ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုရားကျောင်း သာဝက တစ်ဦးကို အစွန်းရောက်များ သတ်ဖြတ်


ဟိန္ဒူ ဘုရားကျောင်း တစ်ကျောင်းမှ သာဝက တစ်ဦးကို မည်သူမည်ဝါမှန်း မသိရသူ တစ်စုက ခုတ်ထစ် သတ်ဖြတ်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ဇွန် ၁၀ ရက် လူသတ်မှုသည် ဘင်္ဂလားဒေ့ရှ်တွင် လူနည်းစု ဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်း၏ နောက်ဆုံး ကိစ္စလည်း ဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ်သည် မွတ်ဆလင် အများစု နေထိုင်သည့် နိုင်ငံတစ်ခု ဖြစ်သည်။ အသက် ၆၂ နှစ်အရွယ် နစ်ယာနာဂျန် ပန်ဒေးသည် ပုံမှန်အတိုင်း မနက်ပိုင်း လမ်းလျှောက်နေစဉ် ရုတ်တရက် တိုက်ခိုက်ခံရပြီး နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“သူက ဆီးချိုရောဂါရှိတယ်။ ဒီတော့ မနက်တိုင်း လေ့ကျင့်ခန်းသဘောမျိုး ပုံမှန်လမ်းလျှောက်လေ့ ရှိတယ်။ ဒီနေ့မှာလည်း လမ်းလျှောက်ထွက်ရင်း လူသတ်သမား တချို့က သူ့လည်ပင်းကို ဓားနဲ့ ခုတ်သွားတာ။ သူက နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားရှာတယ်”ဟု ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဘ်ဒူလာ အယ်လ်ဟာဆန်က AFPသို့ ပြောကြားခဲ့သည်။ ပန်ဒေးသည် အခင်းဖြစ်ရာ ပက်ဘ်နာ ဒေသတွင်းရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် သာဝကအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်မှာ နှစ်ပေါင်း ၄၀ မျှထိ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

ရှရှာသာကူးရ်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ အနူကူလ်ချန်ဒရာ အက်ရှမ်က လူသတ်မှု ဖြစ်ပွားချိန်မှာ စောလွန်းသဖြင့် မျက်မြင်သက်သေ တစ်ဦးမျှ မရှိလိုက်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်တွင် မွတ်ဆလင် အစွန်းရောက်များက ဘာသာမဲ့များ၊ အခြားသော လူနည်းစု ဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏ ပေါ်ပေါက်လေ့ ရှိပြီး ယင်းအခြေအနေများကြောင့် လွန်ခဲ့သည့် ၃ နှစ်အတွင်း လူ ၅၀ မျှ သေဆုံးခဲ့ရပြီး ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု အများစုကို အိုင်အက်စ် စစ်သွေးကြွမားနှင့် အယ်လ်ကိုင်ဒါ၏ အာရှတောင်ပိုင်း တပ်ဖွဲ့ခွဲတို့က နောက်ကွယ်မှ ကြိုးကိုင် ညွှန်ကြားခဲ့ကြောင်း ကြေညာခဲ့ကြဖူးသည်။

Ref: BBC
7day
Previous
Next Post »
Powered by Blogger.