“အရေးပေါ် အခြေအနေတွေမှာ ဆေးကုသခွင့် မရလို့ အပြင်ဆေးရုံ ရောက်ချိန်မှာ သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်” – ဦးသက်ဝေ


၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှစ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကာ တပ်မတော်အစိုးရ အုပ်ချုပ်သည့် ကာလများက လွှတ်တော်ခေါ်ယူရေးကို တောင်းဆို သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၀ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်အစိုးရကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)၏ ဖွဲ့စည်းပုံ ပုဒ်မများဖြင့် တရားစွဲဆိုရန် ဂျီနီဗာသို့ စာပို့ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသူ ဦးသက်ဝေအား ၂၀၁၃ ပြည့်နှစ်က ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၌ အင်းလုပ်ကိုင်သူနှင့် လယ်သမားများ ပဋိပက္ခ ဖြစ်ပွားမှုတွင် 
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)နှင့် ချိတ်ဆက် ကူညီခဲ့ရာတွင် အစိုးရကလူစုလူဝေးဖြင့် လှုံ့ဆော်သည်ဟူသော ပုဒ်မများဖြင့် တရားစွဲဆိုပြီး ပုသိမ်ထောင်တွင် ထောင်ဒဏ်(၆)လ ချမှတ်ခံခဲ့ရသည်။

ပုသိမ်ထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျဉ်းသား အခွင့်အ
ရေး ချိုးဖောက် ခံရမှုများ၊ ထောင်တွင်း အဂတိလိုက်စားမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်းများကို
 ကြုံတွေ့ခဲ့ရရာ ယင်းအခြေအနေများကို မြန်မာ သံတော်ဆင့် က တွေ့ဆုံမေးမြန်း၍ ဖော်ပြ လိုက်ပါသည်။


ဝိုင်းမော်

မေး- အရင်ဆုံး ဦးဘယ်လို နိုင်ငံရေး လှုပ်ရှားမှုမျိုးကြောင့် အစိုးရက ဖမ်းခဲ့တာလဲခင်ဗျ။

ဖြေ- ကျွန်တော်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နဲ့ ဆက်သွယ်ကူညီ ဆောင်ရွက်နေတဲ့ ကွန်ရက်က အောက်ဗမာပြည် တာဝန်ခံ။ ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)နဲ့ ပူးပေါင်း ပြီးတော့ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ ကလေးစစ်သားအခွင့်အရေး၊ နောက်လူကုန်ကူးမှု ကိစ္စတွေ၊ နောက်ရွှေ့ပြောင်း အလုပ်သမားတွေ၊ လယ်ယာမြေ အသိမ်းခံရပြီး နောက်ပိုင်းမှာ အဓမ္မအလုပ်ခိုင်းစေခြင်းခံရတဲ့ ကိစ္စတွေကို ဥပဒေနဲ့အညီ ကိုယ်စားဆောင်ရွက်ပေးနေတဲ့ ကွန်ရက်လေးပါ။ အထက်ဗမာပြည်မှာလည်း ရှိပါတယ်။ 

ကျွန်တော်တို့က ကျောင်းကုန်းမြို့နယ်မှာ ၂၀၁၃ ခုနှစ်က လယ်သမားနဲ့ အင်းသမားဖြစ်တဲ့ ပြဿနာမှာ လယ်သမားနဲ့ ရှာစားဖွေစား ရေလုပ်သားတွေနဲ့ အင်းသမားနဲ့ဖြစ်တာ။ အဲဒီ အင်းက ဧရာရွှေဝါကုမ္ပဏီပိုင်တဲ့၊ သူရဦးရွှေမန်းသားတွေ ပိုင်တဲ့အင်းပေါ့။ အဲဒီအင်းကို ဧရာရွှေဝါကုမ္ပဏီကနေပြီးတော့ ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်း ဥပဒေကို ဖောက်ဖျက်ပြီးတော့ တစ်ဆင့် ပြန်လည်ရောင်းချထားတဲ့ ပုဂ္ဂိုလ်က ကျွန်တော်တို့ကို တရားစွဲတာ။ ကျွန်တော်တို့ကို ၄၄၇နဲ့ တရားမ၀င် လူစုလူဝေးနဲ့ လှုံ့ဆော်တယ် ဆိုပြီးတော့ ပုဒ်မ ၁၄၃ နဲ့ တရားစွဲဆိုတယ်။ ကျောင်းကုန်း မြို့နယ် တရားရုံးကနေပြီးတော့ ကျွန်တော်တို့ကို ထောင်(၆)လ ချလိုက်တယ်။


