ဆိုင်ကယ်စီး လုယက်မှုတွေ များလာတဲ့ မန္တလေးက အန္တရာယ် ညများ


မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးမြို့တွင် သြဂုတ်လနှောင်းပိုင်း၏ ညတစ်ညတွင် အသက် ၃၀ အရွယ် ရှေ့နေတဦးဖြစ်သူ မမိုးမိုးထက်သည် အမျိုးသားဖြစ်သူမောင်းသည့် ဆိုင်ကယ်နောက်မှ လိုက်ပါခဲ့ရာ သူတို့နှင့်အတူ ယှဉ်၍ စီးလာသော ဆိုင်ကယ်တစီးမှ သူ၏ လက်ကိုင်အိတ်ကို ကြမ်းတမ်းစွာ လှမ်းဆွဲခြင်းကို ခံခဲ့ရပါသည်။

အဆိုပါ လိုင်စင်မဲ့ဆိုင်ကယ်ပေါ်တွင် လူငယ်သုံးဦး လိုက်ပါစီးနင်းခဲ့ပြီး နောက်ဆုံးတွင်ထိုင်လာသောသူမှ အိတ်ကို ဆွဲလုခဲ့ရာ၊ မမိုးမိုးထက်မှ အိတ်ကို ပြန်ဆွဲရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ၊ မမိုးမိုးထက်တို့၏ ဆိုင်ကယ်မှ လဲကျသွားပြီး မမိုးမိုးထက်မှာ အိတ်ကိုဆွဲရင်း လုယက်သည့်ဆိုင်ကယ်နောက်သို့ မီတာအနည်းငယ် တရွတ်တိုက်ဆွဲ ပါသွားခဲ့သည်။

လုခံလိုက်ရသည့် အိတ်ထဲတွင် ရှေ့နေလိုင်စင်၊ မှတ်ပုံတင်ကတ်၊ အလုပ်နှင့်ပတ်သတ်သည့် စာရွက်စာတမ်းများ၊ ငွေကြေး အမြောက်အမြား ပါသွားခဲ့သော်လည်း ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည့်အတွက် မမိုးမိုးထက် တယောက် ကံကောင်းခဲ့ပါသည်။ ဇူလိုင်လတွင်မူ ထိုကဲ့သို့ ဆိုင်ကယ်ဖြင့် လုယက်မှုကြောင့် အနည်းဆုံး အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သတင်းများအရသိရသည်။ ထို့အတူ လုယက်ခံသူအများစုမှာ ကျိုးပဲ့ဒဏ်ရာများရခြင်း၊ ဦးခေါင်းတွင် ပြင်းစွာ ဒဏ်ရာရခြင်းများ ရှိခဲ့ပါသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း၏ အချက်အခြာကျသော စီးပွားရေးမြို့တော်တခု ဖြစ်သည်။ ယဉ်ကျေးမှုကြွယ်ဝပြီး ရင်းနှီးဖော်ရွေသော၊ ကူညီတတ်သော မန္တလေးသူ မန္တလေးသားတို့၏ ဂုဏ်သတင်းနှင့် အေးချမ်းသော မြို့ပြလူနေမှုစနစ်မှာလည်း မွှေးပျံ့လှသည်။ သို့သော်ငြားလည်း ပြစ်မှုများတိုးပွားလာသောကြောင့် အဆိုပါ အေးချမ်းသာယာမှု ဂုဏ်သတင်းများ မှေးမှိန်စပြုလာပါသည်။ စက်ဘီးမြို့တော်အဖြစ်မှ ဆိုင်ကယ်မြို့တော်ဟု တိုးတက်ခေါ်ဆိုလာရသည့် မန္တလေးမြို့ပေါ် လမ်းများတွင် သွားလာလှုပ်ရှားရသည်မှာ လုံခြုံမှုပို၍ နည်းလာသည်ဟု ခံစားရကြောင်း မကြာသေးခင်က လူယက်ခံခဲ့ရသူများက ပြောသည်။

“နေ့ခင်းကြောင်တောင်ကြီးမှာတောင် ဆိုင်ကယ်နဲ့ယောက်ျား ၂ ယောက် ၃ ယောက် အနားကပ်လာရင် လန့်နေရတယ်။ ညဖက်ဆိုရင်တော့ အပြင်ထွက်ရမှာကြောက်တယ်”ဟု မမိုးမိုးထက်က ပြောသည်။

မမိုးမိုးထက်နှင့် အမျိုးသားဖြစ်သူ ကိုအောင်နိုင်ဝင်းတို့သည် ညအချိန် အလုပ်မှ အိမ်သို့အပြန်လမ်းတွင် လုယက်ခံရစဉ်က ကိုအောင်နိုင်ဝင်းသည် တဖက်ဆိုင်ကယ်ကို ကန်ကျောက် ဟန့်တားမှုများ ပြုခဲ့သော်လည်း ဆိုင်ကယ်မှာ လဲသွားခဲ့ရသည်။ လဲရာမှ ထ၍ အဆိုပါ ဆိုင်ကယ်နောက်သို့ လိုက်သောအခါ သူ၏ အမျိုးသမီးဖြစ်သူမှာ ဆိုင်ကယ်နှင့် တရွတ်ဆွဲပါသွားသည့် ထိခိုက်ဒဏ်ရာများနှင့် လဲနေသည်ကိုသာ တွေ့ခဲ့ရပါသည်။

“ပိုက်ဆံအိတ်ကို မပေးဘူးဆိုပြီး ဆွဲထားတော့ တရွတ်ကြီး ပါသွားတာ။ နောက်တော့ တအားနာလာတော့ လွှတ်လိုက်တာ။ သူတို့ မော်တော်ဆိုင်ကယ်က ကျမတို့ဆိုင်တယ်ထက် ပိုကြီးတယ်။ ပြီးတော့ သူတို့က အမြန်မောင်းထွက်သွားတော့ နောက်ကို ဆက်လိုက်လို့လည်း မရတော့ဘူး”ဟု မမိုးမိုးထက်က ပြောသည်။

ဇနီးမောင်နှံ၂ ယောက်တို့သည် ရဲအဖွဲ့သို့ တိုင်ကြားခဲ့ရာ တပတ်ခန့်အကြာတွင် အဆိုပါလုယက်ခဲ့သည့် ၃ ယောက်ကို ဖမ်းမိခဲ့သည်။ အဆိုပါ တရားခံ လူငယ် ၃ ယောက်သည် အခြားလုယက်မှု ၁၈ ခုတွင်လည်း ပါဝင်ပတ်သက်ခဲ့သည်ကို စစ်ဆေး ဖော်ထုတ်မိကြောင်း ရဲအဖွဲ့က မမိုးမိုးထက်ကို ပြောသည်။

သို့သော်လည်း ဇနီးမောင်နှံ၂ဦးသည် တရားမစွဲရန် ဆုံးဖြတ်ခဲ့သည်။ “သူတို့ကိုတွေ့တော့ တကယ့်ကို ၂၀၊ ၂၁ နှစ်အရွယ် လူငယ်လေးတွေ။ စစချင်းတော့ စိတ်တအားဆိုးတာ။ ဒါပေမယ့် သူတို့ကို ကြည့်ပြီး သူတို့ မိဘတွေကို ကိုယ်ချင်းစာတယ်။ ကိုယ့်အမှုအပြင် အမှုတွေက အများကြီးဆိုတော့ သူတို့ထောင်ထဲမှာ နှစ်တွေအကြာကြီး နေရမှာဆိုတော့ သူတို့မိဘတွေကို မြင်ယောင်ပြီး သနားတာနဲ့ တရားမစွဲတော့ပါဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အမတို့ မစွဲလည်း ရဲကတော့ စွဲမှာပေါ့လေ” ဟု မမိုးမိုးထက်က ပြောသည်။

