ပင်ဂွင်းငှက်ကလေးတစ်ကောင်သည် ၎င်း၏အသက်သခင်ကျေးဇူးရှင်နှင့် အတူနေထိုင်ရန်အတွက် မိုင် ၅၀၀၀ မျှ ခရီးကို နှစ်စဉ်ရေကူးလာလေ့ရှိကြောင်း သိရသည်။
ဘရာဇီးနိုင်ငံမှ အငြိမ်းစားပန်းရံသမားကြီးတစ်ဦးဖြစ်သည့် အသက် ၇၁ နှစ်အရွယ် ဂျိုအိုပီယေးရား ဒီဆိုဇာနှင့် ပင်ဂွင်းငှက်လေး ဒင်ဒင်းမ်တို့ကြား သံယောဇဉ်သည် ကြားသိရသူတိုင်းအတွက် အံ့ဩကြည်နူးစရာ ဖြစ်ခဲ့ရသည်။
ရီယိုဒီဂျနေရိုးမြို့ အပြင်ဘက်ရှိ ရွာငယ်တစ်ခုတွင် နေထိုင်သည့် ဒီဆိုဇာသည် ၂၀၁၁ ခုနှစ်တွင် ပင်ဂွင်းငှက်လေးတစ်ကောင်ကို သေလုမျောပါး အခြေအနေဖြင့် ရွာပြင် ကျောက်ဆောင်များပေါ်၌ တွေ့မြင်ခဲ့သည်။ အကူအညီမဲ့နေသည့် ငှက်ကလေးသည် ရေနံဆီကွက်များ စွန်းထင်းကာ မလှုပ်မရှားနိုင်ဖြစ်နေပြီး အစာရေစာငတ်ပြတ်၍ သေလုမျောပါး အခြေအနေနှင့် ကြုံနေရသည်။
ထိုအခါ ဒီဆိုဇာက တောင်အမေရိက မက်ဂျီလာနစ်မျိုးစိတ် ပင်ဂွင်းလေးကို နေအိမ်သို့ တယုတယခေါ်ဆောင်လာပြီး ပြုစုစောင့်ရှောက်ကုသပေးခဲ့သည်။ ပင်ဂွင်းငှက်လေး၏ အမွေးအတောင်များတွင် ကပ်ငြိနေသည့် ရေနံချေးများ ပြောင်စင်သည်အထိ ချွတ်ပစ်ရန် ဒီဆိုဇာအနေဖြင့် တစ်ပတ်မျှထိ အချိန်ယူခဲ့ရသည်။
ဒင်ဒင်းမ် ကျန်းမာရေးပြန်ကောင်းလာသည့်အခါ ဒီဆိုဇာက ပင်ဂွင်းလေးကို ပင်လယ်ထဲပြန်လွှတ်ပေးလိုက်သည်။ ၎င်းအနေဖြင့် ဒင်ဒင်းမ်ကို နောက်တစ်ခါ ပြန်လည်တွေ့ဆုံရတော့မည် မဟုတ်ဟုလည်း ယူဆခဲ့သည်။ သို့သော် နောက်ထပ်လအနည်းငယ်အကြာတွင် ငှက်ကလေးသည် ဒီဆိုဇာ နေထိုင်ရာ ကမ်းလွန်ကျွန်းလေးသို့ ပြန်ရောက်လာပြီး ဒီဆိုဇာ၏အိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက် လမ်းလျှောက်ဝင်လာသည်။ ထိုအချိန်မှစ၍ နှစ်တိုင်းနှစ်တိုင်း ၎င်းသည် မိုင် ၅၀၀၀ မျှ ကွာဝေးသည့်ခရီးကို ဖြတ်သန်းကာ ဒီဆိုဇာထံ ပြန်လာလေ့ ရှိသည်။
ဒင်ဒင်မ်းသည် တစ်နှစ်လျှင် ၈ လမျှထိ ဒီဆိုဇာထံတွင် နေထိုင်ပြီး သဘာဝအလျောက် မျိုးပွားရာသီတွင် အာဂျင်တီးနားနှင့် ချီလီကမ်းခြေရှိ ၎င်း၏မျိုးနွယ်တူများ ကျက်စားရာဒေသသို့ ရေကူး၍ ပြန်သွားလေ့ရှိကြောင်း သိရသည်။ ထိုခရီးစဉ်သည် မိုင် ၅၀၀၀ မျှ ကွာဝေးသည်ဟု ခန့်မှန်းရသည်။
