ဗီယက်နမ်မိန်းကလေးငယ်များကို ခြိမ်းခြောက်နေသည့် တရုတ်သတို့သမီးမှောင်ခိုဈေးကွက်

တရုတ်တွင် သတို့သမီးအဖြစ် လူကုန်ကူးခံခဲ့ရသော ဗီယက်နမ်အမျိုးသမီးတစ်ဦး (ဓာတ်ပုံ-အေအက်ဖ်ပီ)
‘‘ကျွန်မ နိုးလာလာချင်း တရုတ်ပြည်ထဲ ရောက်နေပြီဆို တာ မသိသေးဘူး’’

သူ့ဘဝ တစ်ခုလုံးပြောင်းလဲ သွားစေတဲ့ ညတစ်ညကို လန်ကသတိရနေဆဲပါ။ ဗီယက်နမ် မြောက်ပိုင်း နယ်စပ်နားမှာ နေထိုင်ပြီး တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေတဲ့ လန်ကို တစ်နေ့မှာ တော့ အွန်လိုင်းမှာ သိကျွမ်းလာတဲ့ သူငယ်ချင်းတစ်ယောက်က အဖွဲ့လိုက်ညစာစားမယ့် အစီအစဉ်တစ်ခုအတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ ညစာစားပွဲကနေ အိမ်ပြန်ဖို့ လန် က ပြင်ဆင်တော့ အဲဒီလူတွေကသူ့ကို ခဏဆက်နေပြီး အရက် သောက်ရင်း စကားပြောဖို့ စည်းရုံးကြတယ်။

နောက်ပိုင်းပြန်အသိဝင်လာချိန်မှာတော့ လန်တစ်ယောက် နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ် နိုင်ငံထဲ လူကုန်ကူးပို့ဆောင်ခြင်း ခံထားရပါပြီ။ ‘‘အဲဒီအချိန်မှာ ကျွန်မအရမ်းအိမ်ပြန်ချင်တယ်။ ကားထဲမှာ တခြားမိန်းကလေး တွေလည်း ပါလာသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ အားလုံးထွက်ပြေးလို့ မရအောင် အစောင့်တွေ ချထားတယ်လေ’’လို့ လန်က ပြောပြ တယ်။

တကယ်တော့ တရုတ်နဲ့ နယ်စပ်တစ်လျှောက် ဗီယက်နမ်ကျေးရွာလေးတွေဟာ လူမှောင်ခိုသမားတွေရဲ့ အမဲလိုက်နယ်မြေအဖြစ် တည်ရှိနေခဲ့တာ ကြာပါပြီ။ အသက် (၁၃) နှစ်လောက်ထိ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို လှည့် ဖြားပြီးဖြစ်စေ၊ ဆေးဝါးတွေ သုံးစွဲပြီးဖြစ်စေ တရုတ်ဘက်ကို မော်တော်ဘုတ်၊ ဆိုင်ကယ် (ဒါမှမဟုတ်) ကားတွေနဲ့ ခေါ်ဆောင်သွားလေ့ရှိတယ်။ ငယ်ရွယ်တဲ့ ဗီယက်နမ်မိန်းကလေးတွေဟာ တရုတ် မှာတော့ အရောင်းသွက်တဲ့ ကုန်စည်တွေလို ဖြစ်နေတယ်။ ကလေးတစ်ဦးတည်းယူရမယ့် ပေါ်လစီကို နှစ်ရှည်လများကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံမှာ အမျိုးသားနဲ့ အမျိုး သမီးအရေအတွက် အချိုးအစား မမျှတမှုတွေ ဖြစ်ပေါ်လာတယ်။ အကျိုးဆက်က ရိုးရှင်းလွန်းပါတယ်။ တရုတ်အမျိုးသားတွေ အတွက် ပေါင်းသင်းလက်ထပ်ရ မယ့် သတို့သမီးတွေ လိုအပ်လာ တယ်။

