လယ်မြေအငြင်းပွားမှု ဖြစ်ပွားရာမှ ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ကြသဖြင့် (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ


၂၇.၄.၂၀၁၅ ရက်နေ့ ၂၁၃၀ အချိန်တွင် ဒလမြို့နယ်၊ ခနောင်/ရှမ်းစုကျေးရွာ အုပ်စု၊ ဓနိတော ကျေးရွာနေ ဦးကျော်တင့်မှ ၎င်းသည် နေအိမ်၌မိသားစုနှင့် အတူရှိနေစဉ် အငြင်းပွားလျက်ရှိသော ၎င်းပိုင်လယ်မြေအား ယင်းနေ့ ၁၇၃၀ အချိန်ခန့်က မြို့နယ်မြေစာရင်းဌာနမှ လာရောက်တိုင်းတာ ခဲ့သည့် ကိစ္စကို မကျေနပ်သဖြင့် တစ်ရွာတည်း နေသူများ ဖြစ်ကြသည့် အောင်ကျော်ညွန့်၊ (၃၅)နှစ် အပါအ၀င်အမျိုးသား(၂၇)ဦးတို့မှ တုတ်၊ ဓါးများ ကိုင်ဆောင်ရောက်ရှိ လာပြီး ဆဲဆိုနေခဲ့ကြကြောင်း၊ ထိုသို့ဆဲဆိုနေသဖြင့် နေအိမ်တံခါးပိတ်နေခဲ့ရာ ၎င်းတို့အဖွဲ့ ပြန်သွားခဲ့ကြကြောင်း၊ 

ခဏအကြာတွင် ၎င်းတို့ ပြန်လည် ရောက်ရှိလာကာ နေအိမ်အား ခဲ၊ တုတ်များဖြင့် ပစ်ခတ်ပြီး ပစ္စည်းများအား ဖျက်ဆီး ခဲ့သည့်အပြင် နေအိမ်ရှိလူများအား ရိုက်နှက်ထိုးခုတ်သဖြင့် မိခင်ဖြစ်သူတွင် ၀ဲမျက်ခုံးနှင့် နဖူးပေါက်ပြဲ၊ ၀ဲခြေသလုံးဖူးရောင်၊ ကျောကုန်းနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ညီမဖြစ်သူတွင် နဖူးနှင့် ဦးခေါင်းပေါက်ပြဲ၊ ၀ဲနားထင်ဖူးရောင်၊ ၀ဲခြေသလုံးနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ညီဖြစ်သူ ကျော်သူ၊ (၂၇)နှစ်မှာ နေအိမ်ပေါ်မှ ကားလမ်းဘက်သို့ ထွက်ပြေးသွားစဉ် အောင်ကျော်ညွန့် ပါ(၉)ဦးတို့မှ ဖမ်းချုပ်ရိုက်နှက်ကာ လယ်ကွင်းဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ 

၎င်းတို့အဖွဲ့ပြန်သွား ပြီးနောက် ကျော်သူအား လိုက်လံရှာဖွေရာ နေအိမ်နှင့် ကိုက်(၂၀၀)ခန့်အကွာ လယ်ကွင်းအတွင်း၌ မျက်နှာနှင့် မျက်လုံးနှစ်ဘက်တွင် ကြေမွဖူးရောင်ဒဏ်ရာ၊မေးစေ့တွင်ပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခဲ့ကြသူ အောင်ကျော်ညွန့်ပါ(၂၇)ဦးတို့အား အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း(ပ)၆၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂/၄၅၂/ ၃၂၅/၃၂၄/၃၃၆/၄၂၇/၂၉၄/၁၁၄ ဖြင့် အမှုဖွင့် အရေးယူကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
Previous
Next Post »
Powered by Blogger.