အချိုးအကွေ့ အလှည့်အပြောင်းမျိုးစုံနဲ့ ဖီဖာအတွင်းရေးပြဿနာများ


ဒီနှစ်ထဲမှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) တွေ့ကြုံခဲ့တဲ့ အလှည့်အပြောင်းတွေက ဝီလျံရှိတ်စပီးယားရဲ့ ပြဇာတ်တွေထက်တောင် အလှည့်အပြောင်း များပါသေးတယ်။ အဖွဲ့အစည်းရဲ့ အတွင်းပိုင်းမှာ လာဘ်ပေးလာဘ်ယူခြစားမှု အပုပ်နံ့တွေ လူသိရှင်ကြားထွက်ပေါ်လာတဲ့အတွက် ဂုဏ်သိက္ခာပိုင်းအရ ရုန်းကန်နေရတဲ့ ဖီဖာဟာ အောက်တိုဘာ ၈ ရက်မှာတော့ အံ့ဩစရာတွေ လုပ်ပြလိုက်ပါတယ်။ အဲဒါကတော့ လက်ရှိ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ၊ ဖီဖာ ဒုတိယဥက္ကဋ္ဌနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌ မစ်ချယ်ပလာတီနီ၊ ဖီဖာရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျရိုမီဗယ်လ်ကီးတို့ကို လုပ်ငန်းတာဝန်တွေကနေ ရပ်စဲကြောင်း အဖွဲ့အစည်းရဲ့ ကျင့်ဝတ်ကော်မတီက ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

အကြီးအကျယ်ဝေဖန်ခံရမှုတွေကြောင့် နောက်နှစ်ထဲမှာ ဖီဖာ ဥက္ကဋ္ဌရာထူးက နုတ်ထွက်ပေးပါ့မယ်လို့ ကတိခံထားတဲ့တိုင် ဘလတ္တာအတွက် ထိုးနှက်ချက်တွေက ရပ်တန့်မသွားခဲ့ပါဘူး။ အမေရိကန်ထောက်လှမ်းရေးဌာန (အက်ဖ်ဘီအိုင်)ရဲ့ ပံ့ပိုးမှုနဲ့ ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ဖီဖာထိပ်သီးအရာရှိတွေကို ဒီနှစ်လယ်လောက်မှာ ဝင်ဖမ်းခဲ့ပြီးကတည်းက ဘလတ္တာတစ်ယောက်မျက်ခုံးလှုပ်နေခဲ့တာပါ။ လောလောဆယ် ဆွစ်ဇာလန်ရဲတပ်ဖွဲ့ရဲ့ ခေါ်ယူ မေးမြန်းမှုတွေကို ရှင်းလင်းဖြေကြားနေရတဲ့ သက်တော်ရှည် ဥက္ကဋ္ဌကြီးအတွက် အခုတော့ သူ့ရဲ့ အဖွဲ့အစည်းကပါ ကျောခိုင်းစွန့်ခွာခြင်းကို ကြုံလိုက်ရတာ ဖြစ်ပါတယ်။ ဘလတ္တာရဲ့ လက်ရုံးတစ်ယောက်ဖြစ်တဲ့ ဗယ်လ်ကီးကတော့ ပြဿနာတွေ နောက်ပိုင်းမှာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကနေ ခဏတာ အနားယူနေချိန်မှာ အခုလို ပိတ်ပင်မှုနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

ဘလတ္တာနဲ့ ဗယ်လ်ကီးတို့ကို ဖီဖာကိုယ်တိုင်က ပြန်အရေးယူခြင်းဟာ ကြိုတင်မျှော်လင့်လို့ရတဲ့ ကိစ္စဖြစ်ပေမယ့် ပလာတီနီပါ ဒီစာရင်းမှာ ပါလာတာကတော့ အားလုံးအတွက် အံ့ဩစရာဖြစ်ခဲ့ပါတယ်။ ပလာတီနီဟာ ဘောလုံးလောကမှာ ဩဇာကြီးမားသူ ဖြစ်ပြီး ဖီဖာဥက္ကဋ္ဌရာထူးအတွက် ဘလတ္တာကို စိန်ခေါ်နိုင်သူတစ်ဦးအဖြစ် နာမည်ကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဖီဖာရဲ့ ဘောလုံးလောကနဲ့ ရက်ပေါင်း ၉၀ မပတ်သက်ရဘူးဆိုတဲ့ ပိတ်ပင်မှု ကြေညာချက်မှာ ပလာတီနီပါ ပါလာခြင်းက လှည့်ကွက်တစ်ခု ဖြစ်နေပါတယ်။

