ဥရောပမှာ ခိုလှုံဖို့ အသက်နဲ့ လက်မှတ်ဖြတ်နေရသူတွေ




ဂရိနိုင်ငံရဲ့ တတိယအကြီးဆုံး ကျွန်းဖြစ်တဲ့ လက်စ်ဘော့ကျွန်းနဲ့ မီတာ ၁၀၀ အကွာမှာ ရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့ ရော်ဘာလှေ တိမ်းမှောက်ခဲ့ပြီးတဲ့နောက် ၂လသားအရွယ် ကလေးငယ်ကို ဖခင်ဖြစ်သူက လေထိုးထားတဲ့ ရော်ဘာကွင်းအတွင်း ထည့်ပြီး ကမ်းခြေဆီကို အားကြိုးမာန်တက် ကူးခတ်နေတဲ့ပုံက လူမှုကွန်ယက် စာမျက်နှာတွေထက် ပျံ့နှံခဲ့ပါတယ်။ ဒီပုံကို ရိုက်တာသတင်းဌာနက ဓာတ်ပုံသတင်းထောက် ကွန်စတန်တီနီဒစ်က ရိုက်ကူးခဲ့တာပါ။

ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တဲ့နေ့(စက်တင်ဘာ ၁၃ရက်)မှာပဲ အေဂျီယန် ပင်လယ်တောင်ပိုင်းက ဖာမာကိုနီဆီကျွန်းစုရဲ့ ကမ်းလွန်ပင်လယ်မှာ ရွှေ့ပြောင်းလုပ်သား ၁၀၀ခန့် လုပ်ပါလာတဲ့ သစ်သားလှေ မှောက်ခဲ့ပြီး အနည်းဆုံး လူ ၃၄ဦး သေဆုံးခဲ့ရာမှာ ကလေးငယ် ၁၁ဦးအထိ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တူရကီ ကမ်းခြေမှာ ရွှေ့ပြောင်းလုပ်သား မိသားစုက သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး မှောက်လျက်အနေအထား သေဆုံးနေတဲ့ပုံက မြင်ရသူ တွေကို ထိခိုက်စေခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း နိုင်ငံတွေကရွှေ့ပြောင်းလုပ်သားတွေဟာ ဥရောပကို ၀င်ရောက်ခိုလှုံခွင့်ရဖို့အတွက် မြေထဲပင်လယ်ကို ကျော်ဖြတ်ရာမှာ အသက်ဆုံးရှုံးနေရပြီး နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သား အဖွဲ့အစည်းရဲ့ မှတ်တမ်းမှတ်ရာတွေအရ ၂၀၁၅ခုနှစ် တစ်နှစ်အတွင်းမှာပဲ သေဆုံးသူ ၃၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ၄နှစ်ရှိခဲ့တဲ့ ဆီးရီးယားမှာ အိမ်ခြေယာမဲ့ ဖြစ်ခဲ့သူ ၁၀သန်း ရှိခဲ့ပြီး လစ်ဗျား၊ ဂမ်ဘီယာ၊ အာဖဂန်နစ္စတန်၊ ဆိုမာလီ၊ ဆူဒန်၊ အီသိုယိုးပီးယား၊ အီရစ်ထရီယာ၊ နိုက်ဂျီးရီးယား နိုင်ငံတွေက ရွှေ့ပြောင်း လုပ်သားတွေဟာလည်း ဥရောပမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေကြဆဲ
ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းမှုအရ ၂၀၁၅၊ ၂၀၁၆ ခုနှစ်အတွင်း ဥရောပကို ၀င်ရောက်လာမယ့် ရွှေ့ပြောင်းလုပ်သား ၈သိန်းခွဲအထိ ရှိတယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် ရွှေ့ပြောင်းလုပ်သား ၄သိန်း ၀င်ရောက်လာမယ့်လို့ သတ်မှတ်ထားရာမှာ စက်တင်ဘာလအထိ ရွှေ့ပြောင်းလုပ်သား ၀င်ရောက်မှုက ၃၃၆၀၀၀ ရှိခဲ့ပါပြီ။ အအေးပိုကဲလာမယ့် ရှေ့လတွေမှာ အန္တရာယ်ပိုများမယ့် မြေထဲပင်လယ် ခရီးစဉ်ကို ဖြတ်ပြီး လက်ရှိနှုန်းအတိုင်း ရွှေ့ပြောင်းလုပ်သားတွေ ထပ်ဝင်လာမယ်ဆိုရင်တော့ ၄သိန်းထက် ကျော်သွားဖို့ရှိပါတယ်။

