၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စစ်အာဏာရှင် ဗိုလ်ချူပ်ကြီးနေဝင်း တိုင်းပြည် အချူပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ ဓားပြတိုက် လုယူခဲ့ချိန်ကနေ ပြည်သူလက်မခံတဲ့ တဘက်စောင်းနင်း ရွေးကောက်ပွဲ အတုအလိမ်ကြီးနဲ့ အာဏာသိမ်းပိုက်ထားတဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရထိတိုင် ရေတွက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အားကြီးသူ လက်နက်ရှိသူက နိုင်ငံတော်အာဏာကို မောင်ပိုင်စီးတဲ့ဓလေ့ ထွန်းကားခဲ့တာ နှစ်ပေါင်း ၅၀ ကျော်နေပြီ။
တကယ်တော့ မောင်ပိုင်စီးချင်တဲ့စိတ်ဆိုတာ အသိဉာဏ်နည်းပါးမှု၊ ကိုယ်ကျင့်သီလ ချို့ယွင်းမှုတွေရဲ့ စေ့ဆော်တိုက်တွန်းလိုက်ရာက ထွက်ပေါ်လာတဲ့ အတ္တကိုဗဟိုပြုထားတဲ့ သိမ်ဖျင်းတဲ့ အောက်တန်းစားစိတ်ပါပဲ။
လူထုတပ်မတော်ကို လူတစုတပ်မတော်လုပ်ပြီး မောင်ပိုင်စီးခဲ့တယ်၊ နိုင်ငံတော်ဆိုတာကို မောင်ပိုင်စီးတယ်။ စာဖတ်သူတွေ မှတ်မိကြဦးမှာပါ။ အာဏာရှင်ပိုး ကူးစက်ခံရတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့သဘောထားကို “နိုင်ငံတော်ရဲ့စေတနာ” ဆိုတဲ့ စကားလုံးကို ၁၉၈၈ ခုနှစ် အာဏာသိမ်းစက ပြည်သူပိုင်သတင်းစာနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားကနေ ဆီသည်မလက်သုတ်ပုဝါလို ထပ်ခါတလဲလဲ သုံးခဲ့တာပါ။
စစ်အာဏာရှင်ဘိုးအေကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တုန်းကတည်းက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေး တပ်မတော်နဲ့ တတိုင်းတပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သားအပေါင်းက မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်ဂျပန်ကို မြန်မာနိုင်ငံကနေ မောင်းထုတ်ဖို့ တော်လှန်ခဲ့တာကို အကြောင်းပြုပြီး ဂုဏ်ပြုကျင်းပလေ့ရှိတဲ့ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ ဘယ်သူ့ထံမှ ခွင့်မတောင်းဘဲ မောင်ပိုင်စီးခဲ့တယ်။
အဲ့ဒီတုန်းက ပြန်လည်ဖွံ့ဖြိုး ချမ်းသာလာတဲ့ စစ်ရှုံးဂျပန်နိုင်ငံဟာ သူတို့ရဲ့ ဒုတိယကမ္ဘာစစ်တုန်းက ကျဆင်းခဲ့တဲ့ပုံရိပ်ကို ပြန်လည်ဆယ်ယူဖို့ ကြိုးစားနေချိန်ဆိုတော့ အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းကို ချေးငွေအမြောက်အမြားပေး လာဘ်ထိုးပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကို နာမည်ပြောင်းခိုင်းခဲ့တာကို လက်ခံပြီး ပြည်သူကို မတိုင်ပင်ဘဲ တပ်မတော်နေ့လို့ နာမည်သစ်ပေး မောင်ပိုင်စီးခဲ့တာ ဖြစ်တယ်။