ဒီပြင်သစ်သားကတော့ အဲဒီကိစ္စကို ခါးခါးသီးသီးတုံ့ပြန်ခဲ့ပါတယ်။ ‘‘ကျုပ်ကို စွပ်စွဲထားတာတွေက ထင်ယောင်မြင်ယောင် ကိစ္စလေးတွေကို အခြေခံပြီး လိုရာဆွဲထားတာ။ လုံးဝအဓိပ္ပာယ် မရှိဘူး’’လို့ ပလာတီနီက ပေါက်ကွဲပါတယ်။ သူက ဖီဖာကျင့်ဝတ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ ဘလတ္တာခေတ်လွန် ဖီဖာရဲ့ ဥက္ကဋ္ဌရာထူးအတွက် မျှော်မှန်းနေဆဲ ဖြစ်ကြောင်းလည်း ပလာတီနီက ဝန်ခံပါတယ်။ ‘‘တရားမျှတမှု မရှိဘူး ဆိုတာထက်ကို ပိုပါတယ်။ ကလဲ့စားချေဖို့ ရည်မှန်းထားတဲ့ ပုံမျိုး ပေါက်နေတယ်။ ကျုပ်ရဲ့ သိက္ခာအတွက် ကာကွယ်ရပ်တည်ရပါမယ်’’လို့ ပလာတီနီက ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ခေါင်းဆောင်မဲ့သွားပါပြီ။ ဘလတ္တာရဲ့ နေရာမှာ အာဖရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အစ်ဆာဟာယာတောင်နဲ့ ပလာတီနီရဲ့ နေရာမှာတော့ စပိန်က အန်ဂျယ်မာရီယာတို့က ယာယီဥက္ကဋ္ဌတွေအဖြစ် အဖွဲ့အစည်းအလိုက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဖီဖာကျင့်ဝတ်ကော်မတီရဲ့ ထုတ်ပြန်ချက်က လုံးဝပြတ်သားတိကျပါတယ်။

ဘလတ္တာ၊ ပလာတီနီနဲ့ ဗယ်လ်ကီးတို့ဟာ ကျင့်ဝတ်စည်းကမ်းပိုင်း ချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ယုံကြည်ရတဲ့အတွက် လက်ရှိရာထူးတွေမှာ တာဝန်ထမ်းဆောင်နေမှုကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ကြောင်း၊ အဲဒီ သတ်မှတ်ကာလဟာ လိုအပ်ရင် နောက်ထပ် ၄၅ ရက် သက်တမ်းတိုးနိုင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။ တစ်နည်းအားဖြင့် ဘလတ္တာအတွက် ဖီဖာဥက္ကဋ္ဌ နေ့ရက်တွေ ပြီးဆုံးသွားတဲ့ သဘောပါပဲ။ ဒီဆုံးဖြတ်ချက်ဟာ ကြေညာချက်ထုတ်ပြန်တဲ့ အောက်တိုဘာ ၈ ရက်မှာပဲ ချက်ချင်းသက်ရောက်မှုရှိစေရမယ်လို့လည်း ကော်မတီက ဆိုပါတယ်။ ပိတ်ပင်မှုသတ်မှတ်ကာလအတွင်းမှာ အဲဒီသုံးယောက်စလုံးဟာ ပြည်တွင်းအဆင့်မှာရော၊ နိုင်ငံတကာအဆင့်မှာပါ ဘောလုံးအားကစားနဲ့ ပတ်သက်ဆက်နွှယ်မှု လုံးဝမရှိရပါဘူး။

ဒါ့အပြင် ဖီဖာ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံသား ချွန်မွန်ဂျွန်းကိုလည်း ဘောလုံးလောကနဲ့ ခြောက်နှစ်ကြာ ပတ်သက်ခွင့်မရှိကြောင်း ပြစ်ဒဏ်တစ်ရပ်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာ တစ်သိန်းကျော်ကိုလည်း သီးခြားဒဏ်ကြေးတပ်ရိုက်ခဲ့သေးတယ်။ ချွန်ဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်ရရေးကြိုးပမ်းမှုတွေမှာ တံစိုးလက်ဆောင်ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဖီဖာရဲ့ အရေးယူမှုကို ခံခဲ့ရတာပါ။ ဖီဖာအနေနဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာတွေကြောင့် စွန်းထင်းခဲ့တဲ့ ပုံရိပ်ကို အဖတ်ဆယ်သန့်ရှင်းဖို့ ပြတ်သားတဲ့ တုံ့ပြန်ကိုင်တွယ်မှုမျိုးတွေ ပြသလာတယ်လို့ ယူဆနိုင်ပါတယ်။

ဖီဖာဟာ အခွန်ကင်းလွတ်ခွင့်ရရှိထားတဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဘောလုံးဟာ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားဖြစ်လာခြင်းနဲ့အတူ ဖီဖာဟာ အကျိုးအမြတ်အများကြီးရှိလာခဲ့ပါတယ်။ ၂၀၁၄ တစ်နှစ်တည်းမှာတင် ဖီဖာရဲ့ ဝင်ငွေ အရပ်ရပ်ဟာ ဒေါ်လာ ၂ ဘီလီယံ အထက်ထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ခြစားမှု အရှုပ်အထွေးတွေ ပေါ်ပေါက်လာချိန်မှာတော့ ဖီဖာဟာ အောက်ခြေကစပြီး ပြုပြင်ပြောင်းလဲမှုတွေ လိုလာပါပြီ။ လက်ရှိ ခေါင်းဆောင်ပိုင်းကို ဖယ်ရှားရှင်းလင်းပြီး ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့၊ ရှင်းလင်းဖြောင့်မတ်တဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်မျိုး အရေးတကြီးအကောင်အထည်ဖော်ဖို့ ဖီဖာက အားထုတ်နေတာ ဖြစ်ပါတယ်။

ဖီဖာရဲ့ ဖွဲ့စည်းလည်ပတ်ပုံကို လေ့လာစောင့်ကြည့်နေတဲ့ ဥပဒေ ပါမောက္ခမာ့ခ်ပိသ်က သူနဲ့ ဘလတ္တာတို့ နောက်ဆုံး ဆုံဖြစ်ခဲ့စဉ်က အသက် (၇၉) နှစ်အရွယ် ဆွစ်ဇာလန်သားကြီးရဲ့ ဆန္ဒကို မေးမြန်းကြည့်ခဲ့ပါတယ်။ ‘‘အဲဒီတုန်းက ဘလတ္တာပြောခဲ့တာက ထွက်မယ်ဆိုရင် အိမ်ရှေ့တံခါးကပဲ ရင်ကော့ပြီး ထွက်သွားချင်တယ်။ ပြီးတော့ သူ့နောက်မှာ သန့်ရှင်းစင်ကြယ်တဲ့ အိမ်ကိုပဲ ချန်ထားခဲ့ချင်တယ်ဆိုတာပဲ’’လို့ ပိသ်က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဘလတ္တာတစ်ယောက် အိမ်ရှေ့တံခါးက ရင်ကော့ပြီး ထွက်ခွင့်ရမယ့်ပုံ မပေါ်တော့ပါဘူး။ ဒါပေမဲ့ သံသယ ဖြစ်စရာတွေကတော့ အများကြီး ကျန်နေဆဲပါ။ ဖီဖာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျင်းပဖို့စီစဉ်ထားပေမယ့် လက်ရှိဖြစ်ရပ်တွေကြောင့် ရွေးကောက်ပွဲအပေါ် ဂယက်ရိုက်ခတ်လာမှာကို စိုးရိမ်ကြောင်း ကမ္ဘာ့ဘောလုံးသမားများ သမဂ္ဂက ကြေညာချက်ထုတ်ပြန်ပါတယ်။

‘‘အုပ်ချုပ်မှုကဏ္ဍတစ်ရပ်လုံး ပြင်ဆင်ပြောင်းလဲခြင်းကသာ လုံလောက်တဲ့ လုပ်ဆောင်မှုဖြစ်မှာပါ။ ဖီဖာက နောက်ဆုံးဆောင်ရွက်ခဲ့တဲ့ ကိစ္စမျိုးက လက်ရှိ ပြဿ နာတွေကို ဖြေရှင်းဖို့ အမှန်တကယ်လိုအပ်တဲ့ အတိုင်းအတာမှာ ရှိမနေပါဘူး’’လို့ သမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ ပလာတီနီက ဖီဖာရဲ့ ပိတ်ပင်မှုအပေါ် ဘယ်လိုအရေးယူမယ်ဆိုတာကို အတိအလင်း မပြောသေးပါဘူး။ ဘီလီယံနာသူဌေးတစ်ယောက်ဖြစ်တဲ့ ချွန်ကတော့ ‘‘ဖီဖာဟာ နစ်မြုပ်စပြုနေတဲ့ တိုက်တန်းနစ် သင်္ဘောကြီးလိုပါပဲ’’လို့ ပြက်ရယ်ပြုခဲ့ပါတယ်။

ပြီးတော့ ကျင့်ဝတ်ကော်မတီရဲ့ မမျှမတ စီရင်ဆုံးဖြတ်မှုကို တုံ့ပြန်ဖို့ တရားရေးအရဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမယ်လို့ သူက စိန်ခေါ်စကားပြောခဲ့ပါတယ်။ ဒါကြောင့် ဖီဖာရဲ့ သပွတ်အူပြဿနာဟာ နောက်ထပ်ရှုပ်လာဦးမယ့် အရိပ်အယောင်တွေ မြင်
နေရပါတယ်။ နာမည်ပျက်တွေ ရှိနေတဲ့ ခေါင်းဆောင်တွေကို ရှင်းထုတ်လိုက်ခြင်းကြောင့် ဖီဖာရဲ့ ရပ်တည်မှုဟာ ရိုးသားမှုဘက်ကို ဦးတည်လိုကြောင်း ပေါ်လွင်လာပေမယ့် လုပ်ရပ်တိုင်းရဲ့ အကျိုးဆက် ဂယက်ရိုက်ခတ်မှုတွေကတော့ ရှောင်လွှဲလို့ မရနိုင်တာ အမှန်ပါပဲ။ ဘလတ္တာ၊ ပလာတီနီနဲ့ ချွန်တို့ဟာ ရေမြွေတွေမဟုတ်ကြပါဘူး။ သူတို့ကိုထိလို့ အခိုးပြန်မှုတ်တဲ့အခါ ဖီဖာရဲ့ အတွင်းပိုင်း
တိုက်ပွဲတွေ ပိုပြီးပြင်းထန်ရှုပ်ထွေးလာဦးမှာ သေချာပါတယ်။

7day Daily
Previous
Next Post »
Powered by Blogger.