လုယက်ခံရသူအများစုက တရားခံများ ဖမ်းဆီးရမိပြီးနောက် တရားမစွဲကြကြောင်း ဧရာဝတီ သို့ပြောသည်။ ထိုသို့ တရားခံများအပေါ် ခွင့်လွှတ်ပေးခြင်း၊ တရားစွဲဆိုမှုများ မပြုခြင်းသည် လုယက်မှုများ ပိုမိုဆိုးရွားလာစေလိမ့်မည်ဟု အချို့က ထင်မြင်ကြသည်။

မိမိ၏ ဖုန်းကိုလုယုရန် ကြိုးစားသည့် အမျိုးသားတယောက်၏ တုတ်ချက်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော ကိုကျော်ခိုင်သည်လည်း တရားခံအား တရားမစွဲခဲ့ပါ။
“တကယ်လို့ ကျနော် အမှုဖွင့်ရင် သူတို့ တရားခံကို ရှာကြမယ်။ မိချင်လည်း မိမှာပေါ့ဗျာ။ အဲဒါဆိုရင် ကျနော် တရားရုံးကို ခဏခဏ သွားနေရမယ်။ အချိန်တွေ ကုန်မယ်၊ အလုပ်ပျက်မယ်”ဟု ကိုကျော်ခိုင်က ပြောသည်။

ရဲစခန်း၊ ရုံးကနားတို့ကို သွားရောက်ရန် ဝန်လေးမှုများ၏ တဖက်တွင်လည်း တရားဥပဒေ စိုးမိုးရေး အားနည်းမှုများကြောင့် ပြစ်မှု အရေအတွက်များ မြင့်တက်လျက် ရှိနေပါသေးသည်။ ယခုနှစ်စကတည်းက မော်တော်ဆိုင်ကယ်ဖြင့် လုယက်မှုပေါင်း အနည်းဆုံး ၅၃ မှု ရှိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့၏ ပြောပြချက်အရသိရသည်။ ထို ၅၃ မှုအနက် ၂၅ မှုမှာ စစ်ဆေးဖော်ထုတ်ပြီးဖြစ်ပြီး လူ ၅၀ ကျော် ဖမ်းမိခဲ့သည်။ ပြစ်မှုစုစုပေါင်း ၈၅ မှုရှိခဲ့သည့် ယမန်နှစ်ကထက်စာလျင် အနည်းငယ် လျော့ကျသွားသည်ဟု ခရိုင်ရဲတပ်ဖွဲ့ရုံးက ဆိုသည်။

“ပြစ်မှုကျူးလွန်တဲ့ အရေအတွက်က ပြီးခဲ့တဲ့နှစ်ကထက် လျော့လာပါတယ်။ လူတွေကလည်း အရင်ကထက်ပိုပြီး သတင်းပေးတာတွေ လုပ်လာကြတယ်”ဟု ရဲအဖွဲ့မှ တာဝန်ရှိသူ တယောက်က ဧရာဝတီသို့ ပြောသည်။

ပြစ်မှုကျူးလွန်သည့်သူ အများစုက ငယ်ရွယ်သည့် ဆယ်ကျော်သက်အရွယ်များ ဖြစ်ပြီး အချို့က အသက်၂၀ ကျော်သာရှိသေးသည်။ ၎င်းတို့သည် ထိုသို့လုယက်ရရှိသည်များဖြင့် နောက်ဆုံးပေါ် စမတ်ဖုန်းနှင့် မော်တော်ဆိုင်ကယ်များ ၀ယ်စီးကြသည်ဟု ထွက်ဆိုကြသလို သူဌေးတဦးလို ပိုက်ဆံဖြုန်းလိုကြ၍ ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူကပြောသည်။
ထို့အပြင် မန္တလေးမြို့တွင် နေထိုင်သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့ဦးရေ၏ အချိုးသည် ရဲတယောက်လျင် မြို့သူမြို့သား ၂၀၀၀ နှူန်းဖြင့် တာဝန်ယူပေးနေရပါ၍ အင်အားမလုံမလောက် ဖြစ်နေသည်ဟု ဆိုသည်။

