အနုပညာလောကထဲမှာ ကာလရှည်ကြာစွာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ရပ်တည်လာရင်း ၂၀၁၅ ဖေဖော်ဝါရီမှ စတင်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေမြင်တွေ့လာရတဲ့ သရုပ်ဆောင် သားညီက လက်ရှိမှာ ဒါရိုက်တာသရုပ်ဆောင် တစ်ယောက်အနေနဲ့ မျှတစွာရပ်တည်ရင်း ၂၀၁၅ တွက် အနုပညာ အစီအစဉ်အချို့ကို ရေးဆွဲလျှက်ရှိနေပါတယ်။
ဒါရိုက်တာ တစ်ယောက်ရဲ့လက်ရှိဘ၀အကြောင်းကို ရင်ဖွင့်ပြောပြခဲ့တာကတော့ “ခုရိုက်နေတဲ့ ကားလေးက ရွှီရှောင်တဲ့။ ဒီနေ့မှ စရိုက်တာပေါ့။ မေကဗျာပါတယ်။ မုန်းပါတယ်။ ကျွန်တော်ပါတယ်။ ဟာသ သရုပ်ဆောင်တွေပါတယ်။ ခုဒီ ၂၀၁၅ ဖေဖော်ဝါရီလလောက်က စပြီး ကျွန်တော် ဒါရိုက်တာ တစ်ယောက်အနေနဲ့စရိုက်ဖြစ်တယ်။ ၆ကား ၇ကားလောက် ရှိပြီ။ အစက ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ စိတ်ကူးမရှိဘူး။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ပဲ။
ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော့ကို ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့အတွက် ဦးတည်လာတယ်။ လမ်းကြောင်းလေး တစ်ခုပေါ်ရောက်လာတဲ့ အချိန်ကျတော့ ဒီအလုပ်ကို ကျွန်တော် မလေးစားလို့ မရတော့ဘူး။ မပြင်ဆင်လို့ မရတော့ဘူး။ အဲ့ဒီလိုနဲ့ တစ်ဖြည်းဖြည်း ဒါရိုက်တာ လမ်းကြောင်းလေး တစ်ခုပေါ်ကိုရောက်လာတယ်။ အခုနောက်ပိုင်း ကျွန်တော် မျှမျှတတပဲ ရပ်တည်မှာပါ။”လို့ သူက ပြောပြသွားပါတယ်။
ဒါ့အပြင် သူထပ်ပြောသွားတာက “အခုလောလောဆယ်မှာ ဒီအနေအထားတစ်ခု ရောက်လာတာက ကျွန်တော်နဲ့တွဲဖက်ရိုက်တဲ့ အနုပညာမောင်နှမတွေက ကျွန်တော့ကိုယုံကြည်လို့ပါ။ ကိုလူမင်းတို့က အစ၊ ကိုမင်းသွေး၊ ကိုနေတိုးဆိုလဲ ကျွန်တော်နဲ့ ရိုက်ဖို့ကို စိတ်ဝင်စားတယ်၊၊ ကိုပြေတီဦးတို့ဆို ရိုက်ပြီးပြီ။ အဓိက ကျွန်တော့မှာ ဇာတ်နည်းနေတာပါ။ ဇာတ်ကလဲ ရှားတဲ့ခါကျတော့ အခက်အခဲ ရှိတယ်။ ကျွန်တော့ရဲ့ အနုပညာပေါ်ရူးသွပ်တဲ့ စိတ်လေးကို သူတို့က သိထားတဲ့အခါကျတော့ ယုံကြည်မှုက အပြည့်အ၀ရှိကြပါတယ်”တဲ့။
ဒါရိုက်တာပညာနဲ့ပတ်သတ်ပြီး ဘယ်သူတွေဆီက သင်ယူခဲ့သလဲဆိုတာကို မေးကြည့်လိုက်တော့ “ပထမဆုံးသင်ပေးခဲ့တာက ဦးမြတ်ဆွေးပါ။ နောက်ပိုင်းကတော့ ဦးမျိုးမင်း၊ ဦးမီးပွား၊ ဦးကျော်မြင့် ၊ကိုသားကြီး ကျွန်တော်နဲ့ရိုက်ဖူးသမျှ ဒါရိုက်တာအားလုံးက ကျွန်တော့်ဆရာတွေကြီးပါပဲ။”လို့ သူက ဆိုသွားပါတယ်။
သူ့ရဲ့နောက်ထပ်ရိုက်ကူးဖို့ စီစဉ်ထားတာတွေကိုလည်း ခုလို ပြောပြသွားပါသေးတယ်။ “၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီး ၂ကား စီစဉ်ထားတယ်။ မိုးတွင်းတစ်ကား၊ ဒီဇင်ဘာတစ်ကားပေါ့။ သေချာမှပဲ ပြောချင်ပါ တယ်။ ခုထူးခြားမှုကတော့ သင်္ကြန်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ရိုက်မဲ့ကားက တက်တူးပေါ့။ နေမင်း အရမ်းပေါက်ခဲ့တဲ့ ကားကို ပြန်ရိုက်မယ်။ ဒုတိယပိုင်းပေါ့။ အဲ့ဒီကားတွက် ကျွန်တော်အရမ်းကို ရင်ခုန်နေ ပါတယ်” လို့ ဖွင့်ဟသွားပါတယ်။
ခင်ဆွေသက် - Trend Myanmar

Sign up here with your email
ConversionConversion EmoticonEmoticon