ဖရီးပါမစ်မှ ဖရီးကစ်သို့

တင်သွင်းလာသည့် မော်တော်ယာဉ်များအား သန်လျင်သီလ၀ါဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက ဆုံးပါးသွားပြီးသား အမျိုးသမီးကြီးတစ်ဦး တရားဝင်ကားသွင်းခွင့်လျှောက်တာ ရသွားတယ်၊ အစိုးရကလည်း ခွင့်ပြုပေးခဲ့တယ်ဆိုရင် မယုံမရှိပါနဲ့ တကယ့်ဖြစ်ရပ်မှန်ကြီးပါ။

ဒါဟာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဦးဝင်းမြင့်တို့ရဲ့ လူတစ်ဦးချင်း တင်သွင်းခွင့်လို့ခေါ် တဲ့ဖရီးပါမစ်ကားသွင်းခွင့် မူဝါဒကနေ ဆင်းသက်လာတဲ့ ဖြစ်စဉ်တွေပါပဲ။ တစ်နည်းအားဖြင့် ဖရီးပါမစ်မူဝါဒ တန်ခိုးလို့ ပြောရင်လည်း ရမှာပေါ့။

ဖရီးပါမစ် တန်ခိုးနဲ့ ပြန်အသက်သွင်း

လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကစီးလာတဲ့ ကားဟောင်းကိုရောင်းပြီး အသစ်သွင်းစီးချင်လို့ ရန်ကုန်ဆေးရုံကြီး က ခွဲစိတ်ပါမောက္ခ ဆရာဝန်မကြီးတစ်ယောက်ဟာ လူတစ်ဦးချင်း ကားတင်သွင်းခွင့်မူဝါဒအရ ကားသွင်း ခွင့်သွားလျှောက်တဲ့အခါ သူ့မှတ်ပုံတင်နဲ့ နံပါတ်တူတစ်ခုက ကားသွင်းခွင့်လျှောက်ထားပြီး ဖြစ်တဲ့အတွက် မရတော့ဘူးလို့ စီးပွား/ကူးသန်းက ပြောလိုက်ပါတယ်။

သူ့မှတ်ပုံတင်နံပါတ်တူနဲ့ ကားသွင်းခွင့်လျှောက်သွားသူရဲ့ မှတ်ပုံတင်နဲ့လိပ်စာယူပြီး ဆရာမကြီးလိုက်ရှာပါ တယ်။ တောင်ဥက္ကလာပမှာနေတဲ့ ဒေါ်ကြည်မြင့်အမည်ဖြစ်ပြီး လိပ်စာအတိုင်း သွားမေးတဲ့အခါမှာတော့ အဲ့ဒီကားသွင်းခွင့်လျှောက်သွားတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ရှစ်နှစ်လောက်ကတည်းက ဆုံးပါးသွားပြီးသူ
ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက ဆုံးပါးသွားပြီးသူရဲ့ မှတ်ပုံတင်နဲ့ နာမည်ကိုအသုံးပြုပြီး ကားသွင်းခွင့်ရ သွားတဲ့ သဘောပါ။ အစိုးရကလည်း ခွင့်ပြုပေးလိုက်တာ အမှန်ပါပဲ။

ဒါနဲ့ ဆရာမကြီးကလည်း စီးပွား/ကူးသန်းကို ပြန်ပြောတယ်၊ သူမလျှောက်ရသေးတဲ့အတွက် ကားသွင်းခွင့် သူ့ကိုပေးဖို့ပေါ့။ သူ့မှတ်ပုံတင်နံပါတ်တူနဲ့ လျှောက်သွားသူက ဆုံးပါးသွားပြီးသူ ဖြစ်တဲ့အကြောင်းပြောေ တာ့စီးပွား/ကူးသန်းက အဲ့လိုတော့သွင်းခွင့်မရဘူး ကားကိုပဲလိုက်ရှာသိမ်းရမှာလို့ ပြောတဲ့အတွက် ဆရာ မကြီးလည်း လက်လျှော့လိုက်တော့တယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်အနေနဲ့ စီးပွား/ကူးသန်းမှာ ဒီဖြစ်စဉ်ဖြစ်သွားတာ ရှိမရှိ မေးကြည့်နိုင်ပါ တယ်။ ဖရီးပါမစ်တန်ခိုးနဲ့ အဲ့ဒီလို ဆုံးပါးသွားပြီးသူတွေရဲ့ မှတ်ပုံတင်နဲ့နာမည်တွေ အသုံးပြုပြီး ကား ဘယ်လောက်အထိ သွင်းထားပြီးပြီလဲလို့တောင် မေးခွန်းထုတ်စရာ ကောင်းနေပါပြီ။

