စီးပွားရေးဖက်ကို ပိုအချိန်ပေးနေတဲ့အတွက် ကားရိုက်ဖက်ကို လျှော့လိုက်ကြောင်း မိုးဟေကို ဖွင့်ဟ


၂၀၁၅ထဲမှာ ဗီဒီယိုအနေနဲ့ တစ်လတစ်ကားလောက်ပဲ ရိုက်ကူးဖြစ်နေတဲ့ မိုးဟေကိုက ထုတ်လုပ်ရေးတစ်ဖက် စီးပွားရေးတစ်ဖက် အချိန်ပေးနေရတာကြောင့် ကိုယ်အရမ်းရူးသွပ်တဲ့ ကာရိုက်တာလောက်သာ ရွေးချယ် ရိုက်ကူးဖြစ်တယ်လို့ ဆိုလာပါတယ်။ ခုလက်ရှိမှာ သူမဟာ ကျွန်တော်မုန်းနေသော အမျိုးသမီး ဆိုတဲ့ ဇာတ်ကားကို ပြေတီဦးနဲ့ အတူရိုက်ကူးနေပြီး အဲ့ဒီကားထဲမှာ ဆင်းရဲတဲ့ကာရိုက်တာကို သရုပ်ဆောင်ထားတာပါ။ သူမနဲ့တွေ့ဆုံခိုက် သိချင်တာကို မေးမြန်းကြည့်တဲ့အခါ

-အရှေ့မှာထွက်ခဲ့တဲ့ ရက်ရက်စက်စက်ဆိုတဲ့ ကားလေးနဲ့ပတ်သက်ပြီး ပရိသတ်တော်တော်များများအားပေးမှုကို ရခဲ့တယ်နော်။

ဟုတ်ပါတယ်။ ပရိသတ်တွေကြိုက်တယ်ဆိုတော့ မိုးအတွက် အားရှိတာပေါ့။ ပျော်တာပေါ့နော်။ အဲ့ဒီကားကို လက်ခံခဲ့တုန်းကလဲ မစဉ်းစားခဲ့ဘူး။ အားလုံးကို ယုံကြည်လို့ရိုက်ခဲ့တယ်။ အားလုံးက အနုပညာမောင်နှမတွေလေ။ ပရိသတ်တွေ ဆိုတာလဲ ဒီခေတ်မှာ အမြင်ကျယ်နေကြပြီ။ အားလုံးက ဘယ်သူဘာလုပ်မှမဟုတ်ဘူး။ ဇာတ်ကားတစ်ကားကောင်းရင် လူဆိုးပဲဖြစ်ဖြစ် လူကောင်းပဲဖြစ်ဖြစ် ဇာတ်ကားကောင်းရင်ပြီးရောရိုက်ပါတယ်။ ဘယ်အရာမှ သိပ်မကြည့်ဖြစ်ဘူး။

-အဲ့ဒီကာရိုက်တာကို ရိုက်ရဲတဲ့ အတွက်လဲ ပရိသတ်တော်တော်များများက မိုးကို အံ့အားသင့်နေကြတယ်။

ဟုတ်တယ်။ အကုန်လုံး အရမ်းကြိုက်ကြတယ်။ အဲ့ဒီလိုကြားရတဲ့အတွက်လဲ ပိုပြီးပျော်မိတာပေါ့နော်။

-အခုနောက်ပိုင်းမှာ မိုးရဲ့ကားရိုက်တွေ အရမ်းကျဲလာတာတွေ့ရတယ်။

ဟုတ်တယ်။ ဟိုးအရင်ကတည်းကလဲ အခုနောက်ပိုင်းမှာ မိုးမှာ အိမ်အလုပ်တွေလဲ ကူလုပ်ပေးနေရတော့ ကားရိုက်ရတာ ပူလဲပူတယ်။ နောက် ရက်ကလဲ ၈ရက်လောက်ပေးရတာဆိုတော့ တခြားအလုပ်တွေလဲ လွတ်လို့ကိုယ်အရမ်း ရိုက်ချင်တဲ့ကားမျိုးလောက်ပဲ ဦးစားပေးရိုက်ဖြစ်တော့တယ်။ မရိုက်ချင်တဲ့ကားဆိုရင်ငြင်းလိုက်တာများပါတယ်။

-မိုးထုတ်လုပ်ရေးအနေနဲ့လဲ ဇာတ်ကားတွေရိုက်ကူးထားတာတွေ့ရတယ်။

ဟုတ်ပါတယ်။ မိုးထုတ်လုပ်ရေးအနေနဲ့ သုံးကားရိုက်ပြီးသွားပါပြီ။ ၂၀၁၆ ထဲမှာ ထပ်ရိုက်သွားဖို့အစီအစဉ်ရှိပါတယ်။ ကိုယ်တိုင်တော့ စဉ်းစားနေတုန်းပါပဲ၊ အခုလောလောဆယ် မရိုက်ဖြစ်သေးဘူး။ တခြားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးဖို့ပဲ အစီအစဉ်ရှိပါတယ်။ မိုးအခုဇာတ်လမ်းလေးတွေ ဖတ်နေတယ်။ ဘယ်လိုလေးရိုက်ချင်တယ်ဆိုတာတော့ အားလုံးပြန်တိုင်ပင်ကြတာပေါ့နော်။

