ဖင်လန်နိုင်ငံမှ လေကြောင်းလိုင်း ၀န်ထမ်းများကို လေ့လာစစ်တမ်း ပြုစုထားခြင်း ဖြစ်သည်။ နေ့ဆိုင်း ညဆိုင်း အမျိုးမျိုးဆင်းကာ လုပ်ကိုင်နေရသူများသည် နေ့ဆိုင်းချည်း ပုံမှန်ဆင်းရသူများ နှင့်စာလျှင် ဟင်းသီးဟင်းရွက် အစားနည်းကာ အဆီအဆိမ့်တွေ အစားများလာကြောင်း တွေ့ရသည်။ ထိုပုံစံသည် မကျန်း မာမှုဆီ ဦးတည်သော စားသောက်မှု ပုံစံဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။
လေကြောင်းလိုင်း ၀န်ထမ်း (၇၀) ရာခိုင်နှုန်းခန့်သည် အလုပ်ချိန် တစ်သမတ်တည်း မရှိဘဲ နေ့ဆိုင်း ညဆိုင်း ပြောင်းလဲ လုပ်ကိုင်နေကြရကြောင်း စစ်တမ်းကို ဦးဆောင်ပြုလုပ်ခဲ့သော ဟဲလ်ဆင်ကီမြို့ အများပြည်သူ ကျန်းမာရေးစင်တာမှ အာဟာရဗေဒဆိုင်ရာ ပညာရှင် ကာတာရီ ဟီမီယိုက ပြောသည်။
အစောပိုင်း စစ်တမ်းများအရလည်း နေ့ဆိုင်း ညဆိုင်း ပြောင်းလဲ လုပ်ကိုင်သူများသည် နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးချိုတို့ ပိုဖြစ်ပွားနိုင်ကြောင်း သိရသည်။ နေ့ဆိုင်း ညဆိုင်း ပြောင်းလဲ လုပ်ကိုင်ရနှုန်း များလေ အ၀လွန်ဖို့လည်း များလာလေ ဖြစ်ကြောင်းလည်း စစ်တမ်းက တွေ့ရှိခဲ့သည်။ ညဆိုင်းဆင်းခြင်းကြောင့် အစာချေစနစ် ကမောက်ကမဖြစ်ကာ အစာအိမ်ရောဂါ ဖြစ်စေသလို၊ နှလုံးရောဂါလည်း နောက်ဆက်တွဲ ဖြစ်ပွားနိုင်ကြောင်း စစ်တမ်းက ဆိုသည်။
ဖင်လန်နိုင်ငံမှ လေကြောင်းလိုင်း ၀န်ထမ်း (၁၄၇၈) ဦး၏ ၂၀၀၆ မှ ၂၀၀၉ ကြား ကျန်းမာရေး အချက်အလက်များကို သုံးသပ်လေ့လာထားခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါရသော ၀န်ထမ်းများ၊ ခရီးသည် ၀န်ဆောင်မှုဝန်ထမ်းများသည် နေ့ဆိုင်း ညဆိုင်း အမျိုးမျိုး ဆင်းနေရသူများ ဖြစ်ပြီး ထိုသူများထဲမှ အမျိုးသားများသည် တစ်ရက်လျှင် ဟင်းသီးဟင်းရွက် တစ်နပ်ပင် ပြည့်အောင် မစားဖြစ်ကြကြောင်း တွေ့ရသည်။
နေ့ဆိုင်း ညဆိုင်း အလုပ်ပြောင်း ဆင်းနေရသော အမျိုးသမီးများသည်လည်း နေ့စဉ် စားသုံးသော ကယ်လိုရီ၏ (၁၂ ဒသမ ၆) ရာခိုင်နှုန်းကို အဆီဓာတ်မှ ရရှိနေသည်။ နေ့ဆိုင်းသာ ပုံမှန် ဆင်းရသူများကား အဆီဓာတ်မှ ကယ်လိုရီ (၁၂ ဒသမ ၂) ရာခိုင်နှုန်းသာ ရယူစားသုံး ဖြစ်ကြကြောင်း တွေ့ရသည်။
နေ့ဆိုင်း ညဆိုင်း အမျိုးမျိုးဆင်းရသော အမျိုးသမီးဝန်ထမ်းများသည် နေ့ပိုင်းတွင်သာ အလုပ်ဆင်းရသူများထက် အထိုင်လည်းများပြီး သွက်လက် လှုပ်ရှားမှုလည်း နည်းကြောင်း တွေ့ရသည်။
မြတ်ဆုကို - Messenger News Journal
Sign up here with your email
ConversionConversion EmoticonEmoticon