သွေးအတွင်း အဆီဓာတ် လျော့စေတဲ့ လေ့ကျင့်ခန်းမျိုး၊ အစားအစာမျိုး သိချင်ပါ တယ်ဆရာ။
ကိုလက်စထရောဟာ အဆီဓာတ် ပါဝင်တဲ့ ပစ္စည်းဖြစ်ပြီး အသည်းက ထုတ်လုပ်တယ်။ ဆဲလ်တွေ အတွက် အရေးပါ အရာရောက်တယ်။ သွေးထဲမှာ ကိုလက်စထရော မြင့်မားနေလို့ ကိုလက်စထရော လျော့အောင် အားကစား လုပ်ခြင်းနဲ့ ကိုလက်စထရော နည်းတဲ့ အစာကျွေးခြင်းတို့ကို လုပ်ဆောင် နိုင်ပါတယ်။ နှစ်စဉ် ဗြိတိန်နိုင်ငံမှာ လေဖြတ်ခြင်း သို့မဟုတ် နှလုံး ရုတ်တရက် တိုက်ခိုက်ခံရခြင်း ခံရတဲ့ လူဦးရေ ၂ဝဝဝဝဝ မှာ ၆ဝ ရာခိုင်နှုန်းဟာ သွေးအတွင်း ကိုလက်စထရော မြင့်တက်ခြင်းနဲ့ ဆက်စပ်လျက် ရှိတယ်။
သွေးအတွင်း ကိုလက်စထရောကို သိပ်သည်းဆမြင့်သော အဆီ (High Density Lipoprotein) နဲ့ သိပ်သည်းဆ နည်းသော အဆီ (Low Density Lipoprotein) လို့ ခွဲထား နိုင်တယ်။ HDL ဟာ ကောင်းတဲ့ အဆီဓာတ် ဖြစ်လို့ သွေးထဲမှာ ရှိဖို့ လိုအပ်တယ်။ သိပ်သည်းဆ နည်းတဲ့ ကိုလက်စထရောဟာ သွေးအတွင်းမှာ မြင့်မားနေရင် ရုတ်တရက် နှလုံး တိုက်ခိုက်ခံရခြင်း ခံရတာတွေ ဖြစ်စေတယ်။ မကောင်းတဲ့ အဆီဓာတ် ဖြစ်တဲ့ LDL မြင့်မားခြင်းကို လျှော့ချရမယ်။
စုစုပေါင်း အဆီဓာတ်ရဲ့ ၂ဝ ရာခိုင်နှုန်းမှာ ၄ဝ ရာခိုင် နှုန်းဟာ HDL ဖြစ်တယ်။ သိပ်သည်းဆ အလွန်နည်းသော အဆီတစ်မျိုးဟာ မကောင်းတဲ့ အဆီဓာတ် ဖြစ်တယ်။ ပုံမှန်အားဖြင့် သွေးအတွင်းရှိ စုစုပေါင်း အဆီဓာတ်ဟာ ၃ဝ မှ ၅ဝ မီလီဂရမ် ရာခိုင်နှုန်းသာ ရှိရမယ်။ ဒီထက်များရင် နှလုံးရောဂါ ဖြစ်စေတယ်။ လျော့နည်းရင်လည်း အသည်း လုပ်ငန်းတွေ ကောင်းစွာ မလုပ်နိုင်လို့ ခန္ဓာကိုယ်က အစားအသောက်ကို လက်မခံနိုင်တဲ့ အမည် ဖော်ရခက်တဲ့ ရောဂါတစ်မျိုးနဲ့လည်း ပတ်သက်နိုင်တယ်။ သွေးအတွင်းမှာ အဆီဓာတ် မြင့်တဲ့အခါ အသည်းက မကောင်းတဲ့ အဆီဓာတ်ကို မဖျက်ဆီး နိုင်ပါဘူး။ အသည်းကို အစဉ်အမြဲ ကျန်းမာစေဖို့ ထိန်းသိမ်း ထားသင့်ပါတယ်။
