Dagon City1 စီမံကိန်း ဘာတွေ ဖြစ်ဦးမလဲ


“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်မြင့် အရာရှိကြီးတဦး က အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ပြောဆိုမှုများ မပြုလုပ်လိုသော်လည်း စီမံကိန်း တခုလုံးရပ်ဆိုင်းရန် မဖြစ်နိုင်ကြောင်း၊ ယခုအခါ ပညာရှင်များနှင့်အတူ ရန်ကုန်မြို့ ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ဝင်များ ဆွေးနွေး အဖြေရှာနေကြပြီ ဖြစ်ကြောင်း ပြောသည် …”

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးထောင်ဘိုအ၀ိုင်းတွင် Marga Land Mark ကုမ္ပဏီက တည်ဆောက်ရန် ဆောင်ရွက်နေသော Dagon City 1 စီမံကိန်းကြောင့် မြန်မာ့ရှေးဟောင်းသမိုင်းဝင် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားကြည်ညိုစရာ ရွှေတိဂုံစေတီတော်ကြီး စိုးရိမ်ပူပန်စရာဖြစ်နေသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားကြကာ ဝေဖန်မှုများ အမျိုးမျိုးပေါ်ထွက်နေသည်။
အဆိုပါစီမံကိန်းသည် ရွှေတိဂုံစေတီတော်နှင့်နီးနေသည်ဟု ပြောဆိုမှုများပေါ်ထွက်ခဲ့ပြီးနောက် ပြန်လည်စစ်ဆေးရန်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ခေတ္တရပ်ဆိုင်းခံထားရသည်။ ယင်းနှင့်အတူ ရွှေတောင်၊ Adventure Myanmar and Tour ကုမ္ပဏီတို့က တည်ဆောက်နေသည့် စီမံကိန်းများလည်းပါဝင်သည်။ ရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ဖြစ်ကြောင်း Marga Land Mark က ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုအခါ အဆိုပါ Dagon City 1 စီမံကိန်းအရေးကိစ္စသည် ယခင်ထက်ပို၍ ဝေဖန်ခံနေရသော စီမံကိန်းတခုဖြစ်လာပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မြို့ ပြပညာရှင်များအပါအ၀င် ဗိသုကာပညာရှင် များကပါ ရွှေတိဂုံစေတီ၏ပုံရိပ်ထိခိုက်မည်ကို စိုးရိမ်တကြီးသတိပေး ပြောကြားလာကြကာ လာမည့် ၁၇-၅-၂၀၁၅ ရက်နေ့တွင် Save Shwe Dagon Forum တခုကိုပါ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ပြုလုပ်မည်ဟု ကြေညာထားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရွှေတိဂုံစေတီတော်နှင့် အနီးတ၀ိုက်တွင် အထပ်မြင့်တိုက်များတည်ဆောက်မည်ဆိုပါက စေတီတော်၏ရင်ပြင်တော်အမြင့်အထိသာ ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ Dagon City 1 တည်ဆောက်ရေးကိစ္စအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ပြီးခဲ့သည့် မတ်လအတွင်းကပင် ကော်မတီတရပ်ထပ်မံဖွဲ့စည်းကာ စစ်ဆေးညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းက စစ်ဆေးတွေ့ရှိထားသည့် အချက်အလက်များကိုလည်းပေးပို့ကာ Master Plan ရေးဆွဲနေပြီဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါစီမံကိန်း၏နောက်ဆုံး Master Plan ကိုလည်း အများ ပြည်သူသို့ ပွင့်လင်းမြင်သာမှုရှိစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ မြန်မာအင်ဂျင်နီယာအသင်း၊ MARGA LANDM|ARK ကုမ္ပဏီ၊ မြန်မာ နိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်(MIC)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC တို့ အနေဖြင့် အသိပေးဖော်ပြခြင်းမျိုးပြုလုပ်စေလိုကြောင်းလည်း ဝေဖန်ပြောဆိုလျက်ရှိကြသည်။

ကမ္ဘာမြေကြီး၏အောက်တွင် မမြင်ရသောရေစီးသည့် မြစ်၊ ရေစီးကြောင်းများ၊ ကျောက်လှိုဏ်ခေါင်းများ၊ မြေကြီးထဲတွင် ခိုအောင်းနေသော မြေအောက်ရေထုလွှာများရှိကြောင်း၊ အဆိုပါရေများကို ထုတ်ယူ မည်ဆိုပါက ထုတ်ယူသောနှုန်းနှင့် မိုးရွာလျှင် ပြန်ပြည့်မည့်နှုန်းညီမျှပါက ပြဿနာမရှိသော်လည်း ထုတ်ယူနှုန်းများလျှင် ရေ၏မျက်နှာပြင် နိမ့်ကျသွားမည်ဖြစ်ကာ ရေအပေါ်ရှိမြေသားမှာ လိုက်ပါနိမ့်ကျသွားနိုင်ကြောင်း မြန်မာ့အစိမ်းရောင်ကွန်ရက်တာဝန်ရှိသူ သတ္တုတွင်းအင်ဂျင်နီယာ ဦးစော မိုးမြင့်က ပြောသည်။
''Marga Landmark အနေဖြင့် Dagon City 1 ၏လုပ်ငန်းများလုပ်ဆောင်ရာတွင် အစွမ်းကုန်ဂရုစိုက်မှု၊ လိုအပ်သမျှကို တာဝန်သိစွာ ပြီးပြည့်စုံအောင် စစ်ဆေးမှုတို့ဖြင့် သိင်္ဂုတ္တရကုန်းတော်၏အောက်ခံ မြေသားနှင့်မြေအောက်ရေအား လုံးဝမထိခိုက်စေဘဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိလူကြီးမင်းများအား ထပ်လောင်းအသိပေးအပ် ထားပြီးဖြစ်ပါသည်''ဟု ပြီးခဲ့သည့် ၉-၅-၂၀၁၅ ရက်နေ့တွင် Marga Landmark က ထုတ်ပြန်ထားသည်။

''မြေအောက်ရေကို ထုတ်ယူသုံးစွဲတယ်ဆိုတာအပေါ်ကနေ အ၀ီစိတွင်းတူးပြီး ထုတ်တာလည်းဖြစ်နိုင်သလို တနေရာကနေပြီးတော့ စီးထွက်သွားအောင် လုပ်လို့ရှိရင်လည်း မြေအောက်ရေကို ထုတ်ယူတာပဲ။ သူတို့ ဆောက်မယ့်နေရာက ရွှေတိဂုံဘုရားထက် အများကြီးနိမ့်တယ်။ ပေပေါင်း လေးငါးရှစ်ဆယ်လောက် ကွာမယ် ထင်တယ်။ အဲဒီနေရာမှာ သူတို့ဖောင်ဒေးရှင်း စတူးမယ်။ ပြီးတော့ မီတာ ၂၀ လောက် အနည်းဆုံးတူးကြမယ် ဆိုလို့ရှိရင် ရန်ကုန်မြို့မှာ ပေ ၁၀ ပေ ၁၅ ပေတူးရင် ရေကြောကို သွားတွေ့ပါတယ်။ ရွှေတိဂုံဘုရားနဲ့ဝေးတယ်ဆိုပေမယ့် ဆုံးရှုံးသွားတဲ့ရေကြောသည် ဘုရားအောက်မှာရှိတဲ့ ရေကြောနဲ့လည်း ဆက်သွယ်မှု ရှိနိုင်တယ်။ ရှိမှာပဲ။ အဲတော့ ရေက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ရွှေတိဂုံဘုရားအောက်မှာ မြေကြီးထဲမှာရှိတဲ့ရေကတော့ ဆုတ်သွားတယ်။ ဆုတ်သွားလို့ရှိရင်တော့ အနည်းနဲ့အများပေါ့လေ၊ ရွှေတိဂုံဘုရားကြီးရဲ့အလေးချိန်ကြောင့်လည်း မြေကြီးနိမ့်ကျသွားမှုလည်း ဖြစ်နိုင်တာပဲ။ အနာဂတ်မှာ စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာရော တကမ္ဘာလုံးမှာ တဖြည်းဖြည်းနဲ့ရွာသွန်းတဲ့ မိုးရေ မမှန်တော့ဘူးလေ။ မြေအောက်ရေဆိုတာကလည်း ရွာချတဲ့မိုးရေက ပြန်ပြန်ဖြည့်မှ ပြည့်မယ့်သဘောရှိတာ ကိုး။ အခု မြန်မာပြည်မှာက မိုးရေက တဖြည်းဖြည်း နည်း နည်းလာတယ်။ ရွာသွန်းတဲ့မိုးရေကနည်းတော့ ပြန်ဖြည့်တဲ့မိုးရေက နည်းတဲ့အပြင် အကြောင်းကြောင်းကြောင့် မြေအောက်ရေယုတ်လျော့သွားမယ်ဆိုရင် တော့ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်''ဟု ဦးစောမိုးမြင့်က ပြောသည်။

