ဂျပန်တိုက်လေယာဉ်တစ်စီး ခြံရံလျက် စမ်းသပ်ပျံသန်းနေသည့် X-2။ |
ရေဒါဖြင့် ထောက်လှမ်းမှုများကို ရှောင်ကွင်းနိုင်သည့် အဆင့်မြင့် ကိုယ်ပျောက် တိုက်လေယာဉ်များသည် အနာဂတ် စစ်ရေးနယ်ပယ်တွင် အလွန်အရေးပါသည့် လက်နက်ယန္တရားများ ဖြစ်လာဖွယ် ရှိသည်။ ဂျပန်သည် X-2ဟု အမည်ပေးထားသည့် စမ်းသပ်ဆဲ Prototypeအဆင့် ကိုယ်ပျောက် ဂျက်လေယာဉ် တစ်စီးကို ပြီးခဲ့သည့် သီတင်းပတ်ကုန်က အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
စမ်းသပ်ပျံသန်းမှုကို တာဝန်ယူခဲ့သည့် လေယာဉ်မှူးက လေယာဉ်၏ ဟန်ချက်တည်ငြိမ်မှုသည် အလွန်ကောင်းမွန်ကြောင်း မှတ်ချက်ပေးခဲ့သည်။ X-2ကို Mitsubishi၏ အကြီးစား စက်မှုလုပ်ငန်း ဌာနခွဲက တာဝန်ယူ တည်ဆောက် ခဲ့သည်။ အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ကို ဂျပန်နိုင်ငံ အလံ၏ ကိုယ်စားပြု အဖြူနှင့် အနီရောင်များ ခြယ်သထားသည်။ လေယာဉ်သည် နာဂိုယာ လေဆိပ်မှ ပျံတက်လာပြီးနောက် ဝေဟင်တွင် ထိုးတက် သွားခြင်း၊ ရုတ်တရက် စိုက်ဆင်းခြင်း၊ ဂျွမ်းထိုးလှည့်လည် ပျံသန်းခြင်းတို့ အပါအဝင် အမျိုးမျိုးအဖုံဖုံ လှုပ်ရှားလှည့်ပတ် စစ်ကစားမှုများ ပြုလုပ်ခဲ့သည်။
စိတ်ကြိုက် စမ်းသပ်ပျံသန်းမှုများ အပြီးတွင်မူ X-2သည် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ ဂီဖူ လေတပ်စခန်းတွင် ပြန်လည် ဆင်းသက်ခဲ့ကြောင်း Mitshbishiက ကြေညာသည်။ ဂျပန်၏ ဒေသတွင်း မဟာပြိုင်ဘက် တရုတ်က ကိုယ်ပိုင် ကိုယ်ပျောက်တိုက်လေယာဉ်များ တည်ဆောက်နိုင်ခဲ့ကြောင်း အတည်ပြု ကြေညာပြီး တစ်နှစ်မျှအတွင်း ဂျပန်က X-2ကို လက်တွေ့ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အပြီးကတည်းက စစ်ဘက်နည်းပညာ ကဏ္ဍတွင် အကန့်အသတ် များစွာ ကြုံခဲ့ရသည့် ဂျပန်အတွက် X-2ကို စမ်းသပ်နိုင်ခြင်းသည် သမိုင်းဝင် အခိုက်တန့် တစ်ခုလည်း ဖြစ်လာသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်၏ စစ်အင်အားကို ပြန်လည်တည်ဆောက်ရန် အလေးအနက် ဆန္ဒရှိနေသူဖြစ်ပြီး တစ်ဖက်တွင် တရုတ်က ၎င်းတို့၏ စစ်ရေးအသုံးစရိတ်ကို ၂၀၁၆ ခုနှစ်အတွင်း ၇.၆ ရာခိုင်နှုန်းမြှင့်တင်လာမှုကလည်း ဂျပန်အတွက် စိုးရိမ်စရာ ဖြစ်နေသည်။
တရုတ်သည် Shenyang FC-31 ခေါ် ကိုယ်ပျောက် (ရေဒါတိမ်းရှောင်နိုင်သည့်) စွမ်းရည်ရှိ ဂျက်တိုက်လေယာဉ်ကို တည်ဆောက်ခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်မှု မရှိချေ။ ထို့အပြင် တရုတ်က အင်ဂျင်နှစ်လုံးတပ် J-20 ကိုယ်ပျောက်တိုက်လေယာဉ်များကိုလည်း တီထွင်ထားပြီး ၂၀၁၈ ခုနှစ်တွင် စွမ်းရည်ပြည့် တာဝန်ထမ်းဆောင်တော့မည် ဖြစ်သည်။
ရေဒါထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သည့် ကိုယ်ပျောက် တိုက်လေယာဉ် နည်းပညာသည် နိုင်ငံအများစုအတွက် လက်တွေ့တီထွင်ရန် စိန်ခေါ်မှုများစွာ ကြုံနေရဆဲ ဖြစ်သည်။ အမေရိကန်သည် အဆိုပါ နည်းပညာကို စတင်တီထွင်ခဲ့ပြီး အခြေခံအားဖြင့် ကိုယ်ပျောက်လေယာဉ်များသည် ရေဒါလှိုင်းများကို စုပ်ယူခြင်း၊ သို့မဟုတ် လမ်းကြောင်းလွှဲခြင်းကဲ့သို့ နည်းလမ်းများကို အသုံးပြုကာ ရှောင်လွှဲနိုင်အောင် ဒီဇိုင်းတီထွင်ထားလေ့ ရှိသည်။ ထို့အပြင် အီလက်ထရောနစ် ကိရိယာများဖြင့် ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်စေသည့် ဓာတ်ပစ္စည်းများကိုလည်း ကိုယ်ထည်ပေါ်တွင် အထူးစီမံ သုတ်လိမ်းထားလေ့ ရှိသည်။
အမေရိကန်သည် F-117များကို ပထမဆုံး ကိုယ်ပျောက်တိုက်လေယာဉ်များအဖြစ် စတင်တီထွင်ပြီးနောက် ယခုအခါ အနားပေး ဖျက်သိမ်းခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အမေရိကန်လုပ် B-2 Spirit ဗုံးကြဲလေယာဉ်ကြီးများ၊ F-22 Raptorနှင့် F-35 Lightning II တိုက်လေယာဉ်များသည် ကိုယ်ပျောက်စွမ်းရည် ရှိကြသည်။ အမေရိကန်သည် F-22များကို အခြားနိုင်ငံများသို့ လုံးဝ တင်ပို့ရောင်းချခြင်း မပြုခဲ့ဘဲ F-35များကိုလည်း အရင်းနှီးဆုံး မဟာမိတ် နိုင်ငံများသို့သာ အကန့်အသတ်ဖြင့် လက်လွှဲရောင်းချရန် စီစဉ်ထားသည်။
Ref: CNN / 7day
Sign up here with your email
ConversionConversion EmoticonEmoticon