ဆိပ်ဖြူမြို့နယ် ချင်တောင်ကျေးရွာအုပ်စုတွင် သင်္ကန်းဝတ်ဖြင့် အလောင်းတစ်လောင်းတွေ့ရှိ


မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့နယ် ချင်တောင်ကျေးရွာအုပ်စုနှင့် စလင်း မြို့နယ် မြေနုကျေးရွာ နယ်စပ်ယာခင်း အနီး ကျောက်မော်စွန်း တောင်ခြေအောက် တွင် ဧပြီ ၂ဝ ရက် နံနက်တွင် ဆိတ်ကျောင်းသားများက သင်္ကန်းဝတ်ဖြင့် အမည်မသိ အလောင်း တစ်လောင်းတွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်အား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ သတင်းပေးပို့ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြင့်ဝင်း၊ မြို့မစခန်းမှူး ဒုရဲမှူးမြင့်အောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိခဲ့ပြီး သေဆုံးသူ မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်းခဲ့ရာ သေဆုံးသူမှာ ချင်တောင်ကျေးရွာ ရေလဲဘုန်းတော်ကြီး ကျောင်းမှ လူအမည် မင်းဇော်၊ သံဃာအမည်မှာ ရှင်ဥပ္ပရာမ၊ သက်တော် (၃၆နှစ်) ဝါတော်(၃)ဝါဖြစ်ကြောင်း သိရပြီး ရေလဲကျောင်းထိုင်ဆရာတော် ဦးတေဇနိယနှင့် အစ်မဖြစ်သူ ဒေါ်စန်းမြင့်တို့က ပျံလွန်တော်မူသွားသည့် ရှင်ဥပ္ပရာမသည် စိတ်ဝေဒနာရှိသူတစ်ဦးဖြစ်ပြီး သွေးတိုးရောဂါရှိကြောင်းလည်း သိရသည်။

အရှင်ဥပ္ပရာမမှာ လွန်ခဲ့သောသုံးရက်ခန့်က ပျောက်ဆုံးသွားကြောင်း သိရပြီး အလောင်းအားစစ်ဆေးရာ 
ကျောက်မော်စွန်း တောင်ခြေအောက်တွင် အနောက်ဘက်သို့ ဦးခေါင်းမူလျက် ပြင်ပဒဏ်ရာမတွေ့ရဘဲ ပျံ
လွန်တော်မူ နေကြောင်း သိရသည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်၊ အမှုမှန်ပေါ်ပေါက်ရေး သိရှိစစ်ဆေး
နိုင်ရန်အတွက် အလောင်းကို ဆိပ်ဖြူ မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆိပ်ဖြူမြို့မရဲစခန်းက အ
ရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD) - Myanmaalinn
Previous
Next Post »
Powered by Blogger.