Dagon City 1 ကို တည်ဆောက်မည့် Marga Land Mark ကုမ္ပဏီအနေဖြင့် ခွင့်ပြုချက်ပေးထားသော အစီအစဉ်အတိုင်းသာ ဖိဖိစီးစီး လိုက်နာကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဝေဖန်သူများအား အဖြစ်မှန်များအား သိရှိနားလည်နိုင်ရန် အမြဲတစေ ဖိတ်ခေါ်ကာ စကားပြောဆိုဆွေးနွေးရန် ကမ်းလှမ်းသော်လည်း အများစုမှာ ထိုကမ်းလှမ်းချက်များအား ငြင်းပယ်ကာ မဟုတ်မမှန်သော ကောလာဟလများအား မိမိတို့၏ စီမံကိန်းအစီအစဉ်များအား နားလည်သဘောပေါက်မှုမရှိဘဲ ဆက်လက်ဖြန့်ဝေနေဆဲဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် Dagon City 1 စီမံကိန်းအတွက်သာ တာဝန်ရှိပြီး သုခရတနာမှ သီးခြားလုပ်ကိုင်နေသော Dagon City 2 စီမံကိန်း၏လုပ်ငန်းများ၊ ရွှေတောင်နှင့် Adventures Myanmar တို့မှ အကောင်အထည် ဖော်ဆောင်ရွက်နေသော စီမံကိန်းများတွင် ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း၊ ရပ်ဆိုင်းထားခြင်းကိစ္စမှာ စီမံကိန်းအကောင်အထည်ဖော်သူ ၄ ဦးလုံးအတွက်ဖြစ်သော်လည်း မိမိတို့ Marga Landmark နှင့် Dagon City 1 ကိုသာ ပြင်းထန်၍ အခြေအမြစ်မရှိသော ဝေဖန်မှုများဖြင့် ဦးတည်ပြောဆိုနေခြင်းကို အထူးပင်စိုးရိမ်မကင်းဖြစ်မိကာ မိမိတို့အနေဖြင့် ထိုကဲ့သို့သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ နောက်ကွယ်မှ အကြောင်းတရားများနှင့် ရည်ရွယ်ချက်များကို မေးခွန်းထုတ်လိုကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

''ဖြစ်ဖို့ကတော့ များပါတယ်။ နည်းပညာအရကြည့်ရင်တော့ ဘာမှတော့ သိပ်မဆိုင်ဘူးဗျ။ သူတို့က ဗိသုကာအနေနဲ့ပြောတာပေါ့လေ။ Structure ပိုင်းအနေနဲ့ အင်ဂျင်နီယာတွေပြောမယ်ဆိုရင်တော့ ဘာမှ မဖြစ်နိုင်ဘူး။ အင်ဂျင်နီယာတွေအနေနဲ့ ခိုင်မာတဲ့တွက်ချက်မှုနဲ့ တည်ဆောက်ဖို့ လုပ်ရမယ်။ ဒါနဲ့ပတ်သက်လို့လည်း သီးခြား Third Party တခု တည်ထောင်ရမှာပေါ့''ဟု လက်ရှိ ကွန်ဒိုအဆောက်အအုံများကို တည်ဆောက်နေသူလည်းဖြစ်၊ အင်ဂျင်နီယာလည်းဖြစ်သူ ၀ါရင့်ဆောက် လုပ်ရေးလုပ်ငန်းရှင်တဦးက News Watch သို့ ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်မြင့်အရာရှိကြီးတဦးက အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပြောဆိုမှုများ မပြုလုပ်လိုသော်လည်း စီမံကိန်းတခုလုံးရပ်ဆိုင်းရန် မဖြစ်နိုင်ကြောင်း၊ ယခုအခါ ပညာရှင်များနှင့်အတူ ရန်ကုန်မြို့ ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ဝင်များ ဆွေးနွေးအဖြေရှာနေကြပြီဖြစ်ကြောင်း ပြောသည်။

''လောလောဆယ် တည်ဆောက်ခွင့်ပါမစ်ကိုတော့ ယာယီဆိုင်းငံ့ ထားဆဲပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကိုယ်တိုင်က ပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်မြင့်စည်ပင်အရာရှိတဦးက ပြောသည်။

ယင်းသို့ဆိုသော်လည်း ၂၂ ဧက ကျယ်ဝန်းသော Dagon City One စီမံကိန်းမှ အဆောက်အအုံတို့သည် စေတီတော်ကြီး၏ဥာဏ်တော်ထက် မြင့်ခြင်း၊ နိမ့်ခြင်းထက် ဘုရားအနီးတ၀ိုက် အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ခြင်းကြောင့် ရွှေတိဂုံဘုရားကြီး၏ကုန်းတော်နှင့် တဆက်တည်း ဖြစ်နေသော သာသနာနယ်မြေအတွင်း အေးချမ်းမှုမရှိတော့ဘဲ အဆင့်မြင့် လူနေရပ်ကွက် ဖြစ်သွားမည့် အခြေအနေကို လက် မခံနိုင်ကြောင်း ပြောဆိုဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။

မေငယ် - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Previous
Next Post »
Powered by Blogger.