Apple Store ဝန်ထမ်း ယူနီဖောင်းအတိုင်း ဝတ်ဆင်၍ iPhone ၁၉ လုံး ခိုးယူမှု ဖြစ်ပွားခဲ့


ပြီးခဲ့သည့် ရက်သတ္တပတ်က New York City တွင် အမျိုးသားတစ်ဦးသည် Apple ဝန်ထမ်းယူနီဖောင်းနှင့် ဆင်တူသော အင်္ကျီကို ဝတ်ဆင်၍ SoHo Apple Store သို့ဝင်ပြီး လျှပ်စစ်ပစ္စည်း ပြင်ခန်းသို့ သွားရောက်ကာ အံဆွဲအတွင်းမှ iPhone ၁၉ လုံး ခိုးယူခဲ့သည်။ ထို့နောက် ၎င်းသည် အခန်းထဲမှ ထွက်လာပြီး ကြံရာပါတစ်ဦးသို့ အဆိုပါဖုန်းများ ပေးလိုက်သည်။ ထိုကြံရာပါသည် ၎င်းဖုန်းများကို အင်္ကျီအောက်တွင် ဖွက်၍ စတိုးဆိုင်မှ အေးအေးလူလူ ထွက်သွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အလားတူ ခိုးယူမှုမှာ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။ ယခုနှစ်အစောပိုင်းတွင် NYC Apple Store များတွင် သူခိုးဂိုဏ်းတစ်ဂိုဏ်းက Apple ဝန်ထမ်းယောင်ဆောင်၍ iPhone ၅၉ လုံး ခိုးယူခဲ့ကြသည်။ ဖုန်းများပြင်ဆင်သည့်အခန်းမှ ခိုးယူခဲ့သော iPhone များတွင် လုံခြုံရေး သတိပေး sensor များမပါဝင်သောကြောင့် စတိုးဆိုင် အပြင်ဘက်သို့ ရောက်ရှိသည့်အခါတွင် သတိပေးမှုများ ပြုလုပ်နိုင်ခြင်း မရှိတော့ပေ။

Apple ၏ အပြာရောင်ယူနီဖောင်းများသည် ကုမ္ပဏီ၏ လက်လီလုပ်ငန်းပုံစံကို ဆန်းစစ်ထားသည့် အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုပေါ်လစီအမည်မှာ “Black to Blue” ဖြစ်သည်။ Apple ၏ ဝန်ထမ်းယူနီဖောင်းများကို eBay တွင် ရှာတွေ့နိုင်သလို ကိုယ်တိုင်လည်း ပုံနှိပ်နိုင်သည်။

Apple အရောင်းဆိုင်ဝန်ထမ်း ယူနီဖောင်းများသည် ရာသီအလိုက်ပြောင်းလဲလျက်ရှိသည်။ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် ဖုန်းပြင်ခန်းများတွင် လုံခြုံရေးတိုးမြှင့်ခြင်း သို့မဟုတ် ယူနီဖောင်းကို ရှုပ်ထွေးသည့်ပုံစံ ဖန်တီးခြင်းတို့ကို မကြာမီ ပြုလုပ်နိုင်ဖွယ်ရှိသည်။

Ref: TheNextWeb
စိုးထက် - Internet Journal
Previous
Next Post »
Powered by Blogger.