မေး – တခြားဘယ်သူတွေ ပါသေးလဲခင်ဗျ။

ဖြေ – အလွတ်တမ်း သတင်းထောက်တစ်ယောက် အပါအ၀င် လယ်သမား (၄၀) ပါတယ်။ ကျွန်တော်နဲ့အတူ ပူးပေါင်း လှုပ်ရှားနေတဲ့ ကျွန်တော်တို့ ကွန်ရက်က ILO နဲ့ ဆက်သွယ်ကူညီ ဆောင်ရွက်နေတဲ့ ပန်းတနော် မြို့နယ်က လူငယ် ကိုရွှေကိုဦးတို့ တရားစွဲဆိုခံရပြီး၂၀၁၄ ခုနှစ်၊ ၂၀ရက်၊ ၁၁ လပိုင်းမှာ ကျွန်တော်နဲ့ ကိုရွှေကိုဦးကို ပြစ်ဒဏ် (၆)လချလိုက်ပြီးတော့ ကျန်တဲ့လူတွေကို ဒဏ်ငွေ ၁၅၀၀၀ တပ်ပြီး ပြစ်ဒဏ် ပေးလိုက်တယ်။

မေး – ပုသိမ်ထောင်မှာ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးတွေရှိလဲ။

ဖြေ – အကျဉ်းသားတွေ ထောင်ထဲကို ရောက်လာပြီဆိုရင် ပထမဦးဆုံးပုံစံခန်းကို ဖြတ်ရပါတယ်။ အကျဉ်းသားတွေဟာ ကျန်းမာရေး၊ စားရေးသောက်ရေးကအစ တာဝန်ယူရမှာ။ ဒါက အကျဉ်းထောင် လက်စွဲမှာ ပြဋ္ဌာန်းထားပြီးသား။ ဒီလို ပြဋ္ဌာန်းထားတဲ့ဟာကို၊ အကျဉ်းသား အခွင့်အရေးတွေ ဆုံးရှုံးတဲ့ဟာကို စားရေး
သောက်ရေးဆိုရင် အသားစားဆိုရင် ၂ ရက်ပေးတယ်။ ကျွန်တော်တို့ အရင်တုန်းက (၄) အောင်စ၊ အခု ၄ အောင်စက (၇)ကျပ်သားလောက် ရှိတယ်။ အခုမရဘူး။ ကျွန်တော်တို့အိပ်ရာချတဲ့ နေရာမှာ ၄ ပေ၊ ၉ ပေထိ ပေးတယ်။ 

အခုက ၁ ပေခွဲနီးပါးလောက်ပဲ အိပ်ရာချပေးတယ်။ ထောင်ထဲမှာ ၄၅ ယောက် ထားရမယ့် အဆောင်အခန်းဟာ အခု လူ ၈၀ ကျော် ထည့်ထားတော့ ကျပ်တည်းစွာ အိပ်ရတယ်။ အဲဒီမှာ တီဘီရောဂါရှိတဲ့ လူတွေလည်းပါတော့ ကူးစက်ရောဂါရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွဲထားတဲ့အခါ ကျန်းမာရေး ထိခိုက်တာ တွေရှိတယ်။ နောက်လေ၀င်၊ လေထွက်မကောင်းဘူး။ မိလ္လာနံ့တွေ နံတယ်။ ခြင်တွေကိုက်တယ်။ ဒါတွေကို ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ တာဝန်ဝတ္တရား ပျက်ကွက်တာ၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ချိုးဖောက်တာလို့ ပြောလို့ရတယ်။ 

