရီရီဖြစ်နေခဲ့မယ်ဆိုရင် သူတို့မိသားစုဘဝလေးကတော့ မတွေးရဲစရာပါပဲ။

Penny

Credit:လင်းလင်း (ShweMom)

Previous
Next Post »
Powered by Blogger.