ကားအတွင်းကနေ ဆိုးရွားတဲ့ အနံ့တွေထွက်နေလို့ ကားအဖုံးကို ဖွင့်လိုက်တဲ့အခါမှာတော့


အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ကားအတွင်းကနေ ဆိုးရွားလွန်းတဲ့ အနံ့တွေထွက်နေလို့၊ ဘာကြောင့်ဆိုတာကို အဖြေရှာမရနိုင် ဖြစ်နေခဲ့ပါတယ်။ နောက်တော့ ခင်ပွန်းဖြစ်သူက ကားရှေ့ဖုံးကိုဖွင့်ကြည့်ဖို့ ဖုန်းနဲ့လှမ်းပြီး အကြံပေးခဲ့ပါသတဲ့။ သူမကလည်း ခင်ပွန်းရဲ့ အကြံအတိုင်း ကားဘောနပ်စ်ကို ဖွင့်ကြည့်ခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးအမည်ကတော့ Holly Persic ဖြစ်ပြီး Pittsburgh မှာနေထိုင်ပါတယ်။ သူမဟာ ကားအဖုံးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ သစ်ကြားသီးအလုံးပေါင်း (၂၀၀)လောက်နဲ့ မြက်ခြောက် ကောက်ရိုးခြောက် ရောရာတွေ ထူးဆန်းစွာ ရောက်နေခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။

အရင်ကတော့ ဆိုးရွားတဲ့အနံ့အသက်တွေဟာ လေနဲ့အတူပါလာတာလို့ ထင်မြင်နေခဲ့ပါတယ်။ အခုတော့ အဖြေကို ကောင်းကောင်းရှာနိုင်ခဲ့ပါပြီ။ ဒီသစ်ကြားသီးတွေဟာ ရှဥ့်မိသားစုတစ်စုက ဆောင်းတွင်းတစ်ခုစာ ကြိုတင်ရှာဖွေ သိုလှောင်ထားတဲ့ အစားအစာတွေ ဖြစ်ပုံရတယ်လို့ Holly က ဆိုပါတယ်။ ခင်ပွန်းသည် Chris ရဲ့ အကြံပေးမှုကလည်း မှန်နေခဲ့တာပါ။

ရှဥ့်တွေဟာ သာမန်အားဖြင့် နွေနှောင်းပိုင်းဆိုရင် သူတို့ နှစ်ခြိုက်စွာစားသုံးလေ့ရှိတဲ့ တာရှည်ခံအစားအစာတွေကို သူတို့နေထိုင်ရာမှာ သိုလှောင်ကြလေ့ရှိပါတယ်။ အခုဟာက ရှဥ့်တွေဟာ ကားအဖုံးအတွင်းကို ဝင်ရောက်ပြီး၊ သူတို့အိမ်လို့သဘောထားကာ သစ်ကြားသီးတွေကို စုဆောင်းထားတာပါ။

ခင်ပွန်းဖြစ်တဲ့ Chris က “ ဇနီးက ကျွန်တော် Northland Library မှာရောက်နေတုန်း လှမ်းခေါ်တယ် .. ကားထဲကနေ ညှော်နံ့လိုလို … သစ်ရွက်တွေ လှောင်တဲ့အနံ့လိုလို ရတယ်လို့ ပြောတယ် … ကျွန်တော်က ကားအဖုံးကို ဖွင့်ခိုင်းလိုက်တယ် … အခု ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ”လို့ ပြောခဲ့ကြောင်း သိရပါတယ်။

Chris ဟာ ပြီးခဲ့တဲ့တစ်လလောက်က ကားအဖုံးကို နောက်ဆုံးဖွင့်ထားခဲ့တာဖြစ်ပြီး၊ ဒီသစ်ကြားသီးတွေဟာ ရက်သတ္တပတ်အနည်းငယ်လောက်ကမှ စုဆောင်းထားပုံရတယ်လို့ ပြောပါတယ်။ တကယ်လို့သာ အချိန်ဒီထက် ပိုကြာလာခဲ့ရင်တော့ သူမတို့အနေနဲ့ ထင်မှတ်မထားတဲ့ ဘေးထွက် အန္တရာယ်မျိုးတွေ ရောက်လာနိုင်တယ်လို့ သူမက ဆိုပါတယ်။

Credit:လင်းလင်း (ShweMom)

Previous
Next Post »
Powered by Blogger.