ဒါပေမဲ့ ဥရောပသမဂ္ဂကတော့ ရွှေ့ပြောင်းလုပ်သား အရေးနဲ့ပတ်သက်ပြီး ထိရောက်တဲ့ ဖြေရှင်းမှုမျိုး မလုပ်နိုင်သေးပါဘူး။ ရွှေ့ပြောင်းလုပ်သား အရေး စဖြစ်ကတည်းက ရွှေ့ပြောင်းလုပ်သား အများအပြား လက်ခံခဲ့ပြီး
ရွှေ့ပြောင်းလုပ်သား ၈၀၀၀၀၀အထိ လက်ခံမယ်လို့ ပြောခဲ့တဲ့ ဂျာမနီကလည်း အခုဆိုရင် သြစတြီးယားနဲ့ ထိစပ်နေတဲ့ နယ်နမိတ်ကို ယာယီထိန်းချုပ်မှု လုပ်ပြီး ရထားပြေးဆွဲမှုကို ရပ်ဆိုင်းထားပါတယ်။ ဂျာမနီက အခုလို ထိန်းချုပ်လိုက်ချိန်မှာ သြစတြီးယားကလည်း ဟန်ဂေရီနယ်နမိတ်မှာ ထိန်းချုပ်မှုတိုးမြှင့်လိုက်ပါတယ်။

ရွှေ့ပြောင်းလုပ်သား ပြဿနာအတွက် ဥရောပသမဂ္ဂက ဥရောပနိုင်ငံတွေကို ခွဲတမ်းကျစနစ်နဲ့ လက်ခံဖို့ တောင်းဆိုခဲ့ပြီး ဗြိတိန်နိုင်ငံကိုလည်း အခုထက်ပိုပြီး ရွှေ့ပြောင်းလုပ်သားတွေ လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပိုလက်ခံတာ ပြဿနာရဲ့အဖြေမဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က အကြောင်းပြန်ခဲ့ဖူးပါတယ်။ သူ့ရဲ့အမြင်အရတော့ စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ ကြိုးစားရပေးရမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ရုရှားက တစ်ဖက်စီ အားပေးထောက်ခံနေလို့ ပြည်တွင်း စစ် ဖြစ်ခဲ့တာ ၄နှစ်ရှိပြီဖြစ်တဲ့ ဆီးရီးယား၊ အကြမ်းဖက် အဖွဲ့အစည်းတွေ ပေါများနေတဲ့ အာဖရိက နိုင်ငံတွေကို ငြိမ်းချမ်းရေး ယူဆောင်ပေးဖို့က ကာလရှည် စီမံကိန်းပါ။ လတ်တလော ဖြေရှင်းရမှာတော့ ဥရောပကို အလုံးအရင်းနဲ့ ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားအရေးကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်းတွေ အကောင်းဆုံး ဖြေရှင်းပြီး မြေထဲပင်လယ်ကို ကူးဖြတ်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေကို အသက်အန္တရာယ် ကင်းဝေးအောင် ဆောင်ရွက်ပေးဖို့ပါပဲ။ သေမထူး၊ နေမထူးလို့ ခံယူထားသူတွေ များလာရင် ဘေးထွက်ဆိုးကျိုးကတော့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနိုင်တာကြောင့်ပါပဲ။

Nz(ရိုးရာလေး)
Previous
Next Post »
Powered by Blogger.