အနီးစပ်ဆုံးဥပမာကိုပြရသော် ကားတစ်စီးနှင့် ရန်ကုန်မြို့ထဲသို့ မောင်းဝင် ကြည့်ပါ။ မည်သည့်ကားမျှ ယာဉ် စည်းကမ်း လမ်းစည်းကမ်းကို မလိုက်နာဘဲ မောင်းနေကြပုံကို တွေ့ရမည်ဖြစ်သည်။ ထောက်ကြန့်မှ ပြည် လမ်းအတိုင်း မောင်းလာသော် ယာဉ်ကြောသုံးခုရှိရာ အလယ်ကြော၌ တစ်နာရီ ကီလို၆ဝနှင့် မောင်းလာ
သော် ဝဲဘက်ယာဉ်ကြောမှ ကျော်တက်သောကားလည်း ရှိသည်။ ယာဘက်ယာဉ်ကြောမှ ကျော်တက်သော ကားလည်း ရှိသည်။
လမ်းက သိပ် မရှုပ်သေး၍ ဝဲယာမှ ကြိုက်သလိုကျော်တက်ကြသည်။သာမန်ယာဉ်စည်းကမ်း အရ ညာ ဘက်မှ ကျော်မတက်ရသော်လည်း ကျော်ပြီးမှ ရှေ့ကားကို ဝဲဘက်မှ ထပ်မံကျော်တက်သည်လည်း ရှိသည်။ တစ်နာရီ ကီလို ၁ဝဝကျော်မောင်းသော ကြောင့် ရှေ့တွင် အနည်း ငယ်နှေးသောကားက ပိတ်နေသလိုဖြစ် ၍ ညာဘက် မှ ဆက်မကျော်နိုင်လျှင် အရှိန်လျှော့၊ ခဏစောင့်ရ မည့်အစား ဝဲဘက်သို့ မြွေ လိမ်မြွေကောက် လုပ်ပြီး ကျော်တက်သွားခြင်းဖြစ်သည်။ အမြန်မိုင်နှုန်းလည်း မည်မျှပင် သတ်မှတ်သည်ဖြစ်စေကျော်၍မောင်း သည့်ကားက ပိုများသောကြောင့် မိုင်နှုန်းကလည်း မြင့်မြဲမြင့်ကြသည်။
ကျိုက္ကလော့ဘုရားနားနီးလာသော ဝါယာလက်ရပ်ကွက်တွင် ကားရော လူပါ ရှုပ်သည်။ ဆိုင်ကယ်များလည်း ရှုပ်သည်။ စက်ဘီးများလည်းရှုပ်သည်။ ဘတ်စ်ကားကြီးများကလည်း မှတ်တိုင်နှင့် အဝေးကြီးခွာ၍ရပ်သည်။ ယာဉ် နှစ်ထပ်ရပ်သည်။ လမ်းလျှောက်သောလူများက လမ်းကို ဖြတ်ချင်သည့်နေရာမှ ဖြတ်ချင်သလို ဖြတ်သည်။ လမ်းလယ်ရှိမျဉ်းတွင် ရပ်ချင်သလို ရပ်နေကြသည်။ ကားကလည်း အဆင်ပြေသလို နှေးလိုက်မြန်လိုက် ကွေ့လိုက် ပတ်လိုက်နှင့် မောင်းခဲ့ကြသည်။

ခရေပင်လမ်းခွဲသို့ နီးလာပြီ၊ မီးပွိုင့်သည် တစ်မိနစ်ခွဲက တည့်တည့်သွားသူ အတွက် အနီနှင့်တားသည်။ နောက်တစ်မိနစ်ခွဲက ကွေ့ကားများအတွက် တား သည်။ ဖရီးကြော(Free Line)သည် တကယ့်သီးခြား
ဖြစ်သော်လည်း တစ်ခါ တစ်ရံ တည့်တည့်သွားကားများ တန်းစီပိတ်နေတတ်သည်။ ဤသို့ ဖရီးကြော ကို ပိတ်သည့်နေရာ၌ တာမွေ ရွှေဂုံတိုင်မီးပွိုင့်၊ ကမ္ဘာအေးလမ်း ရွှေဂုံတိုင်လမ်း ခုံးတံတားအောက်မီးပွိုင့်၊ ပြည်လမ်း - ကမ္ဘာအေးလမ်းဆုံ ရှစ်မိုင်လမ်းဆုံမီးပွိုင့် များ၌ ဖရီးကြောဆိုသည် မရှိသကဲ့သို့ ပိတ်ဆို့သည်။
