ရေများရေနိုင်၊ မီးများမီးနိုင်....
တကယ်လုပ်မယ်ဆို မခက်ဘူး။ သာမန်အဆင့်လောက် ငြိမ်းချမ်းမှုဟာ တကယ်ပဲမခက်ပါဘူး။ ဒါပေမဲ့ဒီအဆင့်ဟာ မဂ်ဖိုလ်နိဗ္ဗာန် မဟုတ်သေးဘူးနော်။ ဒါဟာ အခြေခံအောက်ဆုံးအဆင့်လောက် ရှိတယ်။ အဲဒီအောက်ဆုံးအဆင့်လောက်ဖြစ်တဲ့ ငြိမ်းချမ်းမှုကိုတော့ ရဖို့ရာ ဘာမှမခက်ဘူး။ ရက်ပိုင်းလောက်အတွင်းမှာတောင်မှ လေ့ကျင့်မယ်ဆိုရင်ရပါတယ်။ အဲသလို ငြိမ်းချမ်းတဲ့စိတ်ကလေးကို ငါးမိနစ်လောက်၊ဆယ်မိနစ်လောက် ရမယ်ဆိုရင် ဘာမှDepression မရှိတော့ဘူး။
တနေ့တာလုပ်စရာရှိတာကို အေးအေးဆေးဆေးလုပ်သွားတာပဲ။ ဖြစ်ရင်လည်း ဝမ်းသာတာပဲ။ မဖြစ်လည်း စိတ်ထားတတ်လို့ စိတ်ဓာတ်မကျဘူး။ နောက်တခုလုပ်စရာရှိတာကို ဆက်လုပ်သွားတာပဲ။ တနေရာမှာ ချောင်ပိတ်ပြီးတော့မနေဘူး။ စိတ်အေးချမ်းနေရင် ကောင်းတဲ့အတွေးတွေ၊ ကောင်းတဲ့အကြံဉာဏ်တွေ အများကြီးထွက်လာတယ်။ တနေ့မှာ မနက်ငါးမိနစ်လောက်၊ ညနေငါးမိနစ်လောက် စိတ်ကလေး လုံးဝငြိမ်းချမ်းသွားတာမျိုးရနိုင်ရင် အဲဒီလူဟာ တသက်လုံး ဘယ်တော့မှ Depression မဖြစ်ဘူး။ ဒါတင်မကဘူး၊ တခြားစိတ်ရောဂါတော်တော်များများလည်း ပျောက်သွားတယ်။
အခုခေတ်လူတွေမှာ anxiety neurosis လို့ခေါ်တဲ့ရောဂါ တော်တော်များများရှိလာတယ်။ အနောက်နိုင်ငံက စိတ်ပညာရှင်ကြီးတော်တော်များများ၊ သူတို့ကိုယ်တိုင်လည်းပဲ ဒီတရားအားထုတ်တာကို ဝါသနာပါတယ်။ အဲဒီ Clinical Psychologist တွေနဲ့ ဆွေးနွေးရတဲ့အခါမှာ သူတို့က ဒီခေတ်ကို "Age of Anxiety" သောကခေတ် တဲ့။ နံမည်တတ်တာကိုက တော်တော်စဉ်းစားဖို့ကောင်းတယ်။ ခေတ်ကာလဟာ သောကခေတ်ကာလဖြစ်တယ်။ နောက်တဦးက ဘယ်လိုပြောပြန်လဲဆိုတော့ ဒီခေတ်ကာလဟာ Age of Loneliness တဲ့။ အထီးကျန်ဖြစ်တဲ့ခေတ်ကာလ။ လူတွေသာများနေပါတယ်။ အဖေါ်မရှိပါဘူး။ အပ်ါယံပေါင်းလို့ရတဲ့လူတွေ ကြာလေများလေပဲ။ ရင်းရင်းနှီးနှီးပေါင်းလို့ရတဲ့သူ ကြာလေရှားလေပဲ။ ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်တော့ဘူး။ တခြားလူကိုနားလည်ဖို့ဆိုတာ တော်တော်ခက်သွားပြီ။
ဒီတရားအားထုတ်လို့ ကိုယ့်စိတ်ကိုကိုယ် သေသေချာချာ၊အတွင်းကျကျ ကြည့်တတ်လာပြီဆိုရင် ကိုယ့်ကိုယ်ကို ကောင်းကောင်းနားလည်လာပြီ။ ကောင်းတာလည်း သိတယ်။ ဆိုးတာလည်း သိတယ်။ ကောင်းတာကိုပိုပြီးတော့ကောင်းအောင် အားပေးသွားတာပေါ့။ ဆိုးတာကိုလည်းပဲသိပြီးတော့ အသာလေးထိန်းထားတယ်။ ချက်ချင်းမပယ်နိင်သေးဘူးနော်။ ကိစ္စမရှိဘူး။ သိနေတဲ့အတွက်ကြောင့် အသာလေး ထိန်းထားလို့ရတယ်။ အဲဒီလိုနဲ့ ကောင်းတဲ့ဘက်က ကြာလေကောင်းလေ၊ကြာလေကောင်းလေဖြစ်လာတော့ အလိုလိုပဲ အကောင်းကအဆိုးကို နိုင်ပြီးသားဖြစ်နေတယ်။ ရေများရေနိုင်၊ မီးများမီးနိုင်ပဲနော်။
ပြဿနာကို မကြောက်တော့ဘူး....
အဲသလိုတရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကိုကိုယ် သေသေချာချာသိလာတဲ့သူဟာ သူများစိတ်ကိုလည်း တော်တော်နီးနီးစပ်စပ် အကဲခတ်လို့ရတယ်။ ဘုန်းကြီးတို့လည်းဒီလိုပဲ။ ဒကာ၊ဒကာမတွေကို အကဲခတ်ပြီးတောာ့ တခါတလေ ပြောသင့်တဲ့စကားတွေကို ပြောတယ်။ အဲဒီတော့တချို့ကပြောတယ်။ အရှင်ဘုရားက တပည့်တော်တို့ကို တည့်တည့်ပြောနေသလိုပဲတဲ့။ စိတ်ရဲ့သဘာဝကိုသိရင် ပြောရတာမခက်ပါဘူး။ သိပ်အထူးအဆန်းကြီး မဟုတ်ပါဘူး။ လူတိုင်းမှာ ဒီလိုအရည်အချင်းမျိုးရှိတယ်။ ကိုယ့်စိတ်ကိုကိုယ် တကယ်နက်နက်နဲနဲသိလာပြီးရင် အဲဒီ အသိဉာဏ်နဲ့ယှဉ်ပြီးတော့ဖြစ်တဲ့ တည်ငြိမ်မှု၊အေးချမ်းမှုလေးနဲ့ တခြားလူတွေကိုကြည့်လိုက်စမ်းပါ။ သူတို့စိတ်ထဲမှာ ဘယ်လိုများနေမလဲဆိုတာကို ပိုသိလာတယ်။

အများကို ပိုပြီးတော့ချစ်တတ်တယ်။ ချစ်တတ်တဲ့သူ ဖြစ်လာတယ်။ အဲဒီအချိန်ကျတော့ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့လေးစားတဲ့သူ၊ ချစ်တတ်တဲ့သူ၊ တန်ဖိုးထားတဲ့သူဖြစ်လာတယ်။ အဲဒီလို ကိုယ့်စိတ်ကိုကိုယ်သိရင်ပဲ Loneliness အဖေါ်မရှိသလိုခံစားရတာ တော်တော်သက်သာသွားတယ်။ ကိုယ့်စိတ်ကိုကိုယ် သေသေချာချာသိရင် သောကလည်း တော်တော်သက်သာသွားတယ်။ လုပ်စရာရှိတာကို နည်းလမ်းရှာပြီးတော့ လုပ်သွားနိုင်တယ်။ ငါကြီုးစားပြီးလုပ်ရင် အဆင်ပြေသွားမှာပါ။ အဲသလိုယုံကြည်မှုလည်း ရှိလာတယ်နော်။
ဒါကြောင့် တရားအားထုတ်ပြီးတော့ စိတ်ကိုသိပြီးတော့ ငြိမ်းချမ်းအောင်နေတတ်တဲ့သူဟာ စိတ်ဓာတ်မကျဘူး၊ သောကမများဘူး။ စိတ်ကြောင့်ဖြစ်တဲ့ အိပ်မပျော်တဲ့ရောဂါတို့၊ စိတ်ကြောင့်ဖြစ်တဲ့ အသက်ရူမဝတာတို့၊ မောတာတို့၊ နှလုံးရောဂါလိုလိုဘာလိုလို ဖြစ်တာတို့ဟာလည်းပျောက်သွားတယ်။
စိတ်ကြောင့်အစာမကြေတာရှိတယ်။ စိတ်ကြောင့်အိပ်မပျော်တာရှိတယ်။ စိတ်ကြောင့်ခေါင်းမူးတာရှိတယ်။ စိတ်ကြောင့်ဇက်ကျောတက်တာရှိတယ်။ စိတ်ကြောင့်အဆစ်အမြစ်ကