ဇွဲကောင်းသော ၀ါရင့်နိုင်ငံရေးသမားကြီး

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပူပြင်းလှသော နေ့လယ်ခင်းတစ်ခုတွင် အသက်(၈၀)ကျော်အရွယ် အဘိုးအိုတစ်ဦးသည် အဖြူရောင် လျှာထိုးဦးထုပ်လေးကို ဆောင်းကာ နေပူရှိန်ကို အန်တုပြီး လမ်းသွားလမ်းလာ ပြည်သူများအား လက်ကမ်းစာရွက်လေးများ ဖြန့်ဝေနေသည်။ လက်ကမ်းစာရွက်လေးများ ဖြန့်ဝေနေသော သူ၏ ဟန်ပန်သည် အသက်အရွယ်နှင့် မမျှအောင်ပင် တက်ကြွနေပြီး လက်ကမ်းစာရွက်တွင် ရေးသားထားသည့် အကြောင်းအရာများကိုလည်း စာရွက်ကမ်းရင်း စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

ထိုအဘိုးအိုသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက် ပွဲကြီးနှစ်ခု၌ ယှဉ်ပြိုင်ခဲ့ဖူးသည်။ လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုလည်း အလျှော့မပေးဘဲ သူ့အတွက် တတိယအကြိမ်အဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဦးမည့် ဦးသုဝေပင်ဖြစ်သည်။

‘‘ဒီရွေးကောက်ပွဲက ကျွန်တော့်အသက်အရွယ်အရ နောက်ဆုံးပြိုင်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ အနိုင်ရ အောင် ရှိသမျှအားနဲ့ စည်းရုံးရေး ဆင်းနေတယ်’’ဟု ဦးသုဝေက ပြောသည်။

ဦးသုဝေသည် အထွေထွေ ရွေးကောက်ပွဲ ၀င်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော်တွင် အသက်အရွယ် အကြီးဆုံးသူများအနက် တစ်ဦးဖြစ်ပြီး ၀ါရင့်နိုင်ငံရေးသမားတစ် ဦးလည်း ဖြစ်သည်။

အသက်အရွယ်အရ (၈၀)ကျော်ပြီ ဖြစ်သော်လည်း ဦးသုဝေသည် ၎င်းနေထိုင်ရာ ရန်ကုန်မြို့ ဆင်ခြေဖုံး ရွှေပြည်သာမြို့ရှိ နေအိမ်မှ ပါတီရုံးခန်းရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်သို့ နေထိုင်မကောင်းသည့်ရက်များမှအပ နေ့စဉ်နံနက်တိုင်း အိပ်ရာမှ စောစောထကာ မီးရထားဖြင့် ရုံးတက်ရုံးဆင်းလုပ်လေ့ရှိသည်။

ရွေးကောက်ပွဲကို လူငယ်ကိုယ်စားလှယ်လောင်းများနှင့် လက်ရည်တူယှဉ်ပြိုင်မည့် ဦးသု ဝေသည် မြန်မာ့နိုင်ငံရေးနယ်ပယ် သို့ အသက်(၁၅)နှစ်အရွယ်ကပင် စတင်ခြေချခဲ့သည်ဟုဆိုသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသွားသည့်အခါ အသက်(၁၅)နှစ်အ ရွယ်ရှိပြီဖြစ်သော ကိုသုဝေသည် ဇာတိမြေ တောင်ငူမှ ရန်ကုန်သို့ ရောက်ရှိလာသည်။သူ၏ နိုင်ငံရေး သမားဘ၀အစကို မြန်မာနိုင်ငံတွင် ထင်ရှားသော နိုင်ငံရေးသမားအ များစုကဲ့သို့ပင် ကျောင်းသားသမဂ္ဂ ၌ ပါဝင်လှုပ်ရှားခြင်းဖြင့် စတင်ခဲ့ သည်။

‘‘ရန်ကုန်တက္ကသိုလ်ရောက်တော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှာလည်း ဗဟိုအလုပ်အမှုဆောင် လုပ် တယ်။ ကျောင်းသားနိုင်ငံရေးက အဲဒီကတည်းကလုပ်တယ်’’ဟု ဦး သုဝေကပြောသည်။

ကိုသုဝေသည် ကျောင်းသားသမဂ္ဂတွင်လုပ်ကိုင်နေရာမှ ဖဆပလအဖွဲ့ကြီး၏ လူငယ်ဌာနသို့ ၀င် ရောက်ခဲ့ပြီး ကျောင်းသားနိုင်ငံရေး သမားဘ၀မှ ပါတီနိုင်ငံရေးသမား လူငယ်တစ်ဦးအဖြစ် ပြောင်းလဲ လိုက်သည်။

ဖဆပလတွင် နိုင်ငံရေးသမားတစ်ဦးအဖြစ် လှုပ်ရှားနေရင်းထိုစဉ်က အစိုးရအဖွဲ့၏ ဒုတိယ ၀န်ကြီးချုပ်ဖြစ်သူ ဦးကျော်ငြိမ်းနှင့် ရင်းနှီးမှုရရှိခဲ့ပြီး ကိုယ်ရေးအတွင်း ၀န်အဖြစ် အချိန်အတန်ကြာ လုပ် ကိုင်ပေးခဲ့သည်။

ဦးကျော်ငြိမ်းထံတွင် ကိုယ် ရေးအတွင်းဝန်အဖြစ်လုပ်ကိုင်နေရင်း တစ်ဖက်ကလည်း နိုင်ငံရေးကို လေ့လာနေသူ ဦးသုဝေအတွက် ပြည်ပကို ထွက်ခွာပြီး အစိုးရကို ပုန်ကန်ရမည့် အခြေအနေတစ်ရပ် သည် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေး ကောင်စီက အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်လာခဲ့သည်။

‘‘အာဏာသိမ်းအစိုးရကို တော်လှန်မယ်ဆိုတဲ့ စိတ်နဲ့ ထိုင်း နိုင်ငံကို ထွက်သွားတယ်။ နိုင်ငံခြား အဆက်အသွယ်ရှာတာပေါ့။ ရဲဘော်သုံးကျိပ်လိုပေါ့’’ဟု ဦးသုဝေက အာဏာသိမ်းအစိုးရကို တော်လှန်ရန်ကြိုးပမ်းခဲ့ပုံကို တက်ကြွစွာ ပြန်ပြောင်းပြောပြသည်။

၁၉၆၅ တွင် ထိုင်းနိုင်ငံကိုရောက်ရှိခဲ့သော ဦးသုဝေသည် အာဏာသိမ်းအစိုးရကို တော်လှန်ရန် နိုင်ငံခြားအဆက်အသွယ်ကို ရှာဖွေနေရင်း ၀မ်းရေးအတွက် နိုင်ငံရေးသမားတစ်ဖြစ်လဲ သတင်း သမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ သည်။

‘‘ကိုယ့်ရဲ့နေရေးထိုင်ရေးအ တွက် သတင်းစာဆရာ ၀င်လုပ်တယ်။ ကိုယ်ကလည်း သတင်းစာအလုပ်ကို ၀ါသနာလည်းပါတယ်။ နိုင်ငံရေးသမားအတွက် သတင်း ဖတ်ဖို့လည်းလိုတော့ ၀င်လုပ် လိုက်တယ်’’ဟု ဦးသုဝေက ပြော သည်။

ဦးသုဝေသည် ထိုင်းနိုင်ငံ တွင် United Press International (UPI)နှင့် Bangkok World တို့ တွင် သတင်းအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး တစ်နှစ်အကြာတွင် ၀န်ကြီးချုပ်ဟောင်း ဦးနုတို့အဖွဲ့ ရောက်ရှိလာကာ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော အာဏာသိမ်းအစိုးရကို တော်လှန်ရန် ပါလီမန်ဒီမိုကရေစီပါတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ပါတီတွင် နိုင်ငံရေးဌာနနှင့် တော်လှန်ရေးတပ်တို့ ပါဝင်ပြီး ဦးသုဝေသည် နိုင်ငံရေးဌာန လက်အောက်တွင်ရှိသော အသံလွှင့်ဌာန ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

‘‘အကြောင်းအမျိုးမျိုး ကြောင့် ကျွန်တော်တို့ တော်လှန်ရေး မအောင်မြင်ခဲ့ဘူး။ နောက်တော့ ၁၉၈၀ လောက်မှာ အစိုးရကလည်း ကျွန်တော်တို့ကို ပြန်ပြီး ဖိတ်ခေါ်တာနဲ့ ရန်ကုန်ကို ပြန်ရောက်လာတယ်’’ဟု ပြည်တော်ပြန် အတွေ့အကြုံကို ဦးသုဝေက ခပ်ဖြည်းဖြည်းပြောပြသည်။

ယင်းနောက် ရှစ်လေးလုံးအ ရေးတော်ပုံကြီး ပေါ်လာသည့်အချိန်တွင် နိုင်ငံရေးလုပ်ငန်းတွေ လုပ်နိုင်တော့မည့် အခြေအနေများ ဖြစ်လာသည့်အတွက် ရဲဘော်သုံးကျိပ်ဝင်ဖြစ်သော ဗိုလ်မှူးအောင် နှင့် ဒီမိုကရေစီပါတီဟူသော ပါတီ တစ်ခုကို တည်ထောင်ခဲ့သည်။ ယင်းပါတီတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးအောင်က တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသုဝေက တာဝန်ယူခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်းမှာပင် ၀န်ကြီးချုပ် ဟောင်းဦးနုက ဒီမိုကရေစီနှင့်ငြိမ်း ချမ်းရေးပါတီကို တည်ထောင်ခဲ့ သောကြောင့် ဒီမိုကရေစီပါတီတစ်ဖွဲ့လုံးသည် ဦးနုဦးစီးသည့်ပါတီထဲ သို့ ကူးပြောင်းခဲ့ပြီး ဗဟိုအလုပ်အ မှုဆောင်အဖွဲ့တွင် စည်းရုံးရေး တာဝန်ခံအဖြစ် ဦးသုဝေကတာဝန် ထမ်းဆောင်ခဲ့သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီသည် အစိုးရကို စင်ပြိုင်အစိုး ရလုပ်သည့်အတွက် အရေးယူခံခဲ့ ရသောကြောင့် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ဦးသုဝေသည် ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တောက်ထိန်ကို နာယကအ ဖြစ်ထားပြီး မဲဆန္ဒနယ် ၁၅၀ ၀င် ပြိုင်ခဲ့သည်။ ၎င်းကိုယ်တိုင်လည်း တာမွေမဲဆန္ဒနယ်မှ ၀င်ပြိုင်ခဲ့ သည်။

‘‘၉၀ ရွေးကောက်ပွဲမှာ အဓိ က ပြိုင်ရတာက တစညနဲ့ အင်န် အယ်လ်ဒီပေါ့။ နောက်ဆုံးတော့ အင်န်အယ်လ်ဒီက မဲအပြတ်အ သတ်နဲ့ အနိုင်ရသွားတယ်။ ကျွန်တော်တို့ မနိုင်ခဲ့ဘူး’’ဟု ဦးသုဝေ က သူ၏ ၁၉၉၀ ရွေးကောက်ပွဲအ တွေ့အကြုံကို ပြန်ပြောပြသည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး ကာလများတွင် မြန်မာနိုင်ငံ၌ စစ် တပ်မှ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ ကာ နိုင်ငံရေးသမားအများစုဖမ်း ဆီးအကျဉ်းချမှု ခံခဲ့ရာတွင် ဦးသုဝေလည်း တစ်ဦးအပါအ၀င်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး အကျဉ်း ထောင်ထဲတွင် နေထိုင်ခဲ့ရသည်။ ၂၀၀၅ တွင် ဦးသုဝေသည် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရခဲ့သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများထဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကို နိုင်ငံရေးပါတီအဖြစ် အစောဆုံးမှတ်ပုံတင်ခဲ့ပြီး ပါတီ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့သည်။

‘‘၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ဖြစ်တာ ဒီလမ်းကြောင်းကနေ ကျွန်တော်တို့နိုင်ငံအတွက် လုပ်ပေးနိုင်မယ့် အခြေအနေတွေရှိနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နောက်ဆံမတင်းဘဲ ပြိုင်ခဲ့တာ။ တချို့က တော့ ကျွန်တော်တို့ကို ပြည်ခိုင်ဖြိုးအတွက် အိမ်ဖြည့်ဝင်ပြိုင်တယ်လို့ ပြောကြတယ်’’ဟု ဦးသုဝေက ဆို သည်။

ဦးသုဝေကိုယ်တိုင်လည်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြန်သည်။

ရွေးကောက်ပွဲကြီးနှစ်ခုစလုံးတွင် ရှုံးနိမ့်ခဲ့သော်လည်း စိတ်ပျက်ခြင်းမရှိဘဲ လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ဦးသုဝေ က တတိယအကြိမ်မြောက် ရွေး ကောက်ပွဲဝင်ပြိုင်မည်ဖြစ်သည်။

စမ်းချောင်းမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ ဒီချုပ်တို့အပါအ၀င် ပါတီခြောက်ခုမှ ကိုယ်စားလှယ်လောင်း ခြောက်ဦးနှင့် အကြိတ် အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဖြတ်သန်းခဲ့သော ရွေး ကောက်ပွဲများအကြောင်းကို ပြော ပြရာ၌ တစ်လျှောက်လုံးတွင် ရွေးကောက်ပွဲ၌ အနိုင်မရခဲ့ကြောင်းသာ ပြောဆိုခဲ့ပြီး ရှုံးနိမ့်ခဲ့ရသည်ဆိုသော ဝေါဟာရကို သုံးစွဲခဲ့ခြင်းမရှိပေ။ အင်အားကြီးပါတီများဖြစ်သော ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးတို့နှင့် ယှဉ်၍ စမ်းချောင်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှာ ၎င်းမဲဆန္ဒနယ်ရှိ ဒေသခံများသည် နိုင်ငံရေးအသိအမြင် ရေချိန်မြင့်မားသောကြောင့် လက်ခံနိုင်လောက်သည့် ရလဒ် ထွက်ပေါ်နိုင်မည်ဟု ယုံကြည်၍ ၀င်ပြိုင်ခြင်းဖြစ်ကြောင်း ဦးသုဝေက ယုံကြည်ချက်အပြည့် အ၀ဖြင့်ပြောသည်။

၎င်းသည် လက်ရှိရွေးကောက်ပွဲစနစ်ကို ပြောင်းလဲရန်လိုလားသူ တစ်ဦးဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ရွေး ကောက်ပွဲစနစ်အား ပီအာရ်ပြောင်းလဲရေးအတွက် တင်ပြခဲ့သည့်ပါတီများတွင် ဦးသုဝေ၏ ဒီမိုကရက်တစ်ပါတီ (မြန်မာ)လည်း ပါဝင်သည်။

‘‘နိုင်ငံရေးလုပ်တာ သူ့ဝါသ နာဖြစ်နေတယ်။ အခုရွေးကောက် ပွဲလည်း ပြည်သူက သူ့ကိုကြည် ညိုတယ်ဆိုရင်တော့ နိုင်မှာပေါ့။ ဒါပေမဲ့ ထီထိုးသလိုဖြစ်နေတယ်။ အခုရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက ပြည်သူ့နှင်းဆီခိုင်ပဲ’’ဟု စစ်ကြိုခေတ်နိုင်ငံရေးလှုပ်ရှားမှုများကတည်းက မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခဲ့သူ သခင်ချန်ထွန်းက သုံးသပ်သည်။

နိုင်ငံရေးအရ ရပ်တည်ချက် အပေါ် ဝေဖန်သုံးသပ်မှုများစွာကြုံ တွေ့ခဲ့ရသော်လည်း ဦးသုဝေတစ်ယောက် သူ၏ နောက်ဆုံး ရွေးကောက်ပွဲပင်ဖြစ်နိုင်သော ၂၀၁၅ ရွေးကောက်ပွဲအတွက် အတတ်နိုင်ဆုံး ပြင်ဆင်နေသည်။ ၀ါရင့်နိုင်ငံရေးသမားကြီး လွှတ်တော်အမတ် ဖြစ်၊ မဖြစ်ကိုမူ မကြာမီရက်ပိုင်းအတွင်း အဖြေပေါ်မည်ဖြစ် သည်။

ရန်မျိုးနိုင် - 7day
Previous
Next Post »
Powered by Blogger.