ဒီထက်ပိုကြောက်ဖို့ကောင်းတာက ၂ဝဝ၈ ဖွဲ့စည်းပုံ၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွေမှာ အဲ့ဒီလို မှတ်ပုံတင်တွေနဲ့ မဲတောင်ပေးခဲ့သေးလား မေးခွန်းထုတ်စရာဖြစ်သလို လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာပါ မဲပေးချင်ပေး
နေနိုင်သေးတယ်လို့ တွေးကြည့်လို့တောင် ရတယ်။

ဖရီးပါမစ်အစွမ်းသိချင်ရင် ၀န်ကြီး ရန်ကုန်ခဏလာနေကြည့်ပါ ခင်ဗျာ

ရေရှည်လမ်းမူဝါဒချပြီး တည်ဆောက်တာကို မလုပ်ပေးဘဲ အဲ့ဒီလို အကန့်အသတ်မဲ့ ဖရီးပါမစ်တွေ ခွင့်ပြု
နေတာကြောင့် ရန်ကုန်ကို ကားတွေဒလဟောဝင်လာပြီး ကားကျပ်တဲ့ဒဏ်၊ ကားပါကင်ပြဿနာ တွေကို ရန်ကုန်ကတော့ လှလှကြီး ခံစားနေရပါပြီ။

ပြည်ပမှတင်သွင်းလာသည့် ကားများအား သီလ၀ါဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်
မြန်မာတစ်နိုင်ငံလုံး ကားအစီးရေ ခြောက်သိန်းကျော်ရှိတယ်။ ရန်ကုန်မှာ မှတ်ပုံတင်တာက အစီးရေလေး သိန်းကျော် ရှိတယ်။

တွက်ကြည့်ရင် ကားဝယ်စီးနိုင်လောက်အောင် ဝင်ငွေရှိတဲ့ လူတန်းစားက ရန်ကုန်မှာဆို သိန်းဂဏန်းပဲရှိ တယ်။ အဲဒီလူဦးရေ သိန်းဂဏန်းကြောင့် လူ ၃ သန်းလောက် တစ်ရက်တစ်ရက် ဘတ်စ်ကားအစုတ်ပေါ်မှာ ဒုက္ခသုက္ခ ရောက်နေကြရတယ်။

ကားစီးနိုင်တယ်ဆိုတဲ့သူတွေလည်း ကားပါကင်ပြဿနာကြောင့် ရန်ပွဲတွေအထိ ဖြစ်လာရတယ်။

ဘတ်စ်ကားအသုံးပြုတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေလည်း တစ်ရက်ကို ၃ နာရီလောက် ကားပေါ်မှာ အချိန် ကုန်လာတာ လက်တွေ့ပါပဲ။

ဒါပေမဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကတော့ ‘ရန်ကုန်မှာ ထိုက်သင့်သလောက် ကားကျပ်’ တယ်လို့
ပြောခဲ့ပါ တယ်။ ပါကင်ပြဿနာနဲ့ ဘတ်စ်ကားစီးပြည်သူတွေ ဒုက္ခသိချင်ရင်၊ ထိုက်သင့်သလောက်ပဲ ကျပ်သလား လက်တွေ့သိရဖို့ ရန်ကုန်မှာ ခဏလာနေကြည့်ပါလို့ ဝန်ကြီးကို ဖိတ်ချင်ပါတယ်။

