ပိစိကွေး အိမ်ကလေးနဲ့ ဧရာမ ခရီးစဉ်




အမေရိကန် နိုင်ငံသား အများအပြားသည် အလုပ်မှ အငြိမ်းစားယူပြီးသည့်အခါ ခရီးရှည်များ အလည်အ ပတ် သွားရောက်ရန် ရည်မှန်းထားလေ့ရှိကြသည်။ ဂျန်နာ စပီဆာ့ဒ်နှင့် ဂွီလမ်မီ ဒူတီလ်တို့ကမူ ၎င်းတို့၏ အကောင်းဆုံး၊ အတက်ကြွဆုံး အရွယ်တွင် အဆိုပါ စိတ်ကူးကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက် ကြသည်။ ထိုသို့ဖြင့် မြောက်အမေရိက တလွှားကို ဘီးတပ် သစ်သားအိမ်ငယ်ဖြင့် လှည့်ပတ်သွားလာသည့် အံ့ဩဖွယ် ခရီးစဉ်ကို အစပြုဖြစ်ခဲ့ကြသည်။

အသက်(၂၈)နှစ်ရှိ ဂျန်နာနှင့် အသက်(၃၀)အရွယ် ဂွီလမ်မီတို့သည် မော်တော်ကားနောက်တွင် ချိတ်ဆွဲ သယ်ယူနိုင်သည့် အပေါ့စား သစ်သားအိမ်ငယ်လေးဖြင့် အမေရိကန်နှင့် ကနေဒါ တနံတလျားသို့ လှည့်ပတ် သွားလာနေကြသည်။ ယင်းတို့စုံတွဲသည် အဆိုပါခရီးစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အလုပ် ထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လော့စ်အန်ဂျလိစ်တွင် နေထိုင်သည့် စုံတွဲအနက် ဂျန်နာသည် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဂွီလမ်မီက စက်မှု အင်ဂျင်နီယာ တစ်ဦးအဖြစ် အသက်မွေးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် တူညီသော စိတ်ကူးကို အကောင်အထည် ဖော်ရန်အတွက် အရှည်ပေ(၂၀)မျှရှိသည့် သစ်သားအိမ်ငယ် တစ်လုံးကို ဒေါ်လာ သုံးသောင်းနီးပါး အကုန်ခံပြီး တစ်နှစ်မျှ အချိန်ယူ တည်ဆောက်ခဲ့ကြသည်။

နှစ်ယောက်အိပ် အခန်းတစ်ခန်း၊ ဧည့်ခန်းနှင့် ရေချိုးခန်းငယ်တစ်ခု ပါရှိသည့် သစ်သားအိမ်ငယ်လေးသည် မော်တော်ကားနောက်တွင် ချိတ်ဆွဲလိုက်ပါရင်း မိုင်ပေါင်း (၁၂၀၀၀)ကျော် ခရီးဆန့်ခဲ့ပြီး ဖြစ်သည်။အစောပိုင်းက ဘီးတပ်သစ်သားအိမ်လေးကို သုံးလမျှဖြင့် အပြီးတည်ဆောက်နိုင်ရန် မျှော်လင့်ခဲ့သော်လည်း ခန့်မှန်းချိန်ထက် များစွာ ပိုကြာသွားခြင်း ဖြစ်သည်။

“ဒီပရောဂျက်ကို စအကောင်အထည်ဖော်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံး အရမ်း စိတ်လှုပ်ရှားခဲ့ကြ တယ်။ အကျိုးဆက်တွေကို သိပ်မစဉ်းစားဘဲ ဒီကိစ္စကို ဆုံးဖြတ်လိုက်တာပါ။ အဲဒီအတွက် ဘယ်တုန်းကမှ စိတ်ဖိစီးမှု မရှိခဲ့ဘူး။ အကောင်းတွေဖြစ်ဖြစ်၊ အဆိုးတွေပဲ ကြုံကြုံပေါ့လေ။ အိမ်လေးကို စဆောက်တော့ သုံးလ၊ ဒါမှမဟုတ် လေးလလောက်ပဲ ကြာမယ်လို့ မှန်းခဲ့တယ်။ ဒါပေမဲ့ လုံးဝ အပြီးသတ်တဲ့ထိ တစ်နှစ်
လောက် အချိန်ယူလိုက်ရပါတယ်။ အဆောက်အအုံ တည်ဆောက်မှုနဲ့ ပတ်သက်လို့ ဘာအတွေ့အကြုံမှ မရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်အတွက်တော့ ဒါဟာ အမှတ်ရစရာ အောင်မြင်မှု တစ်ခုပါပဲ”ဟု ဂွီလမ်မီက ပြောကြားခဲ့သည်။

