ပင်လယ်နီထဲ ပျက်ကျခဲ့သည့် ဆော်ဒီတိုက်လေယာဉ်မှ လေယာဉ်မှူးများကို အမေရိကန်ရေတပ် ကယ်ဆယ်


ပင်လယ်နီအတွင်း ပျက်ကျခဲ့သည့် ဆော်ဒီအာရေဗျ လေတပ် တိုက်လေယာဉ် တစ်စီးမှ လေယာဉ်မှူးများကို အမေရိကန် ရေတပ်က ကူညီ ကယ်တင်ခဲ့ရကြောင်း သိရှိရသည်။

မတ်(၂၇)ရက်က F-15S အမျိုးအစား တိုက်လေယာဉ် တစ်စီးသည် နည်းပညာပိုင်း ချွတ်ယွင်းချက်ကြောင့် ပင်လယ်နီတွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဆော်ဒီ အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။

“ပင်လယ်နီထဲကို လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူးတွေ အနေနဲ့ အရေးပေါ် လေထီးနဲ့ ခုန်ထွက် လွတ်မြောက်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အမေရိကန် စစ်ဘက်က သူတို့ကို ကယ် တင်နိုင်ခဲ့တယ်။ နှစ်ယောက်စလုံး ကျန်းမာရေး ကောင်းမွန်နေပြီး စိတ်ပိုင်းဆိုင်ရာ အရလည်း ကြံ့ကြံ့ ခိုင်ခိုင် ရှိနေပါတယ်”ဟု ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေး အရာရှိ တစ်ဦးကလည်း ဆော်ဒီစစ်ဘက်၏ အကူအညီ တောင်းခံမှုကြောင့် ရေတပ် ရဟတ်ယာဉ် တစ်စီးသည် နိုင်ငံတကာ ရေပိုင်နက် ပင်လယ်ထဲတွင် ရှိနေသည့် ဆော်ဒီ တိုက်လေယာဉ်မှူးများအား သွားရောက် ကယ်တင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဆော်ဒီသည် ယီမင်နိုင်ငံတွင် သမ္မတ အက်ဘ်ရာဘူ မန်ဆာဟေဒီကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဟိုသီသူပုန် တပ်ဖွဲ့များကို ပူးပေါင်းတိုက်ခိုက်နေသည့် အာရပ်နှင့် ပင်လယ်ကွေ့ နိုင်ငံများကို အဓိက ဦးဆောင်လျက် ရှိသည်။ ဟိုသီ သူပုန်များသည် အီရန်၏ အဓိက မဟာမိတ်အဖြစ် ရပ်တည်နေရာ လက်ရှိ အခြေအနေအရ ဆော်ဒီနှင့် အီရန်တို့ကြား တင်းမာမှုများ မြင့်တက်လာမည်ကို အရှေ့အလယ်ပိုင်း အသိုက်အဝန်းက စိုးရိမ်လျက်ရှိသည်။

7Day
Previous
Next Post »
Powered by Blogger.