လူတချို့မှာ မျိုးရိုးဗီဇအရ အဆီဓာတ် လျော့နည်းတဲ့ အစားအသောက်တွေ စားပေမယ့်လည်း သွေးအတွင်း မှာအဆီဓာတ်က ပုံမှန်အတိုင်း ရှိကြတယ်။ ဝက်ဆီ၊ ဝက်သားနဲ့ ပြည့်ဝဆီများတဲ့ အစားအစာကို လျှော့နိုင်သမျှ လျှော့စားခြင်းဟာ အရေးကြီးတယ်။ ပြည့်ဝဆီများဟာ LDL မြင့်မားပြီး ပျော်ဝင် အမျှင်ဓာတ် နည်းစေတယ်။
သွေးအတွင်း အဆီဟာ အသက် ၁ဝ နှစ် အရွယ်မှာပင် သွေးကြောပိတ်ဆို့ နိုင်တယ်။ ကျန်းမာတဲ့ အစားအ သောက်ကို စားသုံးပေမယ့် သွေးအတွင်း အဆီဓာတ် တောက်လျှောက် မြင့်မားနေရင် သိုင်းရွိုက်လုပ်ငန်း ကျဆင်းခြင်းနဲ့ ပတ်သက် နေပါတယ်။
ရှောင်ကြဉ်သင့်တဲ့ အစာများမှာ ဝက်သား၊ ဝက်ဆီ၊ ဝက်အူချောင်း၊ အစာသွတ်မုန့်များ၊ ဒိန်ခဲ၊ ထောပတ်၊ ကြက်သားအရေခွံ၊ ရေခဲမုန့်၊ မလိုင်ပါတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းများ လျှော့စားရမယ်။ သကြားဓာတ် လျှော့စား ရမယ်။ ခန္ဓာကိုယ်မှာ ချေဖျက်ရန် ခက်ခဲတဲ့ အဆီအဖြစ်သို့ ပြောင်းလဲတတ်လို့ သကြားဓာတ် လွန်ကဲတဲ့ အဖျော်ယမကာများ၊ အရက်၊ ဘီယာ လျှော့ရမယ်။ ဆေးလိပ်နဲ့ ကွမ်း ဖြတ်ရမယ်။ ကော်ဖီကြမ်း သောက်ရမယ်။
စားသုံးသင့်တဲ့ အစာများကတော့ အမျှင်ဓာတ်များတဲ့ အုတ်စပါး၊ နှမ်း၊ မြေပဲ၊ နေကြာဆီ စတဲ့ မပြည့်ဝဆီနဲ့ စီမံထားတဲ့ ထမင်းနဲ့ ဟင်း စားနိုင်တယ်။ ပန်းသီး ပိုစားသင့်တယ်။ ပင်လယ်ငါး စားသင့်တယ်။ ကြက်သွန်ဖြူ ဟာ LDL လျော့နည်းစေလို့ စားသုံးသင့်တယ်။ သက်သတ်လွတ် စားရင် သွေးအတွင်း အဆီဓာတ် လျော့နည်း စေတယ်။ ပဲအမျိုးမျိုး၊ ထောပတ်နဲ့ ပဲနီလေးတို့မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ပိုမို ရှိနိုင်တယ်။ ကြက်ဥအကာ စားနိုင်တယ်။ အဆီနဲ့မလိုင် ထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသင့်တယ်။ ပဲအမျိုးမျိုး စားသုံးသင့်တယ်။ အစာနည်းနည်းနဲ့ အကြိမ်များများ စားသုံးသင့်တယ်။ အိပ်ရေး မပျက်သင့်၊ နေ့စဉ် နာရီဝက် လေ့ကျင့်ခန်း လုပ်ရပါမယ်။ ။
ဒေါက်တာလွင်သန့်(ဆေး-၂)

Sign up here with your email
ConversionConversion EmoticonEmoticon