လမ်းဆုံတွင် အချက်ပြမီးရှိပါက တန်းစီနေသောကားတန်းကို နောက်မှလာ သောကားများက ကျော်၍ မီးပွိုင့်နားရောက်မှ ခေါင်းဝင်ဝင်တိုးကာ တစ်စီး လောက်တောင်း၍ လက်တစ်ချောင်းထောင်၍ ဇွတ်တိုး ဝင်ကြသည်။ အချို့ကား များက မီးပွိုင့်တွင် တန်းစီရာ၌ မျက်နှာချင်းဆိုင်မှ မီးနီပြ၍ ရှင်းနေသည်ဆိုကာ လမ်းပြောင်းပြန်မောင်း၍ မီးပွိုင့်အနီး သူများထက်ဦးအောင် ဇွတ်မောင်းသည်။
အကြောင်းမလှ၍ ဟိုဘက်မီးက စိမ်းလိုက်သောအခါ လမ်းပြောင်းပြန်မောင်း လာသည့်ကားက တန်းစီ ထားသောယာဉ်တန်းထဲ ကြားဝင်ရန် အတင်းကြိုးစား သည်။ တန်းစီထားသောကားတန်းရှေ့ကကား နောက်ကား ဘန်ပါချင်းကပ်၍ တန်းစိတ်နေပါက ကြားဝင်၍မရသောကြောင့် လမ်းပြောင်းပြန်တွင် ကန့်လန့် ကြီးခံနေပြီး ဟိုဘက်ယာဉ်ကြောမှကားများနှင့် ထိပ်တိုက်ကြီးဖြစ်နေလေတော့ သည်။
ဤပုံမှာ အချက်ပြမီးရှိရာ လမ်းဆုံကြီးများတွင် ကြုံလေ့ရှိသော ဖြစ်ရပ် ဟူ၍။ရန်ကုန်မြို့သည် ကားဦးရေ အလွန်များလာ၍ လမ်းတိုင်းကားပိတ်ကုန် သည်။ ထိုအခါ ဘတ်စ်ကားကြီးတွေကလက်ယာဘက်ယာဉ်
ကြော အတိုင်း မောင်းရမည့်အစား အလယ်ယာဉ်ကြောကိုပင်ကျော်၍ လက်ဝဲဘက်ယာဉ် ကြောကို တက်မောင်းပြီးမှ အလယ်ကြောပြန်ဝင်ဇွတ်တိုးပြီး လက်ယာကြောရှိ မှတ်တိုင်ဘက် ဖြတ်ယူသည်။ မှတ်တိုင်နားကပ်၍မရအောင် အခြားကား ခံ နေပါက လမ်းလယ်နီးပါး လမ်းပေါ်၌ပင်ရပ်၍ ခရီးသည်များဆင်းတက်စေတော့ သည်။
အချိန်ကြာလေ တွက်ခြေမကိုက်လေ၊ အချိန်လုမောင်းမှ တွက်ခြေကိုက် သော အငှားယာဉ်တက္ကစီများက လည်း တမှောင့်၊ မြန်မြန်ရောက်လိုဇောနှင့် ယာဉ်ကြောဇွတ်ပြောင်း ခေါင်းဝင်ထိုးသည်။ လမ်းမကြီးမှ လမ်း သွယ်ထဲ ဇွတ် ကွေ့ဝင်၍ ရပ်ကွက်များထဲမှ ဖြတ်မောင်းသည်။ ရပ်ကွက်လမ်းသွယ်မှ ပြန်အထွက် လမ်းမ ကြီးတွင် အရှိန်နှင့်ပြေးနေသောယာဉ်တန်းထဲ ခေါင်းထိုး၍ ဇွတ် ဝင်သည်။ သည်ဘက်ယာဉ်ကြောကိုဖြတ်၍ ဟိုဘက်ယာဉ်ကြောထဲ ရအောင် ဝင်သည်။

လမ်းသွားလမ်းလာများကလည်း ကားကို ဂရုမစိုက်ကြတော့။ ကား ကွေ့မည်ကို အချက်ပြလည်း ရှေ့က ဖြတ်လျှောက်သည်။ လမ်းမပေါ် တက် လျှောက်သည်။ လမ်းဘေးတွင် ရပ်ထားသောကားတစ်စီးရှိသော အခါ လမ်း ပေါ်ဘက်က ပန်းလျှောက်သည်။ လမ်းဘေးက ပန်းမတက်။ ကားက ဘက်ဆုတ် နောက်ဆုတ် လျှင် အချက်ပြသံပေးသည်ကို ဂရုမစိုက်ဘဲ နောက်ကဖြတ်လျှောက် သည်။ လူကူးမျဉ်းကျားတွင် ကားက ရပ်ပေးသည်က ရှားသည်။ လူတွေက လည်း လူကူးမျဉ်းကျားမှ မကူးမဖြတ်ဘဲ ဖြတ်ချင်သည့်နေရာမှ ကားကြားထဲ ဝင်တိုး၍ ကားကိုကွေ့ကာဝိုက်ကာ ဖြတ်ကူးသည်။
ကားရောလူပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို မလိုက်နာကြဘဲ မောင်း ကြသွားကြရပ်ကြသည်။ ရန်ကုန် မြို့တွင်း၌ ကားများလူများ သွားလာနေပုံကို ကြည့်ခြင်းဖြင့် ဘာစည်းကမ်းမျှမရှိ၊ ဘာကိုမှ အလေးမထားဘဲ လုပ်ချင်သလို လုပ်နေကြသည်။ အဆင်ပြေသလို သွားလာနေကြသည်။ အဆင်မပြေသော အခါ တိုက်ကြ၊ ကျိုးကြ၊ နာကြ၊ သေကြရသည်။

၂ဝ၁၅ ခုနှစ်ထဲ ဝင်လာပြီဖြစ်သော လေးနှစ်သက်တမ်းပြည့်လာတော့မည် ဖြစ်သည့် အစိုးရသစ်လက်ထက် တွင်လည်း ရန်ကုန်မြို့ပေါ်က ကားများ၊ ခရီး သွားလမ်းလျှောက်သူများနည်းတူ ဘာစည်းကမ်းမှမရှိဘဲ လုပ်ချင်ရာလုပ်သ လို ဖြစ်နေတော့သည်။
ဘယ်ကိစ္စတွင်မှ အခြေခံမူတည်မရသော Principle လည်းမရှိ၊ စည်း လည်းမရှိ၊ စနစ်လည်းမရှိဘဲ လုပ်နေ ကြသည်။ ဆန်စဉ်ရာ ကျည်ပွေ့လိုက် ထောင်း၍ ငါးပွက်ရာ ငါးစာလိုက်ချနေသည်။ ဟိုကွေ့တွင် ဟိုတက်နှင့်လှော်၍ ဒီကွေ့တွင် ဒီတက်နှင့်လှော်နေကြသည်။ မီးစင်ကြည့် ကနေကြသည်။ သူတစ် ပေါက် ကိုယ်တစ်ပေါက် လုပ်နေကြသည်။ ဝမ်းတူးရိုက်သည့်အကျင့် ကြီးထွား နေသည်။ မီးစတစ်ဖက် ရေမှုတ်တစ် ဖက် လုပ်နေသည်။
မရှိသည့်ပြဿနာကို ရှိအောင်ဖန်ကြသည်။ ဆွပေးသည်။ မီးထိုးသည်။ မီးလောင်ရာလေပင့်သည်။ ဘယ်ကိစ္စမျှ မြန်မြန်ထက်ထက် ပြေငြိမ်းအောင် မလုပ်နိုင်သေး။ အချိန်ဆွဲ၍ မကြာကြာအောင် လုပ်တတ်သည်က များသည်။ ဤသို့အားဖြင့် ဘယ်ခေတ်မျှ ကြီးကြီးမားမား အကြိမ်များများ မဖြစ်ဖူးခဲ့သော လူမျိုးရေးပ ဋိပက္ခတွေဖြစ်ခဲ့သည်။ ဘာသာရေးတင်းမာမှုတွေ ဖြစ်ခဲ့သည်။ ဗုဒ္ဓ ဘာသာ မရှိဖူးသော အစွန်းရောက်ဘာသာရေးသမားများတိုးပွားလျက် ရှိလာ သည်ကို အဟန့်အတားမရှိလွှတ်ထားသည်။
သမိုင်းတွင် မရှိဖူးလောက်အောင် တောင်သူလယ်သမားများ အရေးယူခံ ရသည်။ အပြစ်ပေးခံရသည်။ ထောင်ချခံရသည်။ သမိုင်းတွင်မရှိဖူးသေးသော တောင်သူလယ်သမားများ၏ ဆန္ဒပြမှုများ၊ အလုပ်သမား တို့၏ ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။ သမိုင်းအစဉ်အလာကြီးမားလှသည့် ကျောင်းသားများ ၏ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးတောင်းဆိုချက်ကို ရက်၆ဝအတွင်း ညှိနှိုင်းဖြေရှင်းမပေးဘဲ အချိန်ဆွဲခဲ့၏။ သပိတ်မှောက်ပွဲကြီးများဖြင့် ချီတက်ပွဲ များဖြင့် ရန်ကုန်သို့ဦးတည်လာမှ ကမန်းကတန်းထညှိ၍ ရက်တိုတိုအ ချိန်တို အတွင်း တောင်းဆိုချက် ၁၁ ချက်စလုံးသဘောတူရုံမက ဥပဒေကြမ်းတွင် ထည့်သွင်း၍ လွှတ်တော် သို့ပါတင်ပြရန် သဘောတူလိုက်၏။
အစဉ်အလာကြီးသော ကျောင်းသားသပိတ်ကား ဤမျှလိုက်လျော သဘောတူပါလျက် ရောက်သည့်နေရာ၌ မရပ်နားသေးဘဲ ဆက်လက် ချီတက်လာသည်။ ရန်ကုန်တိုင်းဒေသကြီးအဝင် တွင် နည်းအမျိုးမျိုးနှင့် တားဆီးရန် အစိုးရဘက် က စီစဉ်ထားသည်။ပြည်သူကြီးတစ်ရပ်လုံးက ၁၁ ချက်ရရှိရေးကို အားပေးထောက်ခံခြင်းလား သပိတ် ချီတက်ပွဲကို ရန်ကုန်ရောက်အောင်လာရေး ထောက်ခံ သည်လား အစဉ်အလာကြီးသောကျောင်းသားများ သဲကွဲစွာသိသည်နှင့်အမျှ အကောင်းဆုံးဆက်လုပ်ကြပေမည်။

ယနေ့မြန်မာပြည်ကိုကြည့်လျှင် နိုင်ငံရေးတွင်လည်း အဓိကကျ သည့်ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများမအောင် မြင်သေးကြောင်း တွေ့ရသည်ကိုက ထိပ်ဆုံးက အားမရဖွယ်ဖြစ်စရာဟု ဆိုနိုင် သည်။ ဒုတိယအရေးပါသည့် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲများ လည်း အငြင်းပွားဆဲဖြစ်ပြီး ၁၂ပွင့်ဆိုင် ဘယ်ရောက်သွားမှန်း မသိရဘဲ ၁၄ပွင့် ၄၈ပွင့်ဆိုင်များက လူများ၍ ပွဲမစည်ရုံသာမက သဲထဲရေသွန်သကဲ့သို့ အဖြေမပေါ် ရလဒ်မရှိဖြစ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာလည်း သောင် မတင်ရေမကျဖြစ်နေသည်။ ဤကြားထဲ ဥပဒေပြုရေးလွှတ်တော်နှင့် အုပ်ချုပ် ရေးအစိုးရအဖွဲ့တို့သည်လည်း အဆီအငေါ်မတည့်ဖြစ်နေသည်။
ဥပဒေပြုရေးတွင် ပြုသမျှဥပဒေသည် ဥပဒေကြမ်းကတည်းက အကျေ အလည်မရှိခဲ့၍ ပြုပြီးပြဋ္ဌာန်းပြီးမှ ပျော့ကွက်ဟာကွက် အားနည်းချက်များ ကြောင့် ဝေဖန်ခံရသည်များရှိနေသည်။
တရားဥပဒေစိုးမိုးရေးတွင်လည်း ယနေ့အထိ ဥပဒေအထက်တွင် ဘယ်သူ မှမရှိဟူသော အာမခံချက်ကို ပြည်သူများယုံကြည်အောင်မပြနိုင်ဘဲ တရားရေး မဏ္ဍိုင်က လှုပ်လီလှုပ်လဲ့ဖြစ်နေသည်။ ကိုပါကြီးအမှုက ဟိုလိုလိုဒီလိုလို၊ မင်း အုပ်စိုးအမှုက ဟိုယောင်ယောင်ဒီယောင်ယောင်၊ ကချင်ဆရာမလေးနှစ်ဦး၏ အမှုက ဟိုမရောက်ဒီမရောက်၊ ဘယ်ဟာမျှ ရေရေရာရာ ထိထိရောက်ရောက် မရှိမှတော့ ဘယ်တရားဥပဒေကို ယုံကြည်ကိုးစားရမည်ဟူ၍ ဘယ်သူကသိပါ တော့မည်နည်း။