‘‘တရုတ်အမျိုးသမီးတစ်ယောက်ကို လက်ထပ်ယူဖို့ဆိုရင် သာမန်တရုတ်အမျိုးသားတစ်ယောက်အတွက် အကုန်အကျစရိတ်စက အရမ်းများလိမ့်မယ်’’လို့ ကုလသမဂ္ဂရဲ့ လူမှောင်ခို တိုက်ဖျက်ရေးအဖွဲ့ရဲ့ ပြည်တွင်းပရော ဂျက်တာဝန်ခံ ဟာသီဗန်ခန်းက ရှင်းပြတယ်။ ရိုးရာအစဉ်အလာအရ တရုတ်အမျိုးသားတွေအနေနဲ့ ဒေသခံအမျိုးသမီးတစ်ယောက် ကို လက်ထပ်ဖို့ဆိုရင် ခန်းဝင် ပစ္စည်းတွေ၊ လက်ဖွဲ့ကြေးတွေ အများအပြားကုန်ကျမှာ ဖြစ်သလိုအိမ်ထောင်ပြုပြီးရင် အတူနေထိုင် ဖို့ အိမ်သစ်တစ်လုံးလည်း လိုအပ် ဦးမယ်။

‘‘ဒီတော့ ဗီယက်နမ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို တရုတ်နိုင်ငံထဲ တင် ပို့ဖို့ လုပ်လာကြတော့တာပဲ’’လို့ ဟာသီက ဆိုပါတယ်။

ဒီယက်ပ်ဗောင်းဟာ ဗီယက် နမ်မှာ လူမှောင်ခိုမှုတွေကို တိုက်ဖျက်ဖို့အတွက် Pacific Links ဖောင်ဒေးရှင်းကို စတင်ထူထောင် ခဲ့သူ ဖြစ်ပါတယ်။ သူက ဗီယက် နမ်သူသတို့သမီးတွေကို အမြင့်ဆုံးဈေး ဒေါ်လာ ၃,၀၀၀ လောက် အထိပေးပြီး မှောင်ခိုဈေးကွက်မှာ ဝယ်ယူမှုတွေ ရှိနေကြောင်း ပြောပြတယ်။ တရုတ်နဲ့ ဗီယက်နမ် တို့ကြား ယဉ်ကျေးမှု နီးစပ်တူညီတာကြောင့်လည်း ဗီယက်နမ် သတို့သမီးတွေက ပိုပြီး လူကြိုက် များကြောင်း ဒီယက်ပ်က ဆို တယ်။

သူ့သူငယ်ချင်းတစ်ယောက် ရဲ့ ရည်းစားက အတင်းအဓမ္မ ခေါ်ယူလာပြီး တရုတ်ပြည်ထဲ မှောင်ခိုတင်သွင်းခဲ့ချိန်တုန်းက ငုယန်းရဲ့ အသက် (၁၆) နှစ်ပဲ ရှိသေးတယ်။ ငုယန်းက အတင်းအဓမ္မစီစဉ်ပေး တဲ့ လက်ထပ်မှုတစ်ခုကို ခေါင်းမာမာငြင်းဆန်ခဲ့တယ်။ လူမှောင်ခိုသမားက ရိုက်နှက်နှိပ်စက်ညှဉ်းပန်းခဲ့ပြီး အစာရေစာဖြတ်ထားတဲ့ တိုင်၊ သတ်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့တိုင် ငုယန်းက သုံးလလုံးလုံးတောင့်ခံခဲ့တယ်။ ဒါပေမဲ့နောက်ဆုံးမှာတော့ အလျှော့ပေး လိုက်ရရှာပါတယ်။ ငုယန်းရဲ့ တရုတ်နိုင်ငံသား ခင်ပွန်းသည်က သူ့အပေါ် ကြင်ကြင်နာနာရှိပါတယ်။ ဒါပေမဲ့ ဗီယက်နမ်မှာ ကျန်ခဲ့တဲ့ မိသားစုကိုတော့ အမြဲတမ်း လွမ်းနေမိတယ်လို့ ငုယန်းက ဖွင့်ဟတယ်။

‘‘အိမ်ပြန်ချင်စိတ်က တားမနိုင်၊ ဆီးမရပါပဲ။ လူတစ်ယောက်နဲ့ ကျွန်မလက်ထပ်ခဲ့တယ်။ ဒါပေမဲ့ သူ့အပေါ် ဘာခံစားချက်မှ မရှိဘဲနဲ့ သူစိမ်းတစ်ယောက်နဲ့ ကျွန်မ အတူမနေနိုင်ဘူးလေ’’လို့ ငုယန်းက ဆိုပါတယ်။ နောက်တော့ သူ့ယောက္ခမက ငုယန်းဟာ အိမ် ထောင်ရေးနဲ့ ပတ်သက်ပြီး နွေးနွေး ထွေးထွေးသဘောထားမရှိမှန်း သိလာတယ်။ ဒီတော့သူ့ကို လူ မှောင်ခိုသမားတွေဆီ ပြန်ပို့ပြီး ပိုက်ဆံပြန်တောင်းတယ်။ ငုယန်းကတော့ နောက်ထပ် လူတစ်ယောက်နဲ့ အတင်းအဓမ္မ လက်ထပ်ပေးတာမျိုး ကြုံလာပြန် တယ်။

Paicific Links ဖောင်ဒေးရှင်း ဟာ ဗီယက်နမ်မြောက်ပိုင်း လောင်ဆိုင်မြို့မှာ အခြေစိုက်ပြီးလူမှောင်ခိုမှုရဲ့ သားကောင်တွေ အတွက် ခိုနားစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီကို ရောက် လာတဲ့ မိန်းကလေးငယ်တွေဟာ ဖောင်ဒေးရှင်းမှာ သုံးနှစ်လောက်နေထိုင်လေ့ရှိပြီး ကျောင်းတက် ချင်တက် (ဒါမှမဟုတ်) အသက်မွေးဝမ်းကျောင်းအတတ်ပညာ တွေ လေ့ကျင့်သင်ယူကြတယ်။ ပြီးတော့ အနုပညာအခြေခံစိတ်ကုထုံးတွေ ခံယူကြရတယ်။ အချက်အပြုတ်သင်ပေးသလို ဥယျာဉ်ကျယ်ကြီးတစ်ခုထဲမှာ သီးပင်စားပင်တွေ စိုက်ပျိုးကြရ တယ်။ ဘဝတူအမျိုးသမီးတွေ သိုက်သိုက်ဝန်းဝန်း စုပေါင်းနေ ထိုင်ရင်း ရေရှည်မှာကိုယ့်ခြေ ထောက်ပေါ် ကိုယ်ပြန်ရပ်တည်ဖို့၊ ကိုယ့်ဘဝကိုယ် ထိန်းကျောင်းနိုင် ဖို့ ဒီဖောင်ဒေးရှင်းက သင်ကြား လေ့ကျင့်ပေးတယ်။

‘‘ဒီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပရောဂျက် အားလုံးက မိန်းက လေးငယ်တွေ ဘဝကိုပြန်လည် ထူထောင်ပေးဖို့ အဓိကဖြစ်ပါ တယ်။ ဒါမှသာ သူတို့ရဲ့ သာမန်ဘဝထဲ ပြန်ဝင်နိုင်ဖို့ ပိုပြီး လွယ်ကူမှာလေ’’လို့ ဒီယက်ပ်က ပြောပြတယ်။ ဒီယက်ပ်ရဲ့ အဖွဲ့ဟာ နောက်ထပ်ဗီယက်နမ်မိန်းကလေးငယ်တွေ လူမှောင်ခိုသမားတွေ လက်ထဲကျရောက်မသွား အောင် တားဆီးကာကွယ်ရေး အသိပေးလှုံ့ဆော်ပညာပေးမှု တွေလည်း လုပ်ကြတယ်။

လူမှောင်ခိုမှု သားကောင် ဖြစ်ခဲ့ရှာတဲ့ မိန်းကလေးတွေဟာ ဒေသတွင်း အဓိကဈေးနေရာဖြစ်တဲ့ ဘက်ဟားကို တစ်လတစ်ကြိမ်သွားကြတယ်။ လိုအပ်တဲ့အစားအသောက်၊ အဝတ်အ ထည်နဲ့ အသုံးအဆောင်တွေ ဝယ်ယူကြတယ်။ အဲဒီနေ့ကျရင် ဈေးထဲက စင်မြင့်တစ်ခုပေါ် တက်ပြီး တော့ သူတို့ ကြုံတွေ့ခဲ့တာတွေကို ပြောပြကြတယ်။ ဈေးဝယ်သူ တွေ၊ အရောင်းဈေးသည်တွေ အပါအဝင် လူရာပေါင်းများစွာက ဂရုတစိုက် နားထောင်ကြတယ်။ ပြီးတော့ လူမှောင်ခိုမှုနဲ့ ပတ်သက် ပြီး ကိုယ်တိုင်ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ ဖိတ် ခေါ်လိုက်တဲ့အခါ လူအုပ်ထဲက အယောက် ၂၀ လောက် ရှေ့ထွက်လာလေ့ရှိတယ်။

