ကာတာနိုင်ငံတွင် မုဒိမ်းမှုဖြင့် တိုင်ကြားသည့် အမျိုးသမီး တစ်ဦးကို တရားရုံးက မလျော်မကန် လိင်အပျော်အပါး လိုက်စားမှုဖြင့် ဒဏ်ငွေ ချမှတ်လိုက်ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် နယ်သာလန် နိုင်ငံသူ အမျိုးသမီးက သူမကို အမျိုးသား တစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ရဲထံ တိုင်ကြားခဲ့သော်လည်း တရားရုံး ဆုံးဖြတ်ချက်အရ လက်မထပ်ဘဲ လိင်ဆက်ဆံမှုကြောင့် မလျော်မကန် လိင်အပျော်အပါး လိုက်စားသည့် ပြစ်မှုမြောက်ခဲ့ပြီး ဒဏ်ငွေ ၈၂၄ ဒေါ်လာ ပေးဆောင်ရန် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
အမျိုးသမီးကို ကိုယ်စားပြုသော ရှေ့နေ၏ အဆိုအရ ၎င်း၏ အမှုသည်သည် မတ်လအတွင်း ဒိုဟာရှိ ဟိုတယ်တစ်လုံးတွင် အရက်သောက်နေခဲ့ကြောင်း၊ ထို့နောက် မူးမေ့သွားပြီး သူမ သတိရလာချိန်တွင် အမည်မသိ လူစိမ်းတစ်ဦး၏ တိုက်ခန်းထဲ ရောက်နေကာ သူမကို မုဒိမ်းမှု ကျူးလွန်ထားသည်ကို သတိပြုမိခဲ့ကြောင်း သိရှိရသည်။
သူမ တရားစွဲဆိုသည့် မုဒိမ်းမှု ကျူးလွန်သော အမျိုးသားက မိမိတို့သည် နှစ်ဦးသဘောတူ ဆက်ဆံခဲ့ခြင်းဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သို့သော် ၎င်းသည်လည်း လက်မထပ်ဘဲ လိင်ဆက်ဆံမှု ပြစ်ချက်အတွက် ကြိမ်ဒဏ် ၁၀၀ အရိုက်ခံရန် ပြစ်ဒဏ် ချမှတ် ခံရသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် တစ်ဦးအနေဖြင့် အရက်သောက်ခြင်းကြောင့်လည်း ၎င်းသည် သီးခြား ကြိမ်ဒဏ် ၄၀ အရိုက်ခံရမည် ဖြစ်သည်။
အစောပိုင်းတွင် ကာတာ အာဏာပိုင်များက အမျိုးသမီးကို ထိန်းသိမ်းထားသော်လည်း မိသားစုက အဆိုပါ ဖြစ်ရပ်ကို ဖွင့်ချလိုက်သည့်နောက် ကာတာတရားစီရင်ရေးအပေါ် ဝေဖန်မှုများ မြင့်တက်လာပြီး သူမအပေါ် တန်ပြန် စွပ်စွဲချက်ကိုလည်း လျှော့ပေါ့လာရသည်။
ကာတာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး ယီယတ် ဘာဂါရက်ဖ် ဗန်အီချော့ဒ်က ဇွန် ၁၃ ရက် စီရင်ချက်နောက်တွင် အမှုပြီးပြတ်သွားပြီ ဖြစ်သောကြောင့် အဆိုပါ အမျိုးသမီးကို ကာတာနိုင်ငံထဲမှ အမြန်ဆုံး ခေါ်ထုတ်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“သူက ကာတာမှာ ဘယ်လိုမှ ဆက်မနေချင်တော့ဘူး။ ကျွန်မတို့ကလည်း သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ခေါ်ထုတ်သွားဖို့ ကြိုးစားနေပါတယ်”ဟု သံအမတ်ကြီးက AFPသို့ ပြောကြားခဲ့သည်။ တရားရုံး တာဝန်ရှိသူများက အမျိုးသမီး အနေဖြင့် သူမ၏ ဒဏ်ကြေးကို ပေးချေပြီးလျှင် နိုင်ငံထဲမှ ထွက်ခွာခွင့်ရမည်ဟု အတည်ပြုထားသည်။ သူမသည် မုဒိမ်းမှုအတွက် ရဲထံ သွားတိုင်သည့်နောက် ချက်ချင်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
Ref: BBC
7day
Sign up here with your email
ConversionConversion EmoticonEmoticon