စိတ်ဓာတ်ရင့်ကျက်မှုရှိသူများ၏ အပြုအမူ(၈)မျိုး


လူတသစ်ယောက် ရင့်ကျက်ခြင်း၊ မရင့်ကျက်ခြင်းကို ဘယ်လိုပေတံနဲ့ တိုင်းတာလို့ရသလဲ … ??? အောက်မှာ ဖော်ပြထားတဲ့ (၈)ချက်ကတော့ ရင့်ကျက်မှုရဲ့ စံနှုန်းတွေဖြစ်ပါတယ်။ Shwemom ရဲ့ပရိသတ်ကြီးလည်း ကိုယ် ဘယ်လောက်ရင့်ကျက်နေပြီဖြစ်ကြောင်းကို ချိန်ထိုး သိရှိနိုင်မှာပါ။

(၁) တစ်ခုခုရလိုခြင်းကြောင့်မဟုတ်ဘဲ ပေးဆပ်တယ်

ရင့်ကျက်သူတွေဟာ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် ကူညီဖို့ ၀န်မလေးပါဘူး။ အဲဒီ ကူညီမှုတွေအတွက် ဘာစီးပွားရေးတွက်ချက်မှုမှ မပါဘဲ … စိတ်ရင်းနဲ့ ကူညီနိုင်သူတွေတွေ ဖြစ်တယ်။
(၂) အာဃာတကို ဆုပ်ကိုင်မထားဘူး

ပုထုဇဉ်သဘောတရားအရတော့ ကိုယ့်အပေါ် မတရားလုပ်တဲ့သူတွေကို အနည်းနဲ့အများ မုန်းတီးခြင်း၊ ရန်လိုခြင်းတော့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် အဲဒီ ဒေါသစိတ်ဟာ ရင့်ကျက်သူတွေရဲ့ ရင်ဘတ်ထဲမှာ ကြာရှည်မကိန်းနိုင်ဘူး … သင့်တင့်တဲ့ အတွေးနဲ့ အာဃာတကို စွန့်လွှတ်ကြပါတယ်။
(၃) ကိုယ့်မှာရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်တယ်

နောက်တစ်ခုကတော့ ရင့်ကျက်သူတွေမှာ မတော်လောဘ နည်းပါးပါတယ်။ ကိုယ့်မှာ ရှိတာလေးနဲ့ တင်းတိမ်ပျော်ရွှင်တတ်သူတွေ ဖြစ်ပါတယ်။
(၄) ဖိအားတွေကို ရှောင်ရှားနိုင်တယ်

စိတ်ဖိအားအကျဉ်းအကြပ် ရင်ဆိုင်ရတဲ့အခါ သူတို့ဟာ ဖိအားတွေကို ရှောင်လွှဲနိုင်ကြတယ်။ ဥပမာ- ပြင်ပ လူနေမှုဘ၀က ဖိအားတွေကို လုပ်ငန်းတွင်းကို ယူလာပြီး အလုပ်ပျက်အကိုင်ပျက် ဖြစ်တတ်သူတွေ မဟုတ်သလို၊ ရုံးက စိတ်မသက်သာစရာတွေကိုလည်း .. ရုံးမှာပဲ ထားခဲ့နိုင်သူတွေ ဖြစ်ပါတယ်။
(၅) အရာရာကို စူးစမ်းချင်စိတ်ရှိတယ်

ရင့်ကျက်တဲ့ နှလုံးသားပိုင်ရှင်တွေဟာ သူတို့နဲ့ ပတ်သက်တာမှန်သမျှ အရာရာကို အသေးစိတ်ကအစ စိတ်ဝင်စားမှု ရှိပါတယ်။ ဘာကိုမှ ပေါ့ပေါ့တန်တန်ရယ်လို့ သဘောမထားဘဲ … အလေးအနက်ပြုတယ်။
(၆) အရာရာနဲ့ လိုက်လျှောညီထွေမှုရှိတယ်

ပြောင်းလဲမှုတွေနဲ့ တွေ့တဲ့အခါတိုင်း ရင့်ကျက်သူတွေဟာ အမြဲတမ်း လိုက်လျှောညီထွေမှု ရှိကြပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း စိတ်ကို လိုရင် လိုသလို ပြောင်းလဲနိုင်စွမ်း ရှိနေမှ ဖြစ်မှာပါ။ စိတ်အပြောင်းအလဲ များတာကို ဆိုလိုတာမဟုတ်ပါဘူး။ စိတ်ကို ပတ်ဝန်းကျင်နဲ့ သင့်တင့်မျှတအောင် ထိန်းကျောင်းနိုင်စွမ်း ရှိတာကို ဆိုလိုတာပါ။
(၇) ရုပ်ပိုင်းစိတ်ပိုင်း အပြစ်ကင်းအောင်နေတယ်

လူတစ်ယောက် အပြစ်ကင်းအောင်နေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် မကောင်းမြင်တဲ့သူတွေက လွဲရင် သူတို့တစ်တွေရဲ့ အပြစ်ဟာ ဘာဆိုတာ ရှာရတော်တော်ခက်ပါတယ်။
(၈) အဆိုးမြင်ဝါဒသမားတွေကို ရှောင်ရှားနိုင်တယ်

စိတ်ဓာတ်ရင့်ကျက်သူတွေဟာ လူကဲခတ်လည်း အင်မတန်တော်လေ့ရှိပြီး အရာရာကို မကောင်းမြင်တတ်သူတွေကိုပေါင်းသင်းလေ့ မရှိပါဘူး။ အခြေအရ ပေါင်းသင်းရတယ်ဆိုရင်တောင် အဆိုးမြင်ဝါဒသမားတွေရဲ့ လွှမ်းမိုးမှုကို လုံးဝ မခံရအောင် ကိုယ့်စိတ်ကို ကာကွယ်ထားနိုင်ကြပါတယ်။

နတ်စည်တော် (Shwemom)
Previous
Next Post »
Powered by Blogger.