‘‘လူမှောင်ခိုမှုတွေကို တုံ့ပြန် တားဆီးဖို့ဆိုရင် ပတ်သက်ပြီး အများသတိထားလာမိအောင် မျှဝေခြင်းဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်မယ်လို့ ကျွန်မထင်တယ်’’လို့လည်း ဒီယက်ပ်က ပြောတယ်။ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေ၊ နယ်ခြားဒေသ တွေက အမျိုးသမီးငယ်တွေဆီ ပညာပေးအသိဖြန့်ဝေရေးဟာ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စလို့ ကုလသမဂ္ဂလူမှောင်ခိုတိုက်ဖျက်ရေးအဖွဲ့ဝင် ဟာသီကလည်းဆိုတယ်။ တကယ်လို့ ဆင်းရဲနွမ်း ပါးမှုကို လျှော့ချနိုင်ခဲ့မယ်ဆိုရင် တရုတ်မှာ အလုပ်သွားလုပ်ဖို့ မိန်း ကလေးငယ်တွေ စိတ်ဝင်စားမှု လျော့ပါးသွားဖို့ အထောက်အကူ ဖြစ်မယ်လို့လည်း သူက ထောက်ပြတယ်။ တရုတ်မှာ လစာကောင်း ကောင်းနဲ့ အလုပ်သွားလုပ်ဖို့ ဆို တာက လူမှောင်ခိုသမားတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့မက်လုံးပေး နည်းလမ်းတစ်ခု လည်း ဖြစ်တယ်။

CNN သတင်းအဖွဲ့အနေနဲ့တရုတ်-ဗီယက်နမ်နယ်ခြားကို သွားရောက်ခဲ့ချိန်မှာ ဒေသခံရဲတပ်ဖွဲ့က အဲဒီအချိန်အတော အတွင်းမှာတင် လူမှောင်ခိုသမား တစ်ယောက်နဲ့အတူ နယ်စပ်ကို ဖြတ်ကျော်ဖို့ ပြင်ဆင်နေတဲ့ မိန်းကလေး ငါးယောက်ကို ကယ်ဆယ်ထားနိုင်ကြောင်း ပြောပြခဲ့တယ်။ အဲဒီမိန်းကလေးတွေက အသက်(၁၄) နှစ် ဝန်းကျင်ပဲ ရှိကြသေး တယ်။ ရွာထဲက အိမ်နီးချင်းတစ်ယောက်က တရုတ်မှာ အလုပ် သွားလုပ်ရင် ဒေါ်လာ ၆၀၀ လောက် ရမယ်လို့ သူတို့ကို ကတိပေးတယ်။ ဒီတော့ မိဘတွေကိုအသိမပေးဘဲ သူတို့က လူမှောင်ခို သမားနဲ့ တိတ်တိတ်လေးလိုက် လာကြတာပါ။ အခုတော့ အဲဒီ အိမ်နီးချင်းကိုလည်း ရဲတွေက ဖမ်းထားလိုက်ပါပြီ။

ဗီယက်နမ်ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်ဘက် ရောက်နေတဲ့ မိန်းကလေး တွေကိုပါ ကယ်တင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုတယ်။ အစိုးရရဲ့ လူမှုကယ်ဆယ်ရေးဌာန၊ လောင်ဆိုင်ဌာနခွဲ အကြီးအကဲ ငုယန်တွန်လွန်းက ၂၀၁၅ ခုနှစ် အတွင်းမှာ သူတို့အဖွဲ့အနေနဲ့ လူမှောင်ခိုမှုသားကောင်ဖြစ်ခဲ့တဲ့ အမျိုးသမီး ၁၀၉ ဦးကို ကယ် ဆယ်ပြီး မိသားစုတွေဆီ ပြန်ပို့ နိုင်ခဲ့တယ်လို့ ပြောပြတယ်။

‘‘ဗီယက်နမ်နဲ့ တရုတ် ရဲတပ် ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုအရ လူမှောင်ခိုဂိုဏ်းတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ တရုတ်နိုင်ငံ အတွင်းပိုင်း ကျကျ ဒေသတွေကနေ ဗီယက်နမ် အမျိုးသမီး လေးယောက်ကို ပြန် ရှာတွေ့ခဲ့တယ်။ သူတို့တွေက ဆောင်ကြာမြိုင်တွေမှာ လိင်လုပ်သားအဖြစ် အဓမ္မခိုင်းစေခံထားရတာပါ’’လို့ ငုယန်က ဆိုတယ်။ ရဲတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေကယ်တင် မှုမျိုးမကြုံရတဲ့ လူကုန်ကူးခံ အမျိုးသမီးတွေအနေနဲ့တော့ ကိုယ့် လွတ်လမ်းကိုယ်ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ တချို့ဆိုရင်တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဆွေမျိုးတချို့နဲ့ အဆက်အသွယ်ရကြ တယ်။ ဒါပေမဲ့ ကိုယ်ဘယ်နေရာ ရောက်နေတယ်ဆိုတာကို တိတိ ကျကျမပြောနိုင်တဲ့အတွက် ရဲကို အကြောင်းကြားပြီး ကယ်ဆယ်လို့ မရဘဲ ဖြစ်နေတတ်ပြန်တယ်။

လန်နဲ့ ငုယန်းတို့ဟာ လူကုန်ကူးသမားတွေရဲ့ ပို့ဆောင်မှု ကြောင့် တစ်မြို့တည်းကိုအတူရောက်လာကြသူတွေဖြစ်ပါ တယ်။ ၂ နှစ်လောက် အကြာမှာ တော့ နှစ်ယောက်စလုံး သူတို့ ပိတ်မိနေတဲ့ နေအိမ်ကနေ ထွက်ပြေးလာနိုင်ခဲ့တယ်။ တက္ကစီငှားစီးပြီး နီးစပ်ရာ ရဲစခန်းကိုအရောက် လာပြီး တိုင်ကြားနိုင်ခဲ့ကြတယ်။ အဲဒီတစ်ချိန်လုံး သူတို့ခင်ပွန်း သည်ရဲ့ မိသားစုက လိုက်လာပြီး အနှောင့်အယှက်ပေးမှာကို လန် ရော ငုယန်းပါ အရမ်းစိုးရိမ် ကြောက်ရွံ့နေခဲ့ကြတယ်။ ဒါပေမဲ့တရုတ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး မှုတွေ လုပ်ဆောင်ပြီးတဲ့နောက် မိန်းကလေးနှစ်ယောက်ကို ဗီ ယက်နမ်ပြန်ပို့ပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ လန် ရော ငုယန်းပါအတင်းအကျပ် လက်ထပ်ပေးခံရတဲ့ သတို့သမီး ဘဝတွေကို ကျောခိုင်းပြီး လွတ်မြောက်လာခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ ဘဝမှာတော့ တန်ဖိုးကြီးကြီးပေး ဆပ်ခဲ့ရတာတွေကို မေ့ဖျောက်လို့ မရနိုင်တော့ပါဘူး။ သူတို့ နှစ် ယောက်စလုံး တရုတ်နိုင်ငံမှာ ကလေးတွေ ကျန်ခဲ့ကြတယ်။

လန်က သူ့သမီးလေးကို ပြန်တွေ့ခွင့် ရမယ်ဆိုရင် အခုလိုထားခဲ့ရတာကို ပြန်တောင်းပန်ချင်ပါ တယ်လို့ ဖွင့်ဟခဲ့တယ်။ ‘‘ဘာပဲဖြစ်ဖြစ် အဲဒီမှာ သမီး လေးအတွက် ပိုကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ခွင့်ရလိမ့်မယ်လို့ တွေးရင်း ကျွန်မဖြေသိမ့်ပါ တယ်’’လို့ သူက ပြောတယ်။

လန်ရော ငုယန်းပါ ကျောင်း သူဘဝတုန်းက စာသင်ခန်းထဲမှာ လူမှောင်ခိုမှုတွေနဲ့ ပတ်သက်ပြီး ဆရာမတွေက သတိပေးသင် ကြားတာတွေ ကြုံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ သူတို့ ကိုယ်တိုင် ကြုံတွေ့လာမယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ဘူးလို့ လည်း မိန်းကလေး နှစ်ယောက်က ဝန်ခံခဲ့ကြပါတယ်။

—Ref:CNN
ဇွဲရဲဝင့် - Trend Myanmar
Previous
Next Post »
Powered by Blogger.