ဘုရင်နိုင်အလိုရှိသည်


ပခန်းမင်းကြီးဆိုတာ ကြားဖူးကြမှာပါ။ မင်းတုန်းမင်းဆရာ။ မင်းတုန်းမင်း ငယ်နိုင်ပေါ့။ တိုင်းပြည်အတွင်း ဥပဒေ တစ်ခုခု ချမှတ်တော့မယ်ဆိုရင် ဘုရင်က

“ဟဲ့ .. ပခန်းဝန်ကို ပြဦးဟဲ့။ ပခန်းမင်းကြီး သဘောတူရဲ့လားဟဲ့” လို့မေးရလောက်အောင် ပညာရှိတဲ့ အမတ်ကြီးပေါ့။

မင်းတုန်းမင်းဆိုတာ သိကြတဲ့အတိုင်း မယားများတဲ့နေရာမှာ နာမည်ကျော်တယ်။ ကာမသုခကို အခံစားဆုံး ဘုရင်လို့တောင် ပြောကြတယ်။ ဒါပေမဲ့ တစ်နေ့တော့ သူ့ နောက်လိုက် ဝန်မင်းတွေက သူ့ကိုအားကျပြီး မယားတွေ အများကြီးလိုက်ယူကြတာကို စိုးရွံ့လာတယ်။

ဘုရင်အကြောင်းပြချက်ကလည်း ကောင်းသေးရဲ့။ မယားတွေ အများကြီးယူရင် လစာနဲ့မလောက်။ လစာနဲ့ မလောက်ရင် လာဘ်စားတော့မယ်။ ဒါကြောင့် မယားများများမယူရဆိုတဲ့ ဥပဒေထုတ်မယ်ဆိုပြီး ယောအတွင်း ဝန်ကို ဘုရင်က ဥပဒေရေးခိုင်းတယ်။

ယောအတွင်းဝန် ဥပဒေရေးပြီးတော့ “ဒီဥပဒေက ငါနဲ့မပြီး ပခန်းမင်းကြီးထံ သွားပြီးတင်ပြ” လို့ အမိန့်တော် ချလိုက်တော့ ယောအတွင်းဝန်လည်း ပခန်းမင်းကြီးဆီကို ကြောက်ကြောက်နဲ့လာရတယ်။

“ဟဲ့ .. မောင်လှိုင် ငါ့ထံ ဘာကြောင့်လာသလဲ”

“မှန်လှပါ မင်းဘုရားက ဥပဒေတစ်ရပ်စီမံပါတယ်။ မင်းကြီးရဲ့ အမိန့်တော်ကို နာခံစေဆိုလို့ လာခဲ့ရပါတယ်”

“ဖတ်စေကွဲ့။ မင်းတို့ရဲ့ ဘုရင့်ဥပဒေ”

ယောအတွင်းဝန်လည်း မယားများများ မယူရေးဥပဒေကို ကြောက်ကြောက်နဲ့ ဖတ်ပြရတယ်။ ဖတ်လို့လည်း ပြီးရော ပခန်းမင်းကြီးက

“ဟဲ့ မင်းတို့ဥပဒေက သူများတွေတော့ မယားများများ မယူဖို့ ဥပဒေနဲ့ ကန့်သတ်ပြီးတော့ နင်တို့ ဘုရင်ကျတော့ မယားအများကြီး ယူထားတာကို ကန့်သတ်တာ မပါတော့ ဘာဥပဒေလဲကွဲ့။ နင်တို့ဘုရင်ကို လျှောက်လိုက်။ သူများအတွက်ပဲ ဥပဒေတွေ မထုတ်နေနဲ့လို့။ ကိုယ့်အတွက် ဥပဒေပြန်ထုတ်ဖို့ပြောစေကွဲ့” လို့ဆိုလိုက်တယ်။

ယောအတွင်းဝန်လည်း မင်းကြီးထံပြန်သွားပြီး ပခန်းမင်းကြီး မိန့်ဆိုချက်ကို ပြန်လျှောက်ထားတော့

“အေးကွယ် .. ပခန်းမင်းကြီးက မကြိုက်ဘူးထင်တယ်။ အဲဒီဥပဒေကို ဖျက်လိုက်ပါတော့” လို့ မိန့်သတဲ့။

မယားပြိုင်ထားရင် ဥပဒေအရ အရေးယူမယ်ဆိုလည်း ရာထူးပြုတ်မှာကြောက်လို့ ငြိမ်ခံနေမဲ့ ကတော်တွေက အများသားလား။ သူ့လင် ရာထူးပြုတ်ရင် သူလည်း လမ်းဘေးရောက်မှာ စိုးရိမ်လို့ ငြိမ်ခံနေကြတဲ့ ကတော် တွေရဲ့ စာရင်းအမှန်ပြုစုပြီးမှ တစ်လင်တစ်မယားဥပဒေကို ထုတ်သင့်ကြောင်းပါ။ ခက်တာက ဒီခေတ်မှာ ပခန်းမင်းကြီးလို ဘုရင်နိုင်ကလည်းမရှိ။ ဘုရင်နိုင်တွေကလည်း သောက်ကျင့်တွေကတစ်စက်မှမကောင်းတော့ ပခန်းလို အကြံကောင်းတွေလည်း ထွက်လာစရာ အကြောင်းလည်း မမြင်ကြောင်းပါခင်ဗျား။

Credit: Sayar U Tin Nyunt
Previous
Next Post »
Powered by Blogger.