လက်ရှိ သမ္မတဦးသိန်းစိန်တို့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ လက်ထက်မှာတော့ ပိုတောင်ဆိုးလာသေးတယ်။ နိုင်ငံရဲ့ အင်္ဂလိပ်အမည်တောင် ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ တိုင်းရင်းသား မိဘပြည်သူတွေကို မတိုင်ပင်ဘဲ၊ သဘောတူညီချက်မယူဘဲ Burma ကနေ Myanmar လို့ ပြောင်းချင်သလိုပြောင်းပြီး အများပိုင်နာမည်ကို ကိုယ်ပိုင်လုပ် မောင်ပိုင်စီးခဲ့တာ။
ပြင်ဆင်ဖို့ခက်ခဲအောင် တမင်ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့အတူ တိုင်းပြည်ရဲ့ အမှတ်အသား နိုင်ငံအလံကိုလည်း မောင်ပိုင်စီး ပြောင်းလဲပစ်တာ လက်ရှိသမ္မတ ဦးသိန်းစိန်တို့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ပါပဲ။
အဲ့ဒါတင်မကသေးပါဘူး။ နိုင်ငံရဲ့ အချုပ်အခြာအာဏာသုံးရပ်ကို မောင်ပိုင်စီးတယ်၊ လုပ်ပိုင်ခွင့်တွေ မောင်ပိုင်စီးတယ်၊ စစ်ဗိုလ်ချုပ်ကြီးတွေ ဦးစီးပိုင်ဆိုင်တဲ့ ဦးပိုင်ကုမ္ပဏီလီမီတက်ကို တည်ထောင်ပြီး ပြည်သူပိုင်လုပ်ငန်း၊ မြေနေရာ အဆောက်အဦတွေ ဓားပြတိုက်သိမ်းပိုက် တိုင်းပြည်ရဲ့ အဓိကအကျဆုံး စီးပွားရေးလုပ်ကွက်တွေအားလုံးကို မောင်ပိုင်စီးခဲ့တာ လူတိုင်းသိပြီးသားပါ။
သူတို့စနက်ကြောင့် ဆင်းရဲနွမ်းပါးခဲ့ရတဲ့ တောင်သူလယ်သမားတွေဆီက လယ်ယာမြေတွေကို မတရားသိမ်းပိုက် မောင်ပိုင်စီးတယ်၊ အားကိုးရာမဲ့ ဆင်းရဲသား မိဘပြည်သူတွေကို ကျူးကျော်သူလို့ အမည်တပ်လိုတပ်၊ သူတို့အိမ်ယာတွေ ဘူဒိုဇာနဲ့ထိုး ထိုက်တန်တဲ့ တန်ရာတန်ကြေးမပေး၊ နေထိုင်လို့မရနိုင်တဲ့ ဝေးလံခေါင်ဖျားဆီ မပြည့်မစုံနဲ့ ပို့ပြီး ပြည်သူတွေရဲ့ အိမ်မြေယာတွေကို မောင်ပိုင်စီးခဲ့တယ်။
တက္ကသိုလ်တခုမှာ ရှိသင့်တဲ့ အင်္ဂါရပ်တွေ မပြည့်စုံဘဲ သင်ကြားမှု အထောက်အကူပြု အဆောက်အဦ၊ ပစ္စည်းတွေမရှိဘဲ နာမည်ခံတက္ကသိုလ်တွေ ရာချီအောင်ဖွင့်၊ ကျောင်းတွေ ပိတ်ချင်သလိုပိတ်၊ ဖွင့်ချင်သလိုဖွင့်နဲ့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို မောင်ပိုင်စီးပြီး နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးခဲ့ကြတာ။
ပြည်သူတွေက ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ ပေးရင်းပြီး တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီစနစ်ကိုလည်း အာဏာရှင် စစ်ဗိုလ်ချုပ်တွေဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ နာမည်ပေးပြီး မောင်ပိုင်စီးခဲ့ပြန်တာပဲ မဟုတ်လား။
ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ ပြည်တွင်းပြည်ပက တွန်းအားပေးခံလာရတော့ ငြိမ်းချမ်းရေးအတွက် တပြည်လုံး အပစ်ရပ်ဆွေးနွေးပွဲ (အန်စီအေ) ဆိုလည်း ပြည်သူ့ဆန္ဒမဟုတ်တဲ့ တပ်မတော်မူ ၆ ချက်ကို အသေဆုပ်ပြီး မောင်ပိုင်စီးခဲ့တာပါပဲ။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြီးစီးသွားတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ မောင်ပိုင်စီးထားတဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ပြည်သူ့ကိုယ်စားပြုမှု အားနည်းနေတဲ့အပြင် အန်စီအေ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မတက်ရောက်ခဲ့တာမို့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးမပါဝင်ဘဲ ငြိမ်းချမ်းရေးဆိုတာ သူတို့က အုတ်မြစ်ချပေးခဲ့တာလို့ မှတ်တမ်းဝင် ကျေးဇူးအတင်ခံချင်တော့ သူတို့ သက်တမ်းမကုန်ခင် လပိုင်းလေးအတွင်းမှာ ဖုတ်ပူမီးတိုက် အဆောတလျှင် လူမစုံမလင်နဲ့ တက်သုတ်ရိုက်ကျင်းပခဲ့တာ။
အဲ့ဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေနဲ့ ဒီဒီအာ၊ အက်စ်အက်စ်အာ (ခေါ်) စစ်လက်နက် ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းဖို့ အရေးကို အချိန်ကာလ သတ်မှတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တာလည်း ဖတ်လိုက်ရပါတယ်။
ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးစကားဝိုင်းတွေဆီတောင် မရောက်သေးဘူး၊ ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ဘယ်လိုသွားမယ်၊ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မယ်၊ ဘယ်လိုနိုင်ငံရေးစနစ်နဲ့ သွားမယ်ဆိုတာတောင် ဘာမှ မဆွေးနွေးရသေးဘူး၊ လက်နက်ဖြုတ်ဖို့၊ တပ်ဖျက်ဖို့ တွင်တွင်ပြောနေတာဟာ ကြောင်းကျိုး မဆီလျော်ဘူး။
တဆက်တည်းမှာပဲ နိုင်ငံအသီးသီးမှာ ကာကွယ်ရေးအတွက် တပ်မတော်တရပ်သာ ရှိကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း တာဝန်ထမ်းဆောင်နိုင်ဖို့ တပ်မတော်က ဖိတ်ခေါ်ကြောင်းလည်း ပြောဆိုခဲ့တဲ့သတင်း ဖတ်လိုက်ရပါတယ်။
တကယ်တော့ တပ်မတော်ဟာ ပြည်သူ့အစေခံ ၀န်ထမ်းအဖွဲ့အစည်းပဲ ဖြစ်တာမို့ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းတော့မယ့် ပြည်သူ့ကို ကိုယ်စားပြုတဲ့ အရပ်သားအစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာလို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစု အားလုံးကို တန်းတူရည်တူ သဘောထား ဆက်ဆံမှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရယူနိုင်မှာပါ။
အဲ့လိုမှမဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေဟာ အတွေးအခေါ်ဟောင်းတွေ မပြင်ဘဲ တပ်မတော်ကို ကိုယ်ပိုင်ထင်မှတ်ပြီး မောင်ပိုင်စီးဦးမယ်၊ သူများထက် တမူးပိုရှူဦးမယ်၊ အခွင့်ထူးခံဦးမယ်၊ ဥပဒေအထက် နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလှမ်းဝေးနေဦးမှာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ နေ့ကလည်း လွှတ်တော်အစည်းအဝေးမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ် ပွင့်ဖြူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက တပ်မတော်အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ သူ့ရဲ့ ဆွေးနွေးချက်ဟာ တပ်မတော်နဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ရဲ့ သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဆွေးနွေးချက်တွေကို လွှတ်တော်က မှတ်တမ်းအဖြစ် သိမ်းမထားဖို့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ကန့်ကွက်လွှာ ပေးပို့ကြောင်း သတင်းဖတ်လိုက်ရပြန်ပါတယ်။
ဒါဟာ ဘာကို ညွှန်ပြနေသလဲဆိုတော့ တပ်မတော်နဲ့ ပတ်သက်ရင် ဘာကိုမှ မဝေဖန်ဖို့၊ တပ်မတော် မကောင်းတာလုပ်လည်း ပြည်သူတွေက ဘာမှပြောခွင့်၊ စွက်ဖက်ခွင့် မရှိဆိုတဲ့ သဘောပါပဲ။ ပြည်သူနဲ့ တပ်မတော်ကို ဆက် စည်းခြားထားတာပါပဲ။ တပ်မတော်အရာရှိတွေ၊ စစ်ဗိုလ်စစ်သားတွေ လူသတ်၊ မုဒိမ်း၊ မြေသိမ်းဓားပြ စတဲ့ ရာဇ၀တ်မှု၊ နိုင်ငံတော်ဘဏ္ဍာ ခိုးယူမှုတွေလုပ်လည်း ထိထိရောက်ရောက် အရေးယူခွင့်မရှိတဲ့ သဘောနဲ့ အတူတူပါပဲ။
သစ်ကိုင်းတွေချိုင်တဲ့အခါ နတ်နေကိုင်း ချန်ခုတ်ခိုင်းသလိုမျိုး၊ တတိုင်းတပြည်လုံးကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါ တပ်မတော်ကိုတော့ မထိရ မတို့ရ၊ ပြောင်းလဲစရာ မလိုတဲ့သဘော၊ ဥပဒေအထက်မှာ တပ်မတော် ဆက်ရှိနေမယ့်သဘောလို့ ဆိုလိုက်တာပါပဲ။
ပြောင်းလဲခြင်းတွေသာလျှင် မပြောင်းလဲဘဲရှိတဲ့ လောကကြီးမှာ တည်မြဲတဲ့အရာဆိုတာ ဘာမှ မရှိပါဘူး။ အဟောင်း အဟောင်းတွေဟာ အသစ် အသစ်တွေရဲ့ အစားဝင် ဖယ်ရှားမှုကို ခံရမှာ လောကဓမ္မတာပါ။ လူများစု မနှစ်မြို့တဲ့ စစ်အာဏာရှင်စနစ်ဟာ မီးဇာကုန် ဆီခန်းနေပါပြီ။
ဒါကြောင့် စစ်ဗိုလ်ချုပ်တွေ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ စီးပွားရေး၊ မီဒီယာ စတဲ့ ရှိရှိသမျှ ကဏ္ဍတွေထဲက အာဏာရှင် သူငယ်နာ မစင်သေးတဲ့ လူပုဂ္ဂိုလ်အားလုံးကို ပညာရှိ သတိလက်လွတ် မဖြစ်ရလေအောင် အထူးသတိပေး လိုက်ချင်ပါတယ်။
အခုချိန်ခါမှာ အာဏာရှင်စနစ်ဆိုးဒဏ်ကို အနှစ် ၅၀ ကျော် ခံခဲ့ရလို့ လူစဉ်မမီအောင် ဆင်းရဲနုံချာပြီး အောက်တန်းနောက်တန်း ကျခဲ့ရတဲ့ မိဘပြည်သူတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ အရာရာကို မောင်ပိုင်စီးချင်တဲ့ ဓလေ့နဲ့ ဗိုလ်ကျစီးပိုးတဲ့ အကျင့်စရိုက်တွေကို အလွန်ရွံရှာ စက်ဆုပ်နေပြီ ဆိုတာရယ်၊ နိုင်ငံသားအများစုရဲ့ အပြောင်းအလဲကို လိုချင်တဲ့ ပြင်းပြတဲ့ဆန္ဒကို လျှော့မတွက်မိစေဖို့နဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးတော့မယ့် အချိန်ကစလို့ ရှေ့အနာဂတ်ခရီးမှာ မောင်ပိုင်စီးတဲ့ ဓလေ့ဆိုးကြီးကိုပါ နိဂုံးသတ်ခဲ့ပြီး ကိုယ့်အတွက်၊ နှောင်းမျိုးဆက်တွေ ကောင်းကျိုးထွက်စေဖို့အတွက် သိက္ခာရှိတဲ့ သမိုင်းကောင်းကို ကမ္ပည်းထွင်းရစ်ခဲ့ပါလို့ ထပ်လောင်း တိုက်တွန်းလိုက်ရပါကြောင်း။
မင်းကောင်းချစ် / DVB
ဇန်န၀ါရီလ (၂၀) ရက် ၂၀၁၆ ခုနှစ်
Sign up here with your email
ConversionConversion EmoticonEmoticon