ဘတ်စ်ကားစီးကြည့်ပါ၊ ကိုယ်ပိုင်ကားလည်းစီးပြီး ကမာရွတ်၊ စမ်းချောင်း၊ တာမွေ၊ ရန်ကုန်မြို့လယ်
ကောင်တွေ၊ စည်ကားတဲ့ မြို့နယ်တွေရောက်ရင် ပါကင်ထိုးဖို့ ရှာကြည့်စေချင်ပါတယ်။

ဖရီးပါမစ်နဲ့ လူနည်းစု

လမ်း၊ ပါကင် မလုပ်နိုင်သေးဘူးဆိုရင်တော့ သန်းနဲ့ချီတဲ့ပြည်သူ ဒုက္ခမရောက်ဖို့အတွက် ဖရီးပါမစ်တွေကို ကန့်သတ်ဖို့လိုနေတာ လက်တွေ့ပါ။ (ပိတ်ရန်မဟုတ် ကန့်သတ်ရန်သာ)

ဖရီးပါမစ်ကန့်သတ်ဖို့ လိုတယ်ပြောတိုင်း ‘ဖရီးပါမစ်’ ကန့်သတ်ရင် ခရိုနီတွေကောင်းစားမှာ၊ ကားဈေးတွေ တက်ကုန်မှာဆိုတဲ့ အချက်နှစ်ချက်နဲ့ ဖရီးပါမစ်ကန့်သတ်မှာကို အသေအလဲကြောက်ပြီး ကာကွယ်နေတာ က ဝယ်ရောင်းပွဲစားတွေနဲ့ Dealers တွေပါပဲ။ သူတို့ဟာ မှတ်ပုံတင်တစ်ခုကို ကျပ် ၅ဝဝဝဝ လောက်ပေး ဝယ်ပြီး ကားသွင်းတယ်။ ပြီးရင် အပြင်မှာ ပြန်ရောင်းတဲ့အတွက် အခွန်ပေးဖို့ မလိုတော့ဘဲ ရှောင်လို့ရပါ
သေးတယ်။

အခုလို လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက ဆုံးပါးသွားခဲ့သူတွေရဲ့ မှတ်ပုံတင်တွေကိုလည်း သုံးလို့ရနေကြတာ လည်း ပါတယ်လေ။ ကန့်သတ်လိုက်ရင် ဒီလိုလုပ်လို့ မရတော့ဘူး။ အဲ့ဒီအတွက် ဝယ်ရောင်းပွဲစား၊ Dealers တွေက သူတို့လုပ်ရခက်မှာတွေးပြီး ပြည်သူဒုက္ခကို မျက်ကွယ်ပြု၊ ဖရီးပါမစ်ကန့်သတ်မှာကို အသေအလဲ ကာကွယ်တယ်လို့ပဲ ပြောရမှာပါ။

ဒါပေမဲ့ ဖရီးပါမစ် ကန့်သတ်လိုက်လို့ ခရိုနီလည်းမကောင်းစား၊ ဝယ်ရောင်းလည်းမထိခိုက်၊ ကားဈေးလည်း ခုန်ထိုးတက်စရာမဖြစ်တဲ့ နည်းလမ်းတွေနဲ့ ကန့်သတ်လို့ရတာကို ထည့်မတွက်ကြပါဘူး။ ဖရီးပါမစ်ကို ပိတ်စရာမလိုပါဘူး။ ဘယ်နိုင်ငံမှမရှိတဲ့ မှတ်ပုံတင်တစ်ခုပြတာနဲ့ ကားသွင်းခွင့်ရတဲ့ အကန့်အသတ်မဲ့ ပါမစ်အစား စနစ်တကျ ကားသွင်းခွင့်ကို ဖော်ဆောင်ဖို့ပဲ လိုတာပါ။