မှုခင်း ကျဆင်းရေးအတွက် မြို့တွင်း ရှောင်တခင် စစ်ဆေးရေးများကို အခါအားလျော်စွာ ပြုလုပ်နေသလို မြို့အ၀င်အထွက် ဂိတ်များ၊ လမ်းကြောင်းများတွင်လည်း အလှည့်ကျတာဝန်ယူ စောင့်ကြည့်ပေးနေကြောင်း တာဝန်ရှိသူက ပြောသည်။ သို့သော် ရဲတပ်ဖွဲ့ဝင် အင်အား နည်းပါးမှုကြောင့် ပြစ်မှုဖြစ်တဲ့နေရာကို လျင်မြန်စွာ ထိန်းချုပ်နိုင်မှုတွင် အားနည်းချက်များ ရှိနေသေးသည်ဟု သူကပြောသည်။

“ကျနော်တို့ လူတွေ အကုန်လုံးကို အပြည့်အ၀ မကာကွယ်နိုင်သေးပါဘူး။ မန္တလေးမြို့ကို ပြစ်မှုကင်းစင်တဲ့ မြို့တမြို့ ဖြစ်ဖို့ ပြည်သူတွေဆီကလည်း နားလည်မှုနဲ့ အကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်”ဟု ပြောသည်။

မန္တလေး မြို့ပေါ်တွင် လုယက်မှုများအပြင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု၊ ရမ်းကားမှုနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ အပါအ၀င် အခြားပြစ်မှုကျူးလွန်မှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများလည်း မြင့်တက်လျက်ရှိကြောင်း ဒေသခံများကပြောသည်။ မန္တလေး ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ် ဌာနတွင် ထိုသို့သော တိုက်ခိုက်မှုများကြောင့် ရောက်လာသော လူနာများ နေ့စဉ်လိုလို ရှိနေသည်။

“တညက ဆိုရင် အဲ့လို လုယက်၊ ရိုက်နှက်ခံရတဲ့ လူနာ ၇ ယောက်ကို ဆက်တိုက် ဆိုသလို ကုပေးခဲ့ရတယ်။ ၃ယောက်က ခြေထောက်တွေ လက်တွေကျိုးနေတယ်။ သူတို့အကုန်လုံးက အိမ်ပြန်လမ်းမှာ ဆိုင်ကယ်သမားတွေ လုယက်တာ ခံကြရတာ” ဟု မန္တလေး ဆေးရုံကြီး အရေးပေါ်ဌာနတွင် တာဝန်ကျခဲ့သူ ဆရာဝန်တဦးက ဆိုသည်။

“တချို့ဆိုရင် ရောက်လာကတည်းက သတိလစ်နေတော့ သူတို့ရဲ့မိသားစုဝင်တွေဆီကိုလည်း ဆက်သွယ်လို့မရဘူး။ တချို့ဆိုရင် ရောက်လာကတည်းက ဆုံးနေပြီ။ လုယက်မှုလားဆိုတာကိုတော့ အတိအကျပြောလို့မရဘူး။ ဘာလို့လည်းဆိုတော့ တချို့က ကားမတော်တဆဖြစ်ပြီး ရောက်လာတာရှိတယ်။”

ဆိုင်ကယ်သမား လုယက်သူများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အမျိုးသမီးတဦးသေဆုံးခဲ့သည်။ ရှုပ်ထွေးသောမန္တလေး၏ လမ်းမကြီး တခုဖြစ်သော ၆၂ လမ်းပေါ်တွင် ကြောက်စရာကောင်းသော လုယက်မှုတခုကို မျက်မြင်တွေ့ခဲ့ရသူ မသန်းသန်းဝင်း၏ ပြောပြချက်အရ အဆိုပါ လမ်းပေါ်တွင် အမျိုးသမီးတယောက် ဆိုင်ကယ်မောင်းလာရာ အမျိုးသား၂ ယောက်စီးလာသော ဆိုင်ကယ်တစီးက အနားကပ်လာပြီး သူ၏ အိတ်ကိုဆွဲလု၍ အဝေးသို့ တွန်းထုတ်လိုက်သည်။ ထိုအခါ အမျိုးသမီးသည် ဆိုင်ကယ်ကို ဟန်ချက်မထိန်းနိုင်၍ မှောက်သွားကာ ပလက်ဖောင်းနှင့် ဦးခေါင်းခိုက်မိသွားခဲ့သည်။

“အဲဒီ အမျိုးသမီးက နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားခဲ့တယ်။ မှောင်နေတော့ ဆိုင်ကယ်သမားတွေကလည်း သူတို့ကို ဘယ်သူမှ မဖမ်းမိခင် မောင်းပြေးသွားကြတယ်” ဟု မသန်းသန်းဝင်းက ပြောသည်။

အဆိုပါ လုယက်မှုမျိုး အများဆုံး ဖြစ်ပွားသည့်နေရာသည် လူသွားလူလာ ပြတ်သော မန္တလေး မြို့သစ်ပတ်ဝန်းကျင်တွင် အဖြစ်အများဆုံးဖြစ်ပြီး မြို့တွင်း လူသွားလူလာနည်းသည့် လမ်းမကြီးများ၊ လမ်းသွယ်များတွင်လည်း လုယက်မှု ကျူးလွန်နေခြင်းများ ရှိနေသည်။ ညဥ့်နက်ချိန် သွားလာသူများအတွက် အန္တရာယ်ရှိနေသည်သာမက နေ့လည်နေ့ခင်းပိုင်းများတွင်လည်း အသက်အရွယ်ကြီးသူများကို ပစ်မှတ်ထား လုယက်မှုများက ရှိနေသည်။

“တကယ်တော့ ကျနော်တို့ မန္တလေးသူ မန္တလေးသားတွေ အခုလို ကျီးလန့်စာစား ဖြစ်နေရတာက တရားဥပဒေ စိုးမိုးမှုအားနည်းနေလို့ပဲဗျ။ ကျနော်တို့ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်စေချင်တယ်။ ကိုယ့်နိုင်ငံ ကောင်းစားရေးအတွက် လုပ်နေတဲ့ နိုင်ငံရေးသမားတွေကိုကျတော့ မျက်စိဒေါက်ထောက်ကြည့်တယ်ဗျာ၊ ဒုစရိုက်သမားတွေကိုကျ ဒီတိုင်း လွှတ်ထားသလို ဖြစ်နေတာ” ဟု မန္တလေးမြို့သစ်နေ ကျောင်းဆရာတဦးဖြစ်သူ ဦးကျော်ဟိန်းက ဆိုသည်။

“နောက်တခုက ဒီရာဇဝတ်သမားတွေကို ဖမ်းတယ် ထောင်ထဲထည့်တယ်၊ ပြန်လွတ်လာတော့လည်း ဒီတိုင်းပဲ။ တချို့ဆို ပိုတောင်ဆိုးလာတယ်ဗျာ။ တကယ်တော့ ထောင်ဆိုတာ ဒီလိုလူတွေကို ပဲ့ပြင်သွန်သင်ပြီး အသက်မွေးဝမ်းကျောင်းပညာတွေ ပေးလိုက်တာမျိုး ဖြစ်သင့်တယ်။ ဒါမှလည်း ဒီလိုမှုခင်းတွေ ပျောက်သွားမယ်လို့ ကျနော်ထင်တယ်” ဟုဆိုသည်။

Irraawaddy
Previous
Next Post »
Powered by Blogger.