နာဇီအကျဉ်းစခန်းက ပြန်လွှတ်ခဲ့တဲ့ အသက်(၉၀)အရွယ် အဖွားအို ဘ၀ဖြစ်စဉ်ကို အကဖြင့် ပုံဖော်တင်ဆက်




''ဘ၀မှ နောက်ကျနေပြီဆိုတာ မရှိပါဘူး''. . . . . ။
အခုလို ပြောချိန်မှာ ဖာဟီဒီရဲ့ မျက်နှာက ပြုံးယောင်သမ်းနေပါတယ်။ ဖာဟီဒီ အရွယ်ရောက်ခဲ့တဲ့ အချိန်မှာ နာဇီတွေက ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေချိန်ဖြစ်ပြီး ဟန်ဂေရီမိန်းမပျို ဖာဟီဒီလည်း အသက်(၁၈)နှစ် အရွယ်မှာ မိသားစုနဲ့အတူ နာဇီတွေရဲ့ နာမည်ကျော် Auschwitz အကျဉ်းစခန်းကို ရောက်ခဲ့ပါတယ်။

နာဇီတွေဟာ ၁၉၄၄ ခုနှစ် မေလကနေ ဇူလိုင်လအတွင်း ဟန်ဂေရီနိုင်ငံက ဂျူးလူမျိုး ၄၄၀၀၀၀ ကို ငရဲခန်းတွေကို ပို့ဆောင်ခဲ့ပြီး ဖာဟီဒီရဲ့ မိဘနှစ်ပါးနဲ့ အသက်(၁၁)နှစ်အရွယ် ညီမငယ်အပြင် ဆွေမျိုး ၄၉ ဦးလည်း နာဇီတွေရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၄၅ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်မှာ ရုရှားတပ်နီတော်က Auschwitz အကျဉ်းစခန်းက အကျဉ်းသားတွေကို ကယ်တင်နိုင်ခဲ့ချိန်မှာ ဖာဟီဒီ ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက်(၉၀)ရှိနေပြီဖြစ်တဲ့ ဖာဟီဒီက ဘာလင်မြို့မှာ ကျင်းပနေတဲ့ Auschwitz အကျဉ်းစခန်းက အကျဉ်းသားတွေ လွတ်မြောက်တဲ့ ၇၁ နှစ်မြောက် အခမ်းအနားမှာ သူ့ဘ၀တစ်လျှောက် ကြုံတွေ့ခဲ့ရတာတွေကို အကနဲ့ ဖော်ကျူးခဲ့ပါတယ်။ ''အစတုန်းကတော့ ကျွန်မ မလုပ်နိုင်တဲ့ အတားအဆီးတွေကိုပဲ ခံစားမိခဲ့ပါတယ်။ ဒါပေမဲ့ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ လေ့လာနေရင်းနဲ့ ကျွန်မရဲ့ အိုမင်းရင့်ရော်နေတဲ့ ခန္ဓာကိုယ်က လုပ်ချင်နေတဲ့အရာတွေကို အံ့အားသင့်ဖွယ် ခံစားမိခဲ့ပါတယ်''လို့ ဖာဟီဒီက ပြောပါတယ်။

ဖာဟီဒီရဲ့ဘ၀တစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဖော်ကျူးတဲ့ ကပွဲကို Sea Lavender (သို့မဟုတ်) The Euphoria of Being လို့ အမည်ပေးထားပြီး အကနဲ့ စကားပြော ရောစပ်ထားတဲ့ အဲဒီကပွဲဟာ မိနစ် ၁၀၀ ကြာမြင့်ပါတယ်။ မြေဆီမြေနှစ် မကောင်းတဲ့နေရာမှာ ပေါက်ရတဲ့ ပင်လယ်ပန်းခရမ်းပင်က သူ့ရဲ့ ကြမ်းတမ်းတဲ့ ဘ၀ကို ထင်ဟပ်ပြနေသလို ဖြစ်တာကြောင့် ပြပွဲကို အခုလို နာမည်ပေးထားတာလို့ ဖာဟီဒီက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အဲဒီကပွဲကို စတင်ခဲ့ပြီးနောက် ဘူဒါပက်မြို့ရဲ့ နာမည်ကျော် Vigszinhaz ပြဇာတ်ရုံမှာ ရုံပြည့်ရုံလျှံ ကပြဖျော်ဖြေခဲ့ရတာ ရှစ်ကြိမ်ရှိခဲ့ပါပြီ။

သူ့ဘ၀မှာ ကြုံကြိုက်ခဲ့ရတာတွေကို ဖော်ပြနိုင်ဖို့အတွက် အကကို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ဖာဟီဒီက အခုလိုပြောပါတယ်။ ''ကိုယ်ဟန်အမူအယာနဲ့ လှုပ်ရှားမှုတွေက စကားတွေထက် ပိုလွတ်လပ်ပါတယ်။ ပြီးတော့ လူတစ်ယောက်အကြောင်းကိုလည်း ပိုပြီး ပြောပြနိုင်ပါတယ်''။ ဖာဟီဒီဟာ အသက်(၃၆)နှစ်အရွယ် အကမယ်နဲ့ တွဲဖက်ပြီး အဲဒီကပွဲကို ဖျော်ဖြေတင်ဆက်ခဲ့တာပါ။

Auschwitz အကျဉ်းစခန်းကနေ လွတ်မြောက်ခဲ့ပြီး ၅၉ နှစ်အကြာ(၂၀၀၃ခုနှစ်)မှာ ဖာဟီဒီက ၀မ်းနည်းကြေကွဲစရာဖြစ်ရပ်တွေရှိခဲ့တဲ့ အဲဒီအကျဉ်းစခန်းကို တစ်ကျော့ပြန် သွားရောက်လည်ပတ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ The Soul of Things စာအုပ်ကို ဂျာမန်ဘာသာစကားနဲ့ ထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီစာအုပ်ကို ဖာဟီဒီက ဟန်ဂေရီဘာသာပြန်ဆိုခဲ့ပြီး အင်္ဂလိပ်၊ ဖင်လန်ဘာသာစကားတွေနဲ့လည်း ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Nz ရိုးရာလေး
Previous
Next Post »
Powered by Blogger.