၎င်းက “အိမ်သေးသေးလေးထဲမှာ နေရင်း အခုလို ခရီးသွားနေရတာက တကယ့် လွတ်လပ်မှု အရသာပဲ။ အတွေ့အကြုံ အားလုံးက ထူးဆန်းနေတယ်။ ကျွန်တော်တို့ ဘဝအတွက် တကယ့် အပြောင်းအလဲပဲ။ အလုပ်ထွက်ပြီး ခရီးသွားနေတာမျိုး အရင်က မတွေးဖူးဘူး။ ဒါပေမဲ့ အခုလက်တွေ့ ဖြစ်လာတယ်။ သစ်သားအိမ်ကလေးကို ကျေးဇူးတင်ရပါမယ်။ ပြီးတော့ ဒီအခြေအနေက ကျွန်တော်တို့ ဘဝကို လုံးဝဥဿုံ ပြောင်းလဲသွားစေတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဂွီလမ်မီက “ကျွန်တော်တို့ ရေကို ချွေတာသုံးတယ်၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးတယ်။ ဓာတ်ငွေ့လည်း ချွေတာလိုက်တာပဲ။ အဝတ်အစားလည်း နည်းနည်းပဲ ယူလာတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ပိုပြီး စားဖြစ်လာတယ်။ အပြင်ဘက်ကို မကြာခဏ ထွက်ဖြစ်တယ်။ အခုဆို ကျွန်တော်တို့ရဲ့ ခရီးစဉ်က (၆) လလောက် ကြာခဲ့ပြီ။ ခရီးမိုင် (၁၂၀၀၀)ကျော် ဖြတ်သန်းခဲ့ပြီးပြီ”ဟု ဆိုသည်။

၎င်းက ခရီးစဉ် ပထမဆုံး နေ့ရက်များတွင် သစ်သားအိမ်ငယ်၏ ကြံ့ခိုင်မှုအတွက် အတန်ငယ် စိုးရိမ်မိ ခဲ့ကြောင်းမူ ဝန်ခံခဲ့သည်။ “အသေအချာ၊ အခိုင်အမာ ဆောက်ထားတယ်ဆိုတာ သေချာပေါက် သိနေပေ မယ့် လက်တွေ့ ခရီးစဉ်စတော့ ဒီအိမ်လေးနဲ့ ပတ်သက်ပြီး ဘာမှ မသိသေးဘူးလေ။ နောက်တော့လည်း သံသယတွေက မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားပါတယ်”ဟု ဂွီလမ်မီက ပြောကြားခဲ့သည်။

၎င်းတို့စုံတွဲသည် ခရီးစဉ်ဆိုင်ရာ မှတ်တမ်းများ ရေးသားဖြန့်ဝေခြင်းနှင့် ဓာတ်ပုံမှတ်တမ်းများ စုဆောင်းခြင်း တို့ဖြင့် အထောက်အပံ့ ရန်ပုံငွေများ စုဆောင်းနိုင်ရန် မျှော်လင့်ထားသည်။ ဂွီလမ်မီနှင့် ဂျန်နာတို့ စုံတွဲသည် ၎င်းတို့၏ ခရီးစဉ်ကို Tiny House Giant Journey (ပိစိကွေး အိမ်ကလေးနဲ့ ဧရာမ ခရီးစဉ်)ဟု အမည်ပေး ထားပြီး www.tinyhousegiantjourney.com ဝက်ဘ်ဆိုက်တွင် ခရီးသွား အတွေ့အကြုံများ မျှဝေထား
ကြောင်း သိရှိရသည်။

7day
Previous
Next Post »
Powered by Blogger.