ကသာခရိုင်အတွင်းရှိ ၀န်းသို၊ ကောလင်း၊ ပင်လည်ဘူးမြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ တံတားများ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံး






စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ၀န်းသို၊ ကောလင်း၊ ပင်လည်ဘူး မြို့နယ်များတွင် ဇွန် ၈ ရက်နှင့် ၉ ရက်များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ တံတားများ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ ကြောင်း ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဇွန် ၉ ရက် နံနက် ၁၁ နာရီခွဲ အချိန်ရောက်ရှိနေသော ပျက်စီးဆုံးရှုံးမှု စာရင်းများအရ သိရသည်။

ဝန်းသိုမြို့နယ်တွင် ဇွန် ၈ ရက် နံနက် ၁၀ နာရီအချိန်မှ ဇွန် ၉ ရက် နံနက် ၅ နာရီအချိန်အထိ မိုးရေချိန် ၁၀ ဒသမ ၃၅ လက်မ မိုးရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ ဆင်ကုန်း-၀န်းသို-ပင်လည်ဘူးလမ်း မိုင်တိုင်အမှတ် (၂၀/၃ နှင့် ၂၀/၄) ကြား တံတား၊ အမှတ်(၃/၂၁)မောင်းကော်တံတား၊ ကောလင်းဘက်ခြမ်း တံတားခေါင်း ၁၂ ပေခန့် မြေကျွံကျသွားသဖြင့် ကားငယ်များသာ ဖြတ် သန်းသွားလာပြီး ကားကြီးများ ဖြတ်သန်းမရကြောင်း၊ ဆင်ကုန်း-၀န်းသို-ပင်လည်ဘူး လမ်း (၇)မိုင်ဒေသတွင် မိုင်တိုင်အမှတ်၂၇/၄ နှင့် ၅ ကြား တံတားအမှတ် (၅/၂၇) ပင်လည်ဘူးဘက်ခြမ်း တံတားချဉ်းကပ် မြေသား အကျယ် ၁၀ ပေ အနက် ၁၂ ပေ ပြိုကျ၍ မော်တော်ယာဉ်များ ဖြတ်သန်းမရခြင်း၊ ဆင်ကုန်း -၀န်းသို-ပင်လည်ဘူးလမ်း (၈) မိုင်တွင် တံတားအမှတ် (၆/၂၈) ၀န်းသိုဘက်ခြမ်း ၁၀ ပေခန့် ကမ်းကပ်ခုံပြိုကျခြင်း၊ ကြိမ်းဖူးကုန်း ကျေးရွာအုပ်စု တုံးကြိတ်နှင့် အင်းမရွာကြားရှိ ၂၀ ထ ၁၅ ပေ အုတ်ခံသစ်သားတံတား ရေမျောပါ ပျက်စီးခြင်း၊ နားမော်ကျေးရွာအုပ်စု နားမော်ဆည် ၃၀၀ ပေခန့် ရေမျောပါပျက်စီးခြင်း၊ လယ်ဦး-၀ဲဖုံရွာကြား ၁၀ ထ ၁၀ သစ်သားတံတားနှစ်စင်း ရေမျောပါပျက်စီးခြင်း၊ ၀င်းကြီးကျေးရွာအုပ်စု (၅) မိုင်လမ်းဆုံတွင် လူသေအလောင်းနှစ်လောင်း တွေ့ရှိသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ ပင်လည်ဘူးမြို့နယ်တွင် ဇွန် ၈ ရက်ည ၉ နာရီခွဲအချိန်မှ ဇွန် ၉ ရက် နံနက် ၅ နာရီအချိန်အထိ မိုးရေချိန် (၃ ဒသမ ၄၂ လက်မ) ရွာသွန်းခဲ့မှုကြောင့် ခံစားချောင်းရေကြီး ရေလျှံခဲ့ရာ တံတားကိုင်းကျေးရွာအုပ်စု ဆက်စုနှင့် အလယ်စု ကျေးရွာကြား ခံစား သစ်သားတံတား ကိုးပေခန်း ပေ ၁၅၀ ခန့် ပျက်စီးခြင်း၊ တံတားကိုင်းကျေးရွာအုပ်စု ပင်းခါးကျေး ရွာနှင့် တံတားကိုင်းကျေးရွာ လူကူး မောင်းကော်သစ်သားတံတား ၇၀ ထ ၅၀ ပေ တစ်စင်း ပျက်စီးခြင်း၊ တံတားကိုင်းကျေးရွာအုပ်စု အလယ်တောစုကျေးရွာ လျှပ်စစ်ဓာတ်တိုင် ၁၁ တိုင် ပျက်စီးခြင်း၊ ကျူတောကိုင်းကျေးရွာ အုပ်စုပေပင်စုကျေးရွာ ဦးရဲဖေ၏ အုတ်ညှပ် နံကပ် နှစ်ထပ်သွပ်မိုး အိမ်တစ်လုံး ရေမျောပါ ပျက်စီးခြင်း၊ ကျူတောကိုင်း ကျေးရွာအုပ်စု ပေပင်စုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန မုခ်ဦး အုတ်တိုင်နှစ်တိုင်၊ အုတ်တံတိုင်း လေးပေခန်း ၁၂ ခန်း၊ မြေလင်း အထက ကျောင်း အုတ်တံတိုင်း လေးပေခန်း ၁၀ ခန်း၊ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း လေးပေခန်း ၁၅ ခန်း ပျက်စီးခြင်း၊ ကျူတောကိုင်း ကျေးရွာအုပ်စု ပေပင်စုနှင့် ကျူတောကိုင်း ကျေးရွာ ခံစားချောင်းကူး သစ်သားတံတား ၆ ထ ၈၀ ပေ တစ်စင်း၊ ၆ ထ ၁၂၀ ပေ တစ် စင်း၊ ၆ ထ ၃၀ ပေတစ်စင်း စုစုပေါင်း သုံးစင်း ပျက်စီးခြင်း၊ သင်နှီးတောကျေးရွာအုပ်စု သင်နှီးတော-ပေါက်ကိုင်း ခံစားချောင်းကူး တံတား ရေလယ်တိုင် ဒုတိယတိုင်နိမ့်ဆင်း၊ ပေါက်ကိုင်းကြိုးတံတား အုတ်ခုံရေထိုးပြီး တစ်ဖက်သို့ စောင်းသွားခဲ့ကြောင်း ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဝန်းသိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က “ဇွန် ၈ ရက် နံနက် ၁၀ နာရီလောက်ကစပြီး မိုးကပြတ်တောင်းပြတ်တောင်း ရွာတယ်။ ညကတော့ မိုးသည်းပါတယ်။ (၇) မိုင်မှာရှိတဲ့ ဆင်ကုန်း-၀န်းသို-ပင်လည်ဘူးလမ်း ပင်လည်ဘူးဘက်အခြမ်းမှာရှိတဲ့ တံတားချဉ်းကပ်လမ်း ၁၀ ပေအကျယ် ၁၁ ပေခန့် ပြတ်ကျသွားပါ တယ်။ ကားသွားလို့ မရပါဘူး။ ရှစ်မိုင်မှာရှိတဲ့ တံတားက ကမ်းကပ်ခုံက နိမ့်ကျသွားပါတယ်။ ၀န်းသိုမြို့တွင်းလမ်းရှိ မောင်းကော်တံတားက တံတားဦးခေါင်း မြေကျွံသွားတယ်။ ကမ်းကပ်ခုံ ပြိုလဲသွားပါတယ်။ ကားလေးတွေကတော့ သွားလို့ရပါတယ်။ ကားကြီးတွေ သွားမရပါဘူး။ ၀န်းသိုမှာ ရေကြီးတဲ့ချောင်းက ဒေါင်းမြူးချောင်းပါ။ သူကတောင်ကျရေကြောင့် ရေကြီးပါတယ်။ မြို့ပေါ်ရေ၀င်ရောက်မှု မရှိပါဘူး။ အနိမ့်ပိုင်းတွေကတော့ နည်းနည်းပါးပါး ၀င်ပါတယ်။ ကယ်ဆယ်ရေး လုပ်ရတဲ့ အဆင့်မရှိပါဘူး”ဟု ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်အချို့ ရေ၀င်ရောက်ခဲ့ပြီး ဇွန် ၉ ရက် နံနက်ပိုင်းအချိန်မှ စတင်ကာ ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းနေကြောင်း၊ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းပေါ်ရှိ ကောလင်း-၀န်းသိုကြားတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရထားလမ်းပိုင်း ရေကျော်မှုဖြစ်ပွားခဲ့ရာ ရေပြန်လည် ကျဆင်းသွားခဲ့သဖြင့် ရထားလမ်းပိုင်းအား ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ် အချိန်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်သူထွန်း၊ စိုးစံ / eleven news
Previous
Next Post »
Powered by Blogger.