မြေပြိုမှုကြောင့် အိမ်ရာမဲ့ ဖြစ်ခဲ့ရသူများ အတွက် နေအိမ်များ ဆောက်လုပ်ပေးမည်


မြေပြိုမှုများကြောင့် နေအိမ် ဆုံးရှုံးခဲ့ရသူများ အတွက် နေအိမ်များကို ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ဂွါတီမာလာ သမ္မတ အလဲယန်ဒရို မယ်ဒိုနာဒိုက ပြောဆိုခဲ့သည်။

ဂွါတီမာလာနိုင်ငံမြို့တော် ဂွါတီမာလာစီးနား ဆင်ခြေဖုံး ဆန်တာကာထ ရီနာပီနူလာ မြို့နယ်၌ လွန်ခဲ့သော အပတ်တွင် မြေပြိုမှုများကြောင့် နေအိမ် (၁၂၅) လုံး ရွှံ့ညွန်များ အောက်သို့ ရောက်ရှိခဲ့သည်။ မြေပြိုမှုကြောင့် လူ (၂၀၀) ကျော် သေဆုံးခဲ့သည်။ လူရာပေါင်းများစွာ အိမ်မဲ့ရာမဲ့ ဖြစ်ခဲ့ရသည်။

နေအိမ်များ ဆောက်လုပ်ခြင်းကို ကန်ထရိုက်များအား တာဝန်မပေးဘဲ အစိုးရကိုယ်တိုင် တာဝန်ယူ လုပ်ဆောင်မည် ဖြစ်ကြောင်း သမ္မတ မယ်ဒိုနာဒိုက ပြောဆိုခဲ့သည်။ မြေပြိုမှုဖြစ်ရာ နေရာသည် မြေပျော့လွန်းသောကြောင့် မည်သည့်နေရာတွင် နေအိမ်များကို ဆောက်လုပ်ပေးမည်ကိုမူ ထုတ်ပြန်ခြင်း မပြုသေးချေ။

အယ်လ်ကမ်ဘရေ ကျေးရွာတွင် မြေပြိုမှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးသူ (၃၀၀) ခန့်ရှိခဲ့ရာ ၎င်းတို့အား သေဆုံးသွားပြီဟု ကယ်ဆယ်ရေး သမားများက မှတ်ယူလိုက်ပြီ ဖြစ်သည်။ သေဆုံးသူဦးရေမှာ ဗုဒ္ဓဟူးနေ့တွင် (၂၁၅) ဦးအထိ ရှိခဲ့ပြီဖြစ်သည်။

မြေပြိုမှုဒဏ် ခံခဲ့ရသူများအား အကူအညီ ပေးနိုင်ရေးအတွက် ဒေါ်လာ (၂ ဒသမ ၆) သန်း ထုတ်ပေးရန် အစိုးရက တောင်းဆိုခဲ့ခြင်းကို လွှတ်တော်က လက်ခံအတည်ပြု ပေးလိုက်ပြီဖြစ်သည်။

မြေပြိုမှုကြောင့် ကျောင်းသားများ စိတ်ပိုင်းနှင့်ရုပ်ပိုင်း ထိခိုက်ခဲ့ရသောကြောင့် ကျေးရွာ စာသင်ကျောင်းကို ပိတ်ထားဦးမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီး ရူဘင်အယ်ဖွန်ဆို ရာမီရက်ဇ် အန်ရီးကာဇ်က ပြောဆိုခဲ့သည်။ ကျောင်းအဆောက်အဦအား ယခုလောလောဆယ်တွင် အိမ်ခြေရာမဲ့များ အတွက် ယာယီခိုလှုံရေး စခန်းအဖြစ် အသုံးပြုထားသည်။

messenger
Previous
Next Post »
Powered by Blogger.