ရိုးလမ်းတွင်ကားမှောက်၍ ဆရာတော် တစ်ပါး ပျံလွန်၊ ဒရိုင်ဘာနှင့် ယာဉ်နောက်လိုက် သေဆုံး

မင်းဘူး- အမ်း လမ်းပိုင်းတစ်နေရာ
ရခိုင်မှ မန္တလေးသို့ သွားသည့် ဘတ်စ်ကား တစ်စီး ရိုးလမ်းပေါ်တွင် ချောက်ထဲထိုးကျရာမှ ဆရာတော် တစ်ပါး ပျံလွန်တော်မှုပြီး ကားဒရိုင်ဘာနှင့် ယာဉ်နောက်လိုက် (ကားစပယ်ယာ) တို့လည်း သေဆုံး သွားကြောင်း သတင်း ရရှိသည်။

ယင်းပြင် ခရီးသည် အများအပြားလည်း ဒဏ်ရာ ရရှိသွားခဲ့သည်ဟု မင်းပြားမြို့ ရိုးမ မန္တလာကားဂိတ်တွင် တာဝန် ထမ်းဆောင်နေသူ ၀န်ထမ်း တစ်ဦးက အတည်ပြု ပြောကြားသည်။

ချောက်ထဲသို့ ထိုးကျသွားသော ကားမှာ ရိုးမ မန္တလာ လူတင်ဘတ်စ်ကား ဖြစ်ပြီး ရိုးတောင်မှ အဆင်းတွင် နောက်မှ လိုက်ပါလာသော ကား ၅ စီးနှင့် အတူ အတက် ကားတစ်စီးကိုရှောင်ကွင်းရာမှ ချောက်ထဲသို့ထိုး ကျသွားခြင်းဖြစ်ကြောင်း ယင်းဝန်ထမ်းက ပြောသည်။

ပျံလွန်တော် မူသွားသော ဆရာတော်မှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ၀က်မင်းကျား ကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဦးစန္ဒောဘာသဖြစ်ကြောင်း၊ ဆရာတော်၏ ဆွေးမျိုးတစ်ဦး မန္တလေးတွင် နာမ ကျန်းဖြစ်နေ၍ ပြုစုစောင့်ရှောက်ရန် အသွားတွင် ယခုလို ကားတိမ်းမှောက်ရာ၌ ပါဝင်ပြီး ပျံလွန်တော်မူ သွားခြင်း ဖြစ်ကြောင်း၊ ဆရာတော်၏ ရုပ်အလောင်းကို မတ်လ ၁၁ ရက်နေ့တွင် မင်းပြားမြို့သို့ ယူဆောင် လာမည် ဖြစ်ကြောင်း ပျံလွန်တော်မှုသွားသည့် ဆရာတော်၏ မိတ်ဆွေ ဆရာတော် ဦးဗုဒ္ဓပီယပြောသည်။

ဆရာတော်ရုပ်ကလပ်အား မင်းဘူးတွင် ထားရှိရာမှ ယခုအခါ ရိုးမမန္တလာက ကားတစ်စီးဖြင့် သယ်ယူ လာပြီး မတ်လ ၁၁ ရက်နေ့ နံနက်တွင် မင်းပြားမြို့သို့ ရောက်ရှိလာမည်ဟု ၀က်မင်းကျကျေးရွာသားတစ်ဦး က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းကားမတော်တဆမှုသည် မတ်လ ၉ ရက်တွင် ရိုးမတောင်ပေါ် ပဒန်းမြို့အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆရာတော် စန္ဒောဘာသသည် သက်တော် ၅၁ နှစ်၊ ၀ါတော် ၃၁ ၀ါရှိပြီဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ဦးမြို့ နယ် မီးလောင်ရွာ ဇာတိဖြစ်ကာ ၀က်မင်းကျားကျေးရွာတွင် ကျောင်းထိုင်နေသည်မှာ ၂၂ နှစ်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် မန္တလေး၊ ရန်ကုန်တို့ကို ဆက်သွယ်ထားသော အမ်း-မင်းဘူးလမ်း၊ တောင်ကုတ်-ပဒေါင်းလမ်းများ အထူးကျဉ်းပြီး လမ်းများမှာလည်း အထူးကြမ်းသဖြင့် မကြာခဏ ကားတိမ်းမှောက်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

စံမောင်သန်း / နိရဉ္စရာ
Previous
Next Post »
Powered by Blogger.