ဖရီးပါမစ်ကို ဆက်ဖွင့်ထားပါ


ဖရီးပါမစ်ကို ဆက်ဖွင့်ထားပါ။ စနစ်တကျဖြစ်အောင်သာ ပြင်ဆင်လိုက်ပါ။

၁။ Brand New ဘယ်မောင်းကားတွေဆိုရင် ဒီအတိုင်း ဘယ်သူမဆိုသွင်းပါ။
၂။ လက်ရှိဖရီးပါမစ်နဲ့ သွင်းနေတဲ့ Used Car ကားဟောင်းတွေကို သွင်းမယ်ရင် စင်ကာပူလိုပဲ COE စနစ်နဲ့သွားပါ။ အခွန်ဆောင်ထားပြီးသားပြပြီး ဘယ်သူမဆို COE လွတ်လပ်စွာ ဝင်ရောက်ဝယ်ယူပြီး သွင်းနိုင်ပါတယ်။
၃။ တစ်လအစီးရေ ဘယ်လောက်သွင်းခွင့် ပေးမယ်ဆိုတာကို တွက်ချက်သတ်မှတ်ပါ။
၎။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုစနစ်နဲ့ ကားအရောင်းစင်တာတွေ ဒီအတိုင်းဆက်ထားပါ။
၅။ ဘတ်စ်ကား၊ ကုန်ကားလို အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ဆိုင်တဲ့ ယာဉ်တင်သွင်းခွင့်တွေကို အခုအတိုင်းထားပါ။

Brand New ဘယ်မောင်းကို ဘယ်သူမဆို သွင်းခွင့်ရတဲ့အတွက် ခရိုနီတွေချည်းပဲ သက်သက်ကောင်း စားတာ မဖြစ်တော့ဘူး။ ဝယ်ရောင်းတွေလည်း သွင်းရောင်းချင်ရောင်းနိုင်တဲ့အတွက် အားလုံးတန်းတူ အခွင့်အရေး ဖြစ်သွားပါပြီ။ ခရိုနီကောင်းစားရေး မရှိတော့ဘူး။

Used Car တွေကို သွင်းမယ်ဆိုရင်လည်း ခရိုနီဆိုသူတွေရော၊ ဝယ်ရောင်းတွေရော၊ ပြည်သူရော အား လုံးတန်းတူဖြစ်သွားအောင် အခွန်ဆောင်ထားတာပြပြီး COE ကို အပြိုင်ဝယ်ယူလို့ရတဲ့အတွက် ဖရီးပါမစ် ကြီးလည်း ဆက်ရှိမယ်၊ မှတ်ပုံတင်တစ်ခုပြတာနဲ့ ကားသွင်းလို့ရတဲ့ ဘယ်နိုင်ငံမှမရှိတဲ့ စနစ်ကနေ စနစ်တ ကျ ကားတင်သွင်းမှုဖြစ်သွားမယ်။

အခွန်ဆောင်ထားတဲ့ငွေ မပြနိုင်ရင်လည်းရတယ် အခွန်ရာခိုင်နှုန်း ၃ဝ ဆောင်ပြီး ဝယ်ခွင့်ပြုလိုက်ရင် အား လုံးတန်းတူအခွင့်အရေး ဖြစ်သွားမယ်။ နိုင်ငံတော်လည်း အခွန်အခ အားလုံးမှန်မှန်ကန်ကန် ရမယ်။

တစ်လကားသွင်းရမယ့် ပမာဏကို နိုင်ငံမှာ တစ်ကယ်လိုအပ်တာနဲ့တွက်ပြီး ခွင့်ပြုလိုက်ရင် COE ရှားလို့ လုဝယ်စရာလည်း မလိုတော့ဘူး။

အများပြည်သူသုံး ဘတ်စ်ကား၊ ထရပ်ကားတွေကို အခုအတိုင်း အခွန်လျှော့ပြီး ဆက်သွင်းခွင့်ပြုထားမှာဖြစ် လို့ Public Transportation အတွက်လည်း ကားအခက်အခဲ မရှိတော့ပါဘူး။ (BM တွေ မပြောင်းဘဲ ခုထိ စည်းကမ်းမဲ့ သွားနေတာကတော့ အစိုးရတာဝန်ပါ)

ကားဈေး ခုန်တက်မတဲ့လား

COE စနစ်နဲ့သွားလို့ ကားဈေးခုန်တက်သွားမယ်လို့ပြောရင် ပြောကြဦးမယ်။

လက်ရှိ ကားအသစ်စက်စက် Brand New ဈေးတွေကို တစ်ချက်ကြည့်လိုက်ပါ။ KIA ကား ၂ဝ၁၄ မော် ဒယ်သစ်ဆိုရင် ကျပ်သိန်း ၁၅ဝ နဲ့ ကျပ်သိန်း ၂ဝဝ ကြားပေးရင် စီးလို့ရတာရှိပါတယ်။ Toyota Corolla ဆိုရင်လည်း ကျပ်သိန်း ၃ဝဝ ဆို ၂ဝ၁၄၊ ၂ဝ၁၅ မော်ဒယ်အထိ စီးလို့ရနေပါပြီ။ Toyota Pick-up တစ်ခန်းခွဲ အသစ်စက်စက် ၂ဝ၁၄၊ ၂ဝ၁၅ မော်ဒယ်ဆိုရင်လည်း ကျပ်သိန်း ၂ဝဝ လောက်နဲ့ ချက်ချင်းဝယ်လို့ရတယ်။ တခြားအမျိုးအစားတွေထဲမှာလည်း ဒီလိုပဲ။

လက်ရှိ ဖရီးပါမစ်ကနေ စနစ်ကျတဲ့ COE စနစ်ပြောင်းလိုက်လို့ ကားဟောင်းဈေးတက်မယ်ဆိုရင် အဲ့ဒီအ သစ်ကားတွေထက်ကျော်အောင် ဈေးခုန်တက်ပါ့မလား။ အသစ်ဈေးရှိနေလို့ ခုန်တက်လာတဲ့ဈေးက အမြဲ ရိုက်ချခံနေရမှာပဲ။

နောက်တစ်ချက်က လက်ရှိမှာ ကားအရောင်းစင်တာတွေ အများကြီးရှိပါတယ်။ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်မှုစနစ်နဲ့ လုပ်ကိုင်နေတာပါ။ သူတို့လည်း Used Car တွေကို သွင်းရောင်းနေမှာဖြစ်လို့ ကားဟောင်းရှားတဲ့ပြဿနာ ရှိသွားမှာမဟုတ်ပါဘူး။ သူတို့လည်း လက်ရှိကားဈေးအတိုင်း သွားနေမှာဖြစ် လို့ အသစ်ဈေးနဲ့ ကားအရောင်းစင်တာတွေက Used Car ဈေးက ပြန်ထိန်းထားတဲ့အတွက် ကားဈေးစွတ်မ တက်နိုင်သလို ကားရှားပါးမှုဖြစ်စရာ မရှိပါဘူး။

နယ်မှာ ကားတွေလိုသေးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ ကားသွင်းခွင့် ပိတ် လိုက်တာမဟုတ်လို့ အသစ်စက်စက်စီးချင်ရင် ကားအရောင်းပြခန်းနဲ့ ဝယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင် လည်း COE ဝယ်ပြီး သွင်းနိုင်ပါတယ်။ Used Car လိုချင်ရင်လည်းရတယ် ကားအရောင်းစင်တာတွေမှာ ဝယ်၊ ဝယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင်လည်း သွင်းလို့ရတဲ့အတွက် နယ်သမားတွေအတွက် ပြဿ နာမရှိပါဘူး။

ဒီတော့ COE ပြောင်းလိုက်လို့ ကားဈေလည်း စွတ်တက်မှာမဟုတ်သလို ခရိုနီကောင်းစားရေးလည်း မရှိတော့ဘဲ အားလုံးတန်းတူဖြစ်မယ့်အပြင် စနစ်ကျတဲ့ ကားသွင်းမှုတစ်ခု ဖြစ်သွားမှာပါ။

မလိုဘဲနဲ့ အပိုမစီးကြတော့ရင်

လက်ရှိ ရန်ကုန်မှာ ဖရီးပါမစ်နဲ့သွင်းတဲ့ ကားအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းလောက်ပဲ ကိုယ်တိုင်သုံးဖို့ သွင်းတာ ပါ။ ကျန်တာတွေက မှတ်ပုံတင်ဝယ်ပြီး သွင်းရောင်းနေတာတွေ ဖြစ်ပါတယ်။