“အခုတော့ ဒီပင်ဂွင်းလေးကို ကျွန်တော့်သွေးသားအရင်းလို တွယ်တာနေမိပါပြီ။ ဒင်ဒင်းမ်ကလည်း ကျွန်တော့်ကိုချစ်တယ်လို့ ထင်ပါတယ်” ဟု ဒီဆိုဇာက ဆိုသည်။ ၎င်းက “ဒင်ဒင်းမ်က သူ့ကိုဘယ်သူမှ ပေးမထိဘူး။ တခြားလူတွေ သွားထိရင် ရန်လုပ်ရော။ သူက ကျွန်တော့်ပေါင်ပေါ်မှာ တက်ထိုင်နေလေ့ရှိတယ်။ အဲဒီကျရင် ကျွန်တော်က သူ့ကို ရေချိုးပေးရတယ်။ ကျွန်တော်ကျွေးတဲ့ ငါးသေတ္တာကို စားတယ်။ ပြီးတော့ ကျွန်တော်ပဲ သူ့ကိုချီလို့ရတယ်”ဟုလည်း ပြောကြားခဲ့သည်။
ဒီဆိုဇာက ဒင်ဒင်းမ် အင်အားပြည့်ဝစေရန် အစာရေစာ ဂရုတစိုက်ကျွေးမွေးပြီး ပင်လယ်ထဲသို့ ပြန်လွှတ်ပေးသည်။ သို့သော် ပင်ဂွင်းလေးက ပြန်မသွားဘဲ ၎င်းနှင့်သာ အတူဆက်နေခဲ့သည်။ “နောက်တော့ သူအမွေးအတောင်သစ်တွေ ထွက်လာတယ်။ အဲဒီနောက်ကျမှ ပျောက်သွားတာ”ဟု ဒီဆိုဇာက ဒင်ဒင်းမ်၏ ပထမဆုံး အလည်အပတ် ခရီးကို အမှတ်တရ ပြောပြခဲ့သည်။
“လူတိုင်းက ပင်ဂွင်းလေး ပြန်လာတော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လေးနှစ်လုံးလုံး သူက ပုံမှန်ပြန်လာပြီး ကျွန်တော်နဲ့ နေတယ်။ ဇွန်လလောက်ဆို ရောက်လာပြီး ဖေဖော်ဝါရီလောက်မှာ ပြန်သွားတတ်တယ်။ နှစ်တိုင်းနှစ်တိုင်း ကျွန်တော့်ဆီ ပြန်လာတဲ့အခါ သူပိုပိုပြီး ပျော်ရွှင်လာတယ်လို့လည်း ခံစားမိတယ်”ဟု ဒီဆိုဇာက ကြည်ကြည်နူးနူး ဆိုသည်။
ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်သည့် ဂျိုအို ပေါ်လို ကရာဂျူစကီးက ဒင်ဒင်းမ်နှင့်ပတ်သက်၍ ဒီဆိုဇာနှင့် လက်တွေ့အမေးအဖြေ ပြုလုပ်ပြီးနောက် “အရင်က ဒီအဖြစ်မျိုး ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးဘူး။ ကျွန်တော် ယူဆတာကတော့ ဒီဆိုဇာဟာ သူ့ရဲ့ မိသားစုဝင် တစ်ယောက်အဖြစ် ပင်ဂွင်းလေးက မှတ်ယူသွားပုံရတယ်။ ပြီးတော့ ဒီဆိုဇာက သူ့အမြင်မှာ ပင်ဂွင်းတစ်ကောင်ပဲ ဖြစ်နေနိုင်တယ်။ ဒီဆိုဇာကို တွေ့လိုက်ရင် ခွေးတွေလိုပဲ သူ့အမြီးတိုလေးကို နှံ့ရင်း ပျော်မြူးနေတော့တာပဲ”ဟု Independent သို့ ပြောကြားသွားသည်။
Ref: Daily Mail
7day
Sign up here with your email
ConversionConversion EmoticonEmoticon