အကျဉ်းထောင်ဝန်ထမ်းတွေက အဓိက အရာရှိတွေ ပေါ့ဗျာ။ အကျဉ်းထောင် အရာရှိတွေက အကျဉ်းသား အခွင့်အရေး ချိုးဖောက်တာ တွေ့ရတယ်။ နောက်ရဲဘက် ထုတ်မယ်ဆိုရင် အကျဉ်းသား တစ်ယောက်ကို ကျန်းမာရေး အရင်စစ်ရတယ်။ ကျန်းမာရေး စစ်တဲ့နေရာမှာ ဆရာဝန်က ကျန်းမာရေးမကောင်းလို့ အလုပ်ခိုင်းစေလို့ မရဘူးလို့ သတ်မှတ်ပေးလိုက်ပေမယ့် ကျန်တဲ့ ထောင်ကြီးကြပ်ရေးမှူးတွေနဲ့ ထောင်ပိုင်တွေက အလုပ်စခန်းကို ထုတ်တဲ့အတွက် ကျန်းမာရေး ပိုမိုဆိုးရွား လာကြတယ်။ နောက် ကျန်းမာရေး ဆိုးရွားလာလို့ အပြင်ဆေးခန်းမှာ ဆေးကုသဖို့ ထောင်ဆရာဝန်က မှတ်ချက်ပေးပေမယ့်လည်း ထောင်ပြင်ပ ဆေးရုံကိုနှောင့်နှေး ကြန့်ကြာတယ်။ 

အကြောင်းပြချက်ကတော့ လုံခြုံရေးမရလို့ ဆိုပြီးတော့။ အရေးပေါ် အခြေအနေတွေမှာ ဆေးကုသခွင့်မရလို့ အပြင်ဆေးရုံ ရောက်ချိန်မှာ သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်။ မနေ့တစ်နေ့ကမှ ဆေးကုသခွင့်မရလို့ ထောင်ထဲမှာ တစ်ယောက် သေဆုံးတယ်။ ထောင်ပြင်ပရောက်တော့ နောက်ကျပြီးတစ်ယောက် သေဆုံးတယ်။ တစ်ယောက်က ကိုဇော်မျိုးထက်၊ သူ့ရဲ့ထောင်ဝင်နံပါတ်က ပသ/၁၄/၀၀၉၀၂/က။ သူက ပုသိမ်အကျဉ်းထောင် ဆေးရုံမှာ သေဆုံးသွားတယ်။ ၆ ရက်နေ့ ၄ လပိုင်းက ၉ နာရီ ၄၅ မှာ သေဆုံးတာ။ ကျော်မျိုးလတ်က ပသ/၁၄/ ၀၀၉၅၀/က ရွှေတွင်းတူး ရဲဘက်ကနေ ပြန်လာတာ။ ရဲဘက်စခန်းကို ကျန်းမာရေးမကောင်းဘဲ အလုပ် ထုတ်တယ်။ ၄ ရက် ၄ လမှာ ဆေးရုံတင်တယ်။ ဆေးရုံတင်တာ နောက်ကျတဲ့အတွက် ၅ ရက်မှာ သေဆုံး သွားတယ်။

တရားရုံး အမိန့်ချလိုက်တဲ့ သူတွေက ဘယ်သူမဆို ပုံစံခန်းကိုဖြတ်ရတယ်။ ပုံစံခန်းမှာ ဘာတွေသင်လဲဆို
တော့ အကျဉ်းထောင်ဝန်ထမ်းတွေ အရာရှိတွေနဲ့ တွေ့တဲ့အခါမှာ ရိုကျိုးတုပ်ကွစွာနဲ့ နေထိုင်ပြုမူ ပြောဆိုနိုင်ဖို့ အကျဉ်းထောင်က စခန်းလူကြီးတွေက သင်ကြားပြသတယ်။ ပုံစံမလှဘူးဆို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်တာ ရှိပါတယ်။ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်တာကို မခံချင်ရင် ပိုက်ဆံပေးရတယ်။ တစ်ယောက်ကို အနည်းဆုံး တစ်သောင်းခွဲ ပေးရတယ်။ နောက်တစ်ခုက အလုပ်ခိုင်းစေမှု မခံချင်ဘူးဆိုရင် ပိုက်ဆံ ပေးရတယ်။ အဲဒီနှစ်ခုအတွက် ပိုက်ဆံပေးရတယ်။

မေး – ထောင်ထဲက ကိစ္စတွေ အားလုံးက ပိုက်ဆံပေးရင်ရနေတာလား။

ဖြေ – ပိုက်ဆံရှိပြီး ရာဇ၀တ်မှုနဲ့ ရောက်လာတဲ့သူတွေက ငွေကြေးပေးလို့ရှိရင် အလုပ်မလုပ်ရဘူး။ ငွေကြေး ပေးနိုင်တဲ့သူကို အကျဉ်းထောင်က ခွဲခြားဆက်ဆံတယ်။ ငွေကြေးပေးနိုင်တဲ့ အကျဉ်းသားနဲ့ မပေးနိုင်တဲ့ အကျဉ်းသားကို ခွဲခြားဆက်ဆံတယ်။

မေး – ငွေကြေးပေးတဲ့အခါ ထောင်အာဏာပိုင်တွေကို ဘယ်လောက်အထိပေးရလဲ။ တကယ်ကော အာမခံချက်ရလား။

ဖြေ – လယ်သမားအဖွဲ့ တစ်ဖွဲ့ဆိုရင် ၁၀ ယောက်ဆိုတော့ မိန်းဂျေး တာဝန်ခံကို ပေးရတာ။ ဦးဝင်းမြင့်ပေါ့။ အဲဒီတုန်းက တစ်ယောက်ကို ၂ သောင်းနဲ့ ၅ သိန်းပေးခဲ့ရတယ်။ အလုပ်မလုပ်ရရေးပေါ့။ ဒါပေမဲ့ ငွေ
 ပေးပြီးတော့ မကြာပါဘူး တစ်ပတ်မှာပဲ အလုပ်ခိုင်းစေခြင်း ခံရပါတယ်။ အဲဒီလိုပဲ ငွေကြေးသာ ယူထားလိုက် တယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်းမှာပဲ တခြားအကြောင်းပြပြီးတော့ အလုပ်ခိုင်းစေတာပဲ။

မေး – အလုပ်ခိုင်းတော့ သူတို့က ဘယ်လိုအလုပ်တွေခိုင်းလဲ။

ဖြေ – ဒီနေ့ မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကနေ စပြီးတော့ မြန်မာနိုင်ငံအစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်တို့ကြားမှာ အဓမ္မအလုပ်ခိုင်းစေခြင်း မပြုရဘူးဆိုတဲ့ နားလည်မှု စာချွန်လွှာကို ရေးထိုးထားတယ်။ ILO ကွန်ဗန်းရှင်း ၂၉ ကို အကြောင်းပြုပြီးတော့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ထားတယ်။ နားလည်မှု စာချွန်လွှာက ဘာလဲဆိုတော့ အဓမ္မအလုပ်ခိုင်းစေခြင်း မပြုရဘူးဆိုတဲ့ ကတိက၀တ် စာချုပ်ပေါ့။

 ဒီမှာ အချုပ်သား ဆိုတာက တရားရင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို အလုပ်ခိုင်းစေတာ အဓမ္မခိုင်းစေမှု မြောက်တယ်ဆိုတာ ILO ကွန်ဗန်းရှင်း ၂၉ မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ ဒါကိုလည်း လက်ရှိသမ္မတကြီး ဦးသိန်းစိန်နဲ့ ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ကတိက၀တ် ပြုထားတယ်။ ဒီနေ့အထိ အကျဉ်းထောင်ထဲမှာ အချုပ်သားတွေကို ခိုင်းစေမှု ပြုလုပ်နေတယ်။ ခိုင်းစေမှု ပြုလုပ်တဲ့ သူတွေက ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၄၇ကို ကျူးလွန်ရာ ရောက်တယ်။ အဲဒီကျူးလွန်တဲ့ သူတွေက အရေး
ယူခြင်း မခံရဘူး။ အဲဒါအစိုးရမှာ တာဝန်ရှိတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနမှာ တာဝန်ရှိတယ်။

မေး – နောက်ဆုံးအနေနဲ့ဘာများ ပြောချင်လဲ။

ဖြေ – အစိုးရက နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ နိုင်ငံတကာကို ပြောဆိုတာတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ငြင်းဆန်လို့ ရနိုင်သရွေ့တော့ သူငြင်းဆန်နေမှာပဲ။ ဒါပေမဲ့လည်း ဒီကနေ့ လယ်သမားတွေ၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေထဲက ထောင်ကျနေတာလေ။ ကျောင်းသားတွေ 
အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခံရတယ်။ ဒီလိုဖမ်းဆီးနေမှုတွေက အစိုးရတစ်ရပ်ရဲ့ ဦးသိန်းစိန် စတက်ကတည်းက ပြောတဲ့စကားတွေနဲ့ တခြားစီ ဖြစ်နေတယ်ဆိုတာ ကမ္ဘာကို သူ့ရဲ့ သရုပ်တကယ်အမှန်ကို ဖော်ထုတ်
ပြသ လိုက်တာပဲ။

မြန်မာသံတော်ဆင့်သတင်းဌာန
Previous
Next Post »
Powered by Blogger.