အုပ်ချုပ်ရေးကိုရှုသော် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးသည် အဓိကဟုဆိုသည်။ အခြေခံလည်းဖြစ်သည်။ ရပ်ထဲရွာထဲတွင် မုဒိမ်း မှုများ အလွန်ထူးဆန်းစွာဖြစ်ပေါ်နေသည်။ ကျော်မကောင်း ကြားမကောင်း လောက်အောင် သုံးနှစ်အရွယ်လူမမည်ပိစိကွေးကိုပင် မုဒိမ်းကျင့်သည့်အမှုမျိုး ဤခေတ်မှ စံချိန်တင်လေတော့၏။ နိုင်ငံခြားသူကို လူအများသွားလာစည်ကား ရာကျိုက်ထီးရိုးကဲ့သို့ အထင်ကရနေ ရာမှာပင် မုဒိမ်းမှုကျူးလွန်မှတော့ ကမ္ဘာတွင် မြန်မာမျက်နှာမည်သို့ပြရမည်နည်း။ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်တားဆီး ရေးများမရှိတော့သောအုပ်ချုပ်ရေး၏ အနိမ့်ဆုံးအခြေအနေတွင် ကျရောက် နေပြီလော။
လူသတ်မှု၊ ဓားပြမှုဟူသည် မုဒိမ်းမှုကဲ့သို့ ရာဇဝတ်မှုကြီးများအဖြစ် သတ် မှတ်သည်ဖြစ်ရာ နည်းပါးအောင် မပြုလုပ်နိုင်လျှင်ရှိစေ မများလွန်းအောင် တော့ တားဆီးရန်လိုအပ်ပေပြီ။ ကားတိုက်မှု၊ ကားမှောက်မှု၊ ကားစည်းကမ်း ဖောက်မှုများ ကြောက်စရာကောင်းလောက်အောင် အရေအတွက်တိုးပွားများ ပြားလာခြင်း သည် အုပ်ချုပ်ရေး၏ အားနည်းချက်ပင်ဖြစ်သည်။ အရေးယူမှု၊ အပြစ်ပေးမှုများ အဘယ်ကြောင့် မလုပ်နိုင်ပါ သနည်း။
မူးယစ်ဆေးဝါးဖမ်းမိလိုက်ပုံမှာ များမှများ၊ မူးယစ်ဆေးဝါးတွေ ဒီလောက် များအောင်ဖမ်းမိနေမှတော့ ထုတ် လုပ်ရောင်းဝယ်သုံးစွဲသူ မည်မျှများနေသည် က တွေးမရအောင်ရှိရော့မည်။ အစားအသောက် လုံခြုံရေးလျော့နည်းမှုကြောင့် ကျန်းမာရေးချို့တဲ့မှု ပေါများသလို ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကလည်း အားနည်းသေးသည်။
ပညာရေးနှင့် ဘာသာရေးအကြောင်းပြောရလျှင်ကား တစ်ထောင့်တစ်ည ကြာသွားပေမည်။ ထို့ကြောင့် ၂ဝ၁၅ခုနှစ်မြန်မာပြည်ကို ပိတ်ကားပေါ်တင် ကြည့်မည်ဆိုပါက ဘာမှန်းမသိအောင် ရှုပ်ထွေးသော ဇာတ်လမ်းတစ်ခုကို ရှုကြည့်ရသကဲ့သို့ ဖြစ်ခြိမ့်မည်တည်း။ ။
အောင်ချိန်ဘွား | TheYangonTimes
Sign up here with your email
ConversionConversion EmoticonEmoticon