ဘယ်မောင်း Brand New ကားတွေကို လူတိုင်းမစီးကြပါဘူး။ တကယ်လိုအပ်တဲ့သူနဲ့ ကြွားချင်သူတွေပဲ စီးပါတယ်။ ဝယ်ပြီး တစ်နှစ်၊ နှစ်နှစ်ကြာတာနဲ့ အရှုံးကြီးလို့ပါ။

COE စနစ်ဖြစ်ပြီး စနစ်တကျဖြစ်လာရင် စောစောကပြောသလို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ဆုံးပါးပြီးသား သူတွေရဲ့ မှတ်ပုံတင်၊ မှတ်ပုံတင်တစ်ခု ကျပ် ၅ဝဝဝဝ ပေးဝယ်ပြီး ရောင်းခွန်လည်းမပေးရဘဲ လုပ်နေတာ
တွေ မရှိတော့တဲ့အတွက် ကားတကယ်လိုတဲ့သူပဲ ဝယ်ယူပါလိမ့်မယ်။

လိုမှ ဝယ်တော့မယ့်ဘက်ကို ဦးတည်လာပြီး ပေါပေါရလို့၊ အလွတ်ရလို့ အပိုဝယ်စီးနေတာတွေ အလို လို လျော့သွားပါလိမ့်မယ်။

ရန်ကုန်မြို့မှာ နှစ်ထပ်လမ်းဆောက်ဖို့၊ MRT ပြေးဖို့ဆိုတာတွေက လက်ရှိအနေအထားမှာ ဘဏ္ဍာငွေလည်း အပြည့်အစုံမရှိသလို၊ လုပ်မယ်ဆိုရင်လည်း အချိန်ထပ်ယူကြရမှာပါ။

မလိုဘဲနဲ့ အပိုမစီးတော့ရင် ရန်ကုန်ကားအဝင်က သူ့အလိုလို ကန့်သတ်ပြီးသား ဖြစ်တဲ့အတွက် အခုထက် ဆိုးဆိုးရွားရွား ထပ်ကျပ်တာမျိုးကနေ ခဏရှောင်ထွက်ခွင့် ရကြမှာပါ။

နိုင်ငံတော်လည်း အခွန်မှန်မှန်ရမှာဖြစ်လို့ အဲဒီအချိန် လမ်းတွေပါကင်တွေ စတဲ့အခြေခံအဆောက်အအုံ
တွေကို အရင်ပြည့်စုံအောင် မြန်မြန်အကောင်အထည်ဖော်နိုင်ပြီး ကားကျပ်မှု၊ ကားပါကင်ပြဿနာကနေ အများပြည်သူ သက်သာခွင့်တွေ ရလာနိုင်ပါတယ်။

ဖရီးပါမစ်မှ ဖရီးကစ်သို့

ဖရီးပါမစ်အကြောင်းပြောရင်းနဲ့ ဖရီးကစ်တစ်ခုတော့ လုပ်ရပါဦးမယ်။ မော်တော်ယာဉ် ယာဉ်အိုဟောင်း အရောင်းအဝယ် အဓိကလုပ်သလို ဆောင်းပါးလည်းရေးတဲ့ ကို ‘အရည်ကြို’ ရဲ့ ဖရီးပါမစ်အကြောင်းလည်း ပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတဲ့ အချက်အပေါ် ဖရီးကစ်ချင်တာပါ။

‘ကားဈေးတွေ ကျလာတဲ့အတွက် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီးဦးအောင်မင်း နဲ့ အစိုးရအဖွဲ့ကို တစ်နိုင်ငံလုံးရှိ သာမန်လူထုက ကောင်းချီးဩဘာပေးလာကြတာ တွေ့ရှိရပါတယ်’ ‘ဖုန်းဈေးတွေ အရမ်းကျလို့ နာမည်ကောင်းရနေတဲ့ သမ္မတကြီး အစိုးရအဖွဲ့အနေနဲ့’ ဆိုတာမျိုး ရေးသား ထားခဲ့တာ တွေ့ရပါတယ်။

တစ်သက်လုံး ကားဈေးတက်အောင် ထိန်းချုပ်ကစားပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့သူတွေကြောင့် မြန်မာနိုင်ငံ ကားဈေး မိုးထိုးအောင်တက်ခဲ့တာပါ။ ပြန်ချပေးရမှာ သူတို့ရဲ့ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အလုပ်ပဲ ဖြစ် ပါတယ်။ တစ်သက်လုံး ကုပ်သွေးစုပ်လာပြီး ခုမှ မဖြစ်မနေ ပြန်လုပ်ပေးရမယ့်အလုပ်ကို လုပ်ခဲ့တာဖြစ်လို့ ထူးပြီးကောင်းချီးပေးကြမှာ မဟုတ်ပါ။ အဓိကအချက်က ပြည်သူတွေ ကားဝယ်စီးလာနိုင်လောက်တဲ့ ဝင်ငွေရအောင်တောင် ထပ်လုပ်ပေးကြရဦးမှာပါ။ ခုထိလည်း သာမန်ပြည်သူတွေ အများကြီး ကားမစီးနိုင်
သေးတာ လက်တွေ့ဖြစ်လို့ သာမန်ပြည်သူက ကောင်းချီးပေးပါ့မလား။

ကျပ် ၁၅ဝဝ လောက်နဲ့ရမယ့်ဖုန်းကို ကျပ်သိန်း ၅ဝ လောက်အထိ ဈေးတက်အောင် ပြည်သူတွေအပေါ်
နှစ်ပေါင်းများစွာ ခွတုပ်လာတဲ့သူတွေက အခုမှ ဖုန်းဈေးပြန်ချပေးတာ ကျေးဇူးတင်စရာ ထူးထူးခြား
ခြား ဖြစ်စဉ်မဟုတ်ပါဘူး။ မဖြစ်မနေလုပ်ကို လုပ်ပေးရမှာ သူတို့တာဝန်ပဲလေ။

‘ကိုအရည်ကြို’ ရေးခဲ့တဲ့ထဲမှာ ပါသလိုပဲ နိုင်ငံတော်သမ္မတကအစ ဝန်ကြီးအားလုံးရော၊ လက်ရှိ ရှိသမျှဝန် ကြီး ဝန်ကလေးအားလုံးရော တကယ်တမ်း သာမန်ပြည်သူတွေက ငါတို့အစိုးရ တာဝန်ရှိလူကြီးမင်းများ ကို ကောင်းချီးပေးနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုရင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံပါ့မယ်လို့ ကြိုတင်ကြေညာလိုက်ပါလား။

အဲဒီလို ကြေညာမယ်ဆိုရင်တော့ COE စနစ်လည်း မပြောင်းပေးနဲ့ ဒီအတိုင်းပဲ ပက်ပက်စက်စက် ကားကျပ် တဲ့အထိ ဆက်သွင်း၊ ကြိုက်သလိုဆက်သွား။ တခြားနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလည်း ဆက်သွား၊ ဘယ် လိုပဲသွားသွား လှိုက်လှိုက်လှဲလှဲ ကောင်းချီပေးမယ်၊ မှတ်တမ်းတင်ပေးမှာပါ။ မဟုတ်တာတွေ့ရင်တောင် လုံးဝမထောက်ပြတော့ဘူး။

တစ်ခုတော့ ရှိပါတယ်။ ဒီအတိုင်း ကြေညာတာကိုတော့ ကောင်းချီးပေးကြမှာ မဟုတ်ပါဘူး။ ကြေညာမယ် ဆိုရင်တော့ နိုင်ငံတော်သမ္မတကအစ ရှိသမျှဝန်ကြီးအားလုံး မိမိတို့ပိုင်ဆိုင်မှု၊ မိသားစုပိုင်ဆိုင်မှု၊ မိသား စုလုပ်ငန်း၊ သားသမီးပိုင်ဆိုင်မှု၊ သားသမီးတွေရဲ့ လုပ်ငန်းတွေကို တစ်ခုမကျန် အများပြည်သူရှေ့ ချပြ ပြီးမှ ကြေညာပါ။ မှန်မှန်ကန်ကန် ကြေညာတဲ့သူကို ကျွန်တော် မဲထည့်ချင်ပါတယ်။ ဒါကတော့ ဖရီးကစ်ပါ။

မာန်သူရှိန် | EMG
Previous
Next Post »
Powered by Blogger.