ပြည်ပနိုင်ငံများမှ ထုတ်လုပ်သော အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို အကောက်ခွန် ဦးစီးဌာနက ယခု တရားဝင် တင်သွင်းခွင့် မပေးသေးသော်လည်း တရားဝင် တင်သွင်းခွင့် ပြုချိန်တွင် အခွန်ကောက်နိုင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက စီစဉ်လျက်ရှိကြောင်း အခွန်စိစစ် ကောက်ခံရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
“သတင်းကြားလို့ အခွန်ကောက်ဖို့ စီစဉ်တာပါ။ တကယ်ခွင့်ပြုတယ်။ ခွင့်မပြုဘူး ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
လက်ရှိ ပြည်တွင်းရှိ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့မှာ တရားဝင် တင်သွင်းခွင့် ပြုထားသော ဟိုတယ်များထံမှ ပြန်လည် ဝယ်ယူ ရောင်းချခြင်းနှင့် တရားမဝင် တင်သွင်းထားသော ကုန်ပစ္စည်းများသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ အရက်များကို ဈေးကွက်အတွင်း တွေ့ရှိပါက ပြည်တွင်းအခွန်များ ဦးစီးဌာနက ဖမ်းဆီး၍ အကောက်ခွန် ဦးစီးဌာနသို့ ပေးအပ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
“အကောက်ခွန်က သူတို့ လုပ်ထုံး လုပ်နည်းအတိုင်း စီစဉ်တာပေါ့။ လေလံတင်ပြီး ပြန်ရောင်းတယ်” ဟု အဆိုပါ အကြီးတန်း အရာရှိက ပြောဆိုသည်။
ပြည်ပထုတ် အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို အခွန်ဥပဒေ ဇယား ၆ အရ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံလျက် ရှိသည်။
နိုင်ငံခြားအရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို တရားဝင် တင်သွင်းခွင့်ပြုရန် အခွန်နှုန်းထားများ ဆွေးနွေးလျက်ရှိပြီး အကောက်ခွန်၊ ယစ်မျိုးခွန်နှင့် ကုန်သွယ်ခွန် သုံးခုဖြင့် စုစုပေါင်းအတွက် အခွန် ၁၅၀ မှ ၃၀၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားဖွယ် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly
Sign up here with your email
ConversionConversion EmoticonEmoticon