-သုံးကားလုံးက ကားကြီးတွေပဲဖြစ်တာတွေ့ရတယ်နော်။ အဲ့ဒါလေးကိုလဲပြောပြပေးပါဦး။

ဟုတ်ပါတယ်။ ကုမ္ပဏီအနေနဲ့ကားကြီးပဲ ရိုက်ပါတယ်။ ဗီဒီယိုမရိုက်ပါဘူး။ နောက်တော့မပြောတတ်ဘူးပေါ့နော်။

-ဒီနှစ်ထဲမှာ မိုး ဗီဒီယိုအနေနဲ့ဘယ်နှစ်ကားလောက်ရိုက်ဖြစ်လဲ။

ဟုတ်တယ်။ မိုးအဲ့ဒါအရင်ကတည်းကလဲ ပြောပါတယ်။ မိုးစာအုပ်အတွက် ခရီးတွေအများကြီးထွက်ရိုက်ရတယ်။ ကားဆိုတာ တစ်ကားရိုက်ပြီးရင် သုံးလသို့မဟုတ် ခြောက်လကြာမှ ထွက်တယ်ဆိုတော့ ကားရိုက်တွေလျှော့နေတယ်လို့နဂိုကတည်းကလဲပြောပါတယ်။ ခရီးသွားရတာတွေက များနေပါတယ်။ ဗီဒီယိုက တစ်လတစ်ကားလောက်ပဲ ရိုက်ဖြစ်ပါတယ်။

-စီးပွားရေးဖက်ကို ပိုဦးစားပေးဖြစ်နေတယ်လို့ပြောလို့ရမလား။

မိုးအနုပညာကို စလုပ်ကတည်းက ဖက်ရှင်ဆိုင်တို့ကော်ဖီဆိုင်တို့ကို တွဲဖွင့်တယ်။ နောက်တခြားသူငယ်ချင်းတွေနဲ့လဲ စပ်တူလုပ်ထားတဲ့ အလုပ်လေးတွေရှိတယ်။ ဒါဟိုးအရင်ကတည်းက တွဲလုပ်လာတဲ့ အလုပ်ပေါ့။ ဒါပေမဲ့ အခြေအနေအကြောင်းတစ်ခုမှာ ကိုယ်က ဒီဖက်ကို ပိုပြီးအားသာပြီး အချိန်ပိုပြီးပေးရတော့မယ်ဟေ့ဆိုရင်လဲ တစ်ဖက်ကို လက်လွတ်ဆုံးရှုံးရမယ်။ နှစ်ဖက်စလုံးမှာကိုယ်ကြီးပဲ သွားလုပ်နေလို့မရဘူး။ အဲ့ဒါကြောင့် တစ်ခုဖက်ကို ပေးချင်တဲ့အတွက် တစ်ခုဖက်ကို လျှော့လိုက်တာပါ။

-အခု ပရိသတ်တွေနဲ့လည်း ဆုံဖြစ်တာတွေ့ရတယ်။

ဟုတ်ကဲ့။ ပျော်ပါတယ်။ ကုမ္ပဏီက စီစဉ်ပေးတာပေါ့။ မိုးရဲ့ ပရိသတ်တွေနဲ့တွေ့ရအောင်လေ။ ပရိသတ်တွေကတော့ အမြဲတမ်း စုံစမ်းပြီးလာကြတဲ့အတွက် အမြဲလိုလိုတွေ့ဖြစ်တယ်။ သူတို့တွေက မိုးအတွက် လက်ဆောင်လေးတွေ ယူလာကြတယ်။ ဓာတ်ပုံတွေ တွဲရိုက်ကြတယ်။ ရင်းရင်းနှီးနှီးစကားတွေပြောကြတယ်။ မိုးအတွက်အရမ်းကို ပျော်စရာကောင်းပြီးပြည့်စုံပါတယ်။

-မိုးအိမ်ထောင်ရေးဇာတ်လေးတွေ ပိုရိုက်ဖြစ်နေသလိုပဲ။

ဟုတ်တယ်။ ဟုတ်တယ်။ အိမ်ထောင်ရေးဇာတ်လေးတွေ လာတာများတယ်။ အိမ်ထောင်ရေးဆိုပေမဲ့ မတူတဲ့ ပုံစံလေးတွေတော့ ကွဲထွက်နေအောင် မိုးကြိုးစားပြီးရွေးချယ် ရိုက်ကူးဖြစ်တယ်။

-ဒီနှစ်အကယ်ဒမီအတွက်လဲ မိုးအတွက်ပရိသတ်တွေကရင်ခုန်ပေးနေကြတယ်။

မိုးထက်တော်တဲ့သူတွေကို ရစေချင်ပါတယ်လို့။

-တန်ဆောင်တိုင်ဘယ်မှာရှိမလဲ။

ရန်ကုန်မှာပဲရှင့်။

-New Year ကိုရောခရီးထွက်ဖြစ်မလား။

ပြည်ပကိုတော့ ခရီးသွားတာရှိမယ်ရှင့်။ သေချာရင်ထက်ပြောပါ့မယ်။

ခင်ဆွေသက် - Trend Myanmar
Previous
Next Post »
Powered by Blogger.