နော်ဝေနိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆုပေးပွဲအခမ်းအနားမှာ မက္ကဆီကို အလံကို ဝှေ့ပြီး နိုဗဲလ်ဆုရှင် မာလာလာအား မက္ကဆီကို အကြောင်းပြောပေးဖို့ တောင်းဆို ဆန္ဒ ဖော်ထုတ်ခဲ့သူ မက္ကဆီကန်ကျောင်းသားလေးကို နော်ဝေနိုင်ငံက နေရပ်ရင်း မက္ကဆီကို နိုင်ငံကို
ပြန်ပို့လိုက်ပါပြီ။
နော်ဝေနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံထားသူ မက္ကဆီကန် လူငယ်လေး အဒမ်ကို့တ်စ်အား ခိုလှုံခွင့်ကို ပယ်ချပြီး တနင်္လာနေ့က နေရပ်ရင်း မက္ကဆီကိုနိုင်ငံကို ပြန်ပို့ပေးလိုက်တာဖြစ်တယ်လို့ နော်ဝေအရာရှိတဦးကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။
သူ့ကို ငြိမ်းချမ်းရေးကို အနှောက်အယှက်ပေးမှုနဲ့လည်း ဒေါ်လာ ၂၁၀၀ နဲ့ညီမျှတဲ့ နော်ဝေ ခရိုနာကို ဒဏ်ငွေအဖြစ် ချမှတ်ခဲ့တယ်လို့လည်း အေပီသတင်းမှာဆိုပါတယ်။
အခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်ကြတဲ့ အမျိုးသမီးများ ပညာသင်ကြားရေး လူ့အခွင့် အရေး လှုပ်ရှားသူ ပါကစ္စတန်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေး မာလာလာနဲ့ ကလေး အခွင့်အရေး လှုပ်ရှားသူ ကိုင်လပ်ခ်ျ ဆတ်ရာသိတို့က ပူးတွဲဆုတွေကို လက်ခံခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ မက္ကဆီကို လူငယ် Adan Cortes Salas က စင်ပေါ်ကို ခုန်တက်ပြီး မက္ကဆီကို အလံဝှေ့ကာ ဆန္ဒဖော်ထုတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလက မက္ကဆီကိုနိုင်ငံဆန္ဒပြမှုတခုမှာ ကျောင်းသား ၄၃ ဦးပျောက်ဆုံးနေမှုအပါ အ၀င် နိုင်ငံတွင်းမှာ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုတွေအကြောင်း အဒမ်က ရည်ရွယ်ဆန္ဒဖော်ထုတ်ခဲ့တာပါ။
ဒိန်းမတ်နိုင်ငံက တဆင့် နော်ဝေနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားသူ အဒမ်ရဲ့ ဆန္ဒဖော်ထုတ်စဉ်မှာ နော်ဝေ လုံခြုံရေးတွေက သူ့ကို ထိန်းသိမ်းထားခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် အဒမ်ကို့တ်စ်ဟာ နေရပ်ရင်း မက္ကဆီကိုနိုင်ငံကို ပြန်ပို့ရင် သူ့ရဲ့ လုံခြုံရေး စိုးရိမ်ရ တယ်ဆိုပြီး နော်ဝေအာဏာပိုင်တွေကို ပြောဆိုခဲ့ကာ နော်ဝေနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံထားခဲ့တာပါ။
အဒမ်ရဲ့ လုံခြုံရေးအခြေအနေအရ နော်ဝေ အာဏာပိုင်တွေအနေနဲ့ သူ့ကို မက္ကဆီကိုနိုင်ငံကို ပြန်မပို့ရန် လူပေါင်း ၁၂၀၀ ကျော်က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပေမယ့် နော်ဝေနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အခုလို နေရပ်ရင်းကို လေယာဉ်နဲ့ တိုက်ရိုက်ပြန်ပို့လိုက်တာလို့ နော်ဝေ NRK သတင်းမှာ
ဖော်ပြပါတယ်။
အဒမ်ကို့တ်စ်အနေနဲ့ နေရပ်ရင်း မက္ကဆီကိုနိုင်ငံကို ပြန်ရောက်သွားတဲ့အခါ သူ့ရဲ့ ကံကြမ္မာ ဘယ်လို ဆက်ရှိမယ်ဆိုတာတော့ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။
နိုဗဲလ်ဆုပေးတဲ့အခမ်းအနားမှာ ဆန္ဒဖော်ထုတ်မှုကြောင့် မီဒီယာတော်တော်များများက သိသွား ခဲ့ကြပြီး သူ့အကြောင်းကို သတင်းမီဒီယာတွေမှာ ဝေေ၀ဆာဆာဖော်ပြခဲ့ကြတာပါ။
အိမ့်သံစဉ် | ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon