“ပြည်ခိုင်ဖြိုးပါတီတွင်းကိစ္စများ လွှတ်တော်တွင်း ယူဆောင်မလာရန် သူရဦးရွှေမန်းပြော “

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်းမှ ကိစ္စများကို လွှတ်တော်တွင်း ယူဆောင်လာခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက် ညပိုင်းတွင် သူရဦးရွှေမန်းသည် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ရာထူးမှ ဖယ်ရှားခံလိုက်ရပြီးနောက် နောက်တစ်နေ့ သြဂုတ် ၁၃ ရက်၌ သူရဦးရွှေမန်းနှင့် လက်ရှိ ပါတီပူးတွဲဥက္ကဌ ရာထူး ယူထားသည့် ဦးဌေးဦးထံသို့ လိပ်မူထားသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း သူရဦးရွှေမန်းက ပြောသည်။

အဆိုပါစာတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်နေခြင်း၊ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှုကို မျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌတာဝန် ပူးတွဲတာဝန်ထမ်းဆောင်သူ တစ်ဦးတည်း၏ ဆန္ဒအရသာ ဆုံးဖြတ်ပြုလုပ်နေခြင်း၊ ပါတီ၏ ရန်ပုံငွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာမှုမရှိခြင်း၊ မူလမဲဆန္ဒရှင်အချို့က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်ကျဆင်းစေလျက်ရှိပြီး မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုပါ ထိခိုက်လာနိုင်သဖြင့်ဟု ရေးသားဖော်ပြထားသည်ဟုလည်း သူရဦးရွှေမန်းက ဆိုသည်။

ယင်းအချက်များ ရေးသားပေးပို့မှုအပေါ်တွင် ၄င်းအနေဖြင့် စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရသော်လည်း ယခုချိန်တွင် ဒီတိုင်းသာ ထားလိုက်ပြီး နောင်မှသာ လိုအပ်ပါက ရင်ဆိုင်ဖြေရှင်းသွားမည်ဟုသာ သဘောထားခဲ့ကြောင်း သို့သော်လည်း ယခုအတိုင်းသာ ထားလိုက်ပါက ဥပဒေသဘောအရ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံရာရောက်နိုင်သဖြင့် အမှား အမှန်၊ အကောင်း အဆိုးကို သုံးသပ်ဆင်ခြင်၍ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားသုံးသပ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟု ယူဆသည်။

ထို့ကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ မည့်သည့်ပြဿနာမှ ပေါ်ပေါက်စေလိုသော ဆန္ဒမရှိဘဲ သက်ဆိုင်သူများနှင့် တာဝန်ရှိသူများက နိုင်ငံအပေါ် မေတ္တာစေတနာထားပြီး ပြည်သူများ ယုံကြည်စိတ်ချစွာနှင့် တရားဥပဒေ၏ အကာအကွယ် ရရှိနေကြာင်းကို လက်တွေ့ပြသမှုဖြင့် အုပ်ချုပ်ရေးအစိုးရ၊ တရားမဏ္ဍိုင်နှင့် ဥပဒေပြုလွှတ်တော်တို့မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် တင်ပြခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းက အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

7Day Daily
Previous
Next Post »
Powered by Blogger.