စည်းကမ်းများစွာ ချိုးဖောက်သည့် ခရီးသည်တင်ယာဉ်များ ရဲမှုစစ်ဆေးပြီးမှသာ CNG ထုတ်ခွင့်ပြုရန်စီစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ် အများစုမှာ စည်းကမ်းများစွာကို ချိုးဖောက်နေကြပြီး ရဲမှုများကိုလည်း ရှင်းလင်းဆောင် ရွက်ခြင်း မရှိနိုင်သဖြင့် ရဲမှုကင်းရှင်းကြောင်း တစ်လ တစ်ကြိမ် စစ်ဆေးပြီးမှသာ CNG ဓာတ်ငွေ့ ထုတ်ခွင့်ပြု ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဇူလိုင် ၂၆ ရက်တွင် ပြော ကြားသည်။

မော်တော်ယာဉ်များအား လိုင်စင်သက်တမ်း တိုးသည့်အချိန်တွင်သာ ရဲမှုကျူးလွန်ထားခြင်း ရှိမရှိကို စစ်ဆေးပြီးမှသာ လိုင်စင်သက်တမ်း တိုးခွင့်ပြုထားရာတွင် ခရီးသည်တင်ယာဉ်များမှာ စည်းကမ်းများစွာ ချိုးဖောက်မှုကြောင့် ရဲမှုများလည်း ရှင်းလင်းဆောင်ရွက်ခြင်း မရှိသဖြင့် ရဲမှုလက်ကျန် အများအပြား ကျန်ရှိနေကြောင်း သိရသည်။

“အခုလို တစ်လတစ်ကြိမ်ရဲမှု စစ်ဆေးပြီးမှ CNG တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေကို ဓာတ်ငွေ့ထုတ် ယူခွင့်ပြုဖို့ စီစဉ်နေရခြင်းရဲ့ အကြောင်းရင်းက လိုင်စင်ဝင်မှ ရဲမှုကိစ္စတွေကို ရှင်းလင်းတဲ့အခါမှာ ခရီးသည် တင်ယာဉ် အများစုက စည်းကမ်းချိုးဖောက်တာများလို့ ပြစ်ဒဏ်တွေလည်း များတယ်။

အဲဒီတော့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီးတော့ ရဲမှုတွေကိုလည်း ရှင်းလင်းဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ရဲမှုလက်ကျန်တွေ အများအပြား ရှိနေပါတယ်။ ဒါကြောင့် CNG ဓာတ်ငွေ့အသုံးပြုနေတဲ့ ကားတွေအားလုံးကို တစ်လတစ်ကြိမ် စစ်ဆေးသွားဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရန်အတွက် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ဇွန် ၄ ရက်တွင် ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တင်ပြ ထားကြောင်း သိရသည်။

အဆိုပါအစီအစဉ်အား ခွင့်ပြုချက်ရရှိပါက CNG တပ်ဆင်ထားသည့် ခရီးသည်တင်ယာဉ်များ အငှားယာဉ် များနှင့် အခြားသောယာဉ်များမှာ CNG ဓာတ်ငွေ့ လာရောက်ထုတ်ယူရာတွင် ရဲမှုများရှင်းလင်းရေး တစ် လတစ်ကြိမ် ရဲမှုကတ်များဖြင့် စစ်ဆေး၍ ရဲမှုကင်းရှင်းပါက ဓာတ်ငွေ့ထည့်ပေးသည့် စနစ်ကို ကျင့်သုံးသွား မည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၁ ရက်မှစတင်ပြီး ယာဉ်စည်းကမ်း ချိုးဖောက် သည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းများကို စည်းကမ်းဖောက်ခဲ့သည့် ပြစ်ဒဏ်များအပေါ်မူတည်ပြီး ယာဉ်မောင်းလိုင်စင် ခြောက်လမှ လေးနှစ်အထိ ပိတ်သိမ်းအရေးယူ ဆောင်ရွက်နေကြောင်း အမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ယင်းကဲ့သို့ လိုင်စင်ပိတ်သိမ်းအရေးယူမှု အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ရက် လျှင် မော်တော်ယာဉ်အစီး ၄ဝ ကျော်အား အရေးယူဆောင်ရွက်နေရကြောင်း စုံစမ်းသိရသည်။

ဝင်းမြင့်ကျော် | 7day
Previous
Next Post »
Powered by Blogger.