အရှုံးအတွက် ပြင်ဆင်ထားပါ

ဦးသိန်းစိန်အစိုးရ တက်လာပြီး အများဆုံးတွေ့ရသည့် အပြောင်းအလဲမှာ ဆိုင်ခန်း၊ ရုံးခန်းဆိုင်းဘုတ်များ
ဖြစ်သည်။ နေရာမပြောင်းဘဲ ဆိုင်နာမည်နှင့် ရောင်းချသည့် ပစ္စည်းများမှာ အမြဲပြောင်းနေသည်။ အထူးသ
ဖြင့် ရန်ကုန်မြို့လူစည်ကားရာများ၌ဖြစ်သည်။

‘‘အကြီးမားဆုံးရင်ဆိုင်နေရတာက အခန်းငှားခပဲ။ တစ်နှစ်ကို နှစ်ဆတက်နေတယ်’’ဟု ကြော်ငြာရိုက် ကူးခြင်းနှင့် မှတ်တမ်းရိုက်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်နေသော MIRACLE POST ၀န်ဆောင်မှုလုပ်ငန်း ထူထောင်သူ ကိုဝဏ္ဏက ပြောသည်။

ထို့ကြောင့် လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရေးအတွက် မြေညီထပ်တွင် ငှားရမ်းပြီး လုပ်ငန်းစတင်ခဲ့ရာမှ ဒုတိယနှစ်တွင်မူ အထပ်မြင့်တိုက်ခန်းကျယ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့ရသည်။

ကိုဝဏ္ဏနည်းတူ ရန်ကုန်မြို့တွင်းနှင့် အခြားသော လူနေထူထပ်သည့် မြို့နယ်များတွင် တစ်နိုင်တစ်ပိုင်လုပ် ငန်း လုပ်ကိုင်သူများမှာ ဆိုင်ခန်းခဈေးနှုန်းများ ခုန်တက်နေခြင်း၊ လုပ်ငန်းရှင်ကြီးများနှင့် ရင်ဆိုင်ရခြင်းတို့
ကြောင့် ဆိုင်ခန်းပြောင်းရွှေ့ခြင်း (သို့မဟုတ်) လုပ်ငန်းရပ်ဆိုင်းခြင်းတို့အထိ ဖြစ်လာသည်။

ထို့ကြောင့်လည်း ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများနှင့် ပြည်တွင်းတွင် ငွေကြေး အရင်းအနှီး အထိုက်အသင့်ရှိသူများမှာ တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ အချို့ မှာလည်း မိတ်ဆွေအပေါင်းအသင်းများနှင့် စပ်တူလုပ်ငန်းအဖြစ် စတင်လာခြင်းဖြစ်သည်။

အထူးသဖြင့် စားသောက်ဆိုင်လုပ်ငန်း၊ တယ်လီဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်း၊ ကားအရောင်းအ၀ယ်လုပ်ငန်း၊ လူသုံးကုန်ပစ္စည်း ရောင်းဝယ်သည့်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ၀န်
ဆောင်မှုလုပ်ငန်းတို့က အများစုဖြစ်သည်။

သို့သော် လုပ်ငန်းစတင်လုပ်ဆောင်ချိန်တွင်မူ သူတို့မျှော်လင့်မထားသည်များနှင့် ကြုံတွေ့လာရသည်။

ဆိုင်ခန်းခများ မြင့်တက်လာခြင်း၊ ပြိုင်ဆိုင်မှုပြင်းထန်လာခြင်း၊ အစိုးရပေါ်လစီပြောင်းလဲခြင်းနှင့် ၀ယ်လိုအား မရှိခြင်းတို့ဖြစ်သည်။

လွန်ခဲ့သောသုံးနှစ်ခန့်က ဆိုင်ခန်းခဈေးနှုန်းနှင့် ယခုလက်ရှိ ဆိုင်ခန်းခဈေး၊ နှိုင်းယှဉ်ပါက အနည်းဆုံးနှစ်ဆ တက်ခဲ့သည်။

ဆိုင်ခန်းခနည်းတူ လုပ်အားခ အခွန်အခနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ တက်လာခဲ့သည်။ ထိုအခါ ဆိုင်ငှားခမတတ်နိုင်၍ နေရာပြောင်းရွှေ့ဖွင့်လှစ်ရာမှ ဖောက်သည်များနှင့် ဝေးရပြန်သည်။

‘‘သူတို့က လစာတိုးတောင်းတော့ ကိုယ့်ဘက်ကလည်း ပြန်စဉ်းစားရတယ်လေ။ ကိုယ့်မှာက ဒီနေရာမှာ အသိတွေ၊ မိတ်ဆွေ တွေရနေပြီလေ။ ဒါပေမဲ့ မတတ်နိုင်တော့လည်း နောက်ဆုံး ဒီနေရာလေးကနေ စွန့် ခွာခဲ့ရတာပေါ့’’ဟု လှည်းတန်းဈေးအနီးတွင် ဖုန်းဆိုင်ဖွင့်လှစ်ရောင်းချသူ လူငယ်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ယခုနှစ် နှစ်လယ်ပိုင်းက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက အလုပ်မဖြစ်သည့် ခရီးသွား လုပ်ငန်းကုမ္ပဏီ ၅၀ ခန့်ကို လိုင်စင်ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုအခါ ရုံးနေရာငှားရမ်းခ၊ ပွဲစားခနှင့် အခန်းပြင်ဆင်စရိတ်များနှင့်သာ ရင်းနှီးမတည်ငွေများ ကုန်သွားခဲ့ကြ သည်။

အရပ်သားအစိုးရလက်ထက် ကုန်သွယ်ရေးလုပ်ငန်းအပါအ၀င် ကုမ္ပဏီလိုင်စင်လျှောက်ထားရာ၌ ဖြေလျှော့ မှုများလုပ်ပေးခဲ့သဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများလာခဲ့သည်။

အစိုးရအနေဖြင့် ဆိုင်ခန်းငှားရမ်းသူများထံမှ ၅ ရာခိုင်နှုန်း အခွန်တိုးကောက်ခြင်း အပါအ၀င် အခြားသော ၀င်ငွေခွန်များကိုလည်း ကောက်ခံလာသည်။

ထို့အပြင် မူဝါဒအပြောင်းအလဲများကြောင့် ကားအရောင်းပြခန်းအကြီး၊ အသေးအားလုံးတို့အတွက် ခေါင်း ကိုက်စရာဖြစ်နေသည်။

‘‘ကားဆိုရင်လည်း ပေါ်လစီက မတည်ငြိမ်ဘူး။ မူဝါဒက ခဏခဏပြောင်းတယ်။ ငှားရမ်းခတွေ မြင့်လာ
တော့ တော်တော်များများ ပြုတ်ကုန်ကြတယ်’’ဟု Farmer Auto အကြီးအကဲ ဒေါက်တာစိုးထွန်းကဆိုသည်။

ထို့အပြင် စားသောက်ဆိုင်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်လုပ်ကိုင် လာခြင်းတို့ကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ မြန်မာနိုင်ငံသားအချို့ လုပ်ငန်းရပ်စဲဖို့ ဖြစ်လာခဲ့ ကြသည်။

မြန်မာနိုင်ငံအတွင်း ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသော တရုတ်နှင့် ထိုင်းလူမျိုးများသည် ငွေ
ကြေးနှင့် အဆက်အသွယ်မှာ မြန်မာနိုင်ငံမှ တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများထက် သာလွန်ကြ သည်။

‘‘ယိုးဒယားအဖွဲ့တွေ အများကြီးဝင်လာတယ်။ နိုင်ငံခြားကုမ္ပဏီအနေနဲ့ ပြည်တွင်းကို လုပ်ငန်းမငှားကြဘူး။ သူတို့ဆီပဲသွားတယ်’’ဟု ကြော်ငြာရိုက်ကူးခြင်းနှင့် မှတ်တမ်းရိုက်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်နေသော MIRACLE POST ၀န်ဆောင်မှုလုပ်ငန်း ထူထောင်သူ ကိုဝဏ္ဏကဆိုသည်။

မြန်မာအစိုးရ၏ ထုတ်ပြန်သော စာရင်းဇယားများအရ တိုင်းပြည်၏ အသားတင်ထုတ်ကုန်တန်ဖိုး(GDP) တက်လာသော်လည်း လူတစ်ဦးချင်းဝင်ငွေ တက်မလာခြင်းကြောင့် ပြည်တွင်းဝယ်လိုအားမှာလည်း သိသိသာသာ တက်မလာခဲ့ပေ။

ဝင်ငွေအနည်းငယ် တိုးလာသည့် အိမ်ထောင်စုများမှာလည်း အိမ်ခန်းခဈေးနှုန်းတက်လာခြင်း၊ သယ်ယူပို
ဆောင်ရေးစရိတ် တက်လာခြင်းတို့ကြောင့် ၀ယ်လိုအားအပေါ် ထိရောက်မှုမရှိပေ။

ထို့အပြင် လက်ရှိစီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် ပုံစံမှာလည်း ပြောင်းလဲသွားသည်ကို သတိရှိရန် လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက အကြံပြုပြောသည်။

‘‘အရင်တုန်းကလို မှေးပြီးလုပ်မယ်ဆိုတဲ့ ခေတ်မရှိတော့ဘူး။ အောင်မြင်အောင် လုပ်ချင်လုပ်၊ မအောင်မြင်
ရင်တော့ ပြုတ်မှာပဲ’’ဟု ဒေါက်တာစိုးထွန်းကပြောသည်။

ယခင်က လုပ်အားခသက်သာခြင်း၊ အခန်းငှားရမ်းခသက်သာခြင်း၊ ပြိုင်ဆိုင်မှုမပြင်းထန်ခြင်းတို့ကြောင့် အ ချိန်ဆွဲပြီး လုပ်ဆောင်နိုင်သော်လည်း ယခုအခြေအနေမှာ မတူတော့ပေ။

ထို့ကြောင့်လည်း တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများမှာ ငွေဆက်လက်မရင်းနိုင်၊ ဆက်မရပ်တည်
နိုင်တော့ဘဲ လုပ်ငန်းပိတ်သိမ်းရမှု များလာခြင်းဖြစ်သည်။

လုပ်ငန်းလုပ်ဆောင်ရာတွင် တစ်ကြိမ်တည်းဖြင့် အောင်မြင်သူနည်းပါး၍ အကြိမ်ကြိမ်ကြိုးစားရန်လိုသည်ဟု အမေရိကန်နိုင်ငံတွင် အောင်မြင်သော လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးဖိလစ်မောင်ကဆိုသည်။

ထို့ကြောင့် လုပ်ငန်းစတင်လုပ်ဆောင်မည့်သူများအနေဖြင့် P သုံးလုံးကို မေ့မထားဖို့လိုကြောင်းလည်း ထပ်လောင်းအကြံပြုသည်။ သူပြောသည့် P သုံးလုံး 3P မှာ Passion- စွဲလမ်းပြင်းပြမှု၊ Purpose- ရည်ရွယ် ချက်နှင့် Profit-အမြတ်တို့ ဖြစ်သည်။

‘‘ဆိုလိုတာက မိမိအလုပ်ကို Passion ရမယ်။ စိတ်မ၀င်စားဘဲ လုပ်နေရင်တော့ ဘာမှထူးလာမှာ မဟုတ် ဘူးလေ။ Purpose အနေနဲ့ကတော့ တိကျတဲ့ရည်ရွယ်ချက်ရှိရမယ်။ ငွေကြေးတစ်ခုတည်းမကတဲ့ ရည် ရွယ်ချက်ပေါ့။ ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲ ဆိုတာမျိုး၊ ဒါကို အခြေခံပြီး ကြိုးစားမယ်ဆိုရင် နောက်ဆုံး Profit က အလိုလိုရလာမှာပါ’’ဟု ၎င်းကအကြံပြုသည်။

သို့သော် မြန်မာနိုင်ငံသားများ၏ အနေအထားမှာမူ တစ်ကြိမ်မအောင်မြင်ပါက နောက်တစ်ကြိမ် ပြန်လည် လုပ်ဆောင်ရန်အတွက် ကူညီဖေးမမည့်သူမရှိပါ။

လက်ရှိမြန်မာနိုင်ငံရှိ ဘဏ်များမှ ချေးငွေအတိုးနှုန်းမှာလည်း ပြည်ပဘဏ်များနှင့် နှိုင်းယှဉ်ပါက မြင့်မားခြင်း
နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ကူညီမှုမရှိခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများမှ လာရောက်လုပ်ကိုင်သူများနှင့် ယှဉ်ပြိုင်ရန်ခက်ခဲသည့် အနေအထားတစ်ခုဖြစ်သည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ကူညီရာတွင်လည်း မီးခိုးထွက်သည့်လုပ်ငန်းများကိုသာ ကူညီကြသည်။

ထို့ကြောင့်လည်း ယခုခေတ်အခြေအနေတွင် လုပ်ငန်းစတင်လုပ်ကိုင်မည့်သူများကို Nature Dream ခရီးသွားကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စံပယ်အောင်က အခုလိုအကြံပြုသည်။

‘‘လုပ်ငန်းကျွမ်းကျင်လား၊ ငွေကြေးတောင့်တင်းလား၊ အဆက်အသွယ်ရှိလားဆိုတာ လုပ်ငန်းမလုပ်ခင် ကိုယ့်ကိုယ်ကိုယ် မေးပြီးမှလုပ်ပါ။ အဲဒီလို မဟုတ်ရင်တော့ မလွယ်တော့ဘူး’’

  အောင်သူရ | 7day
Previous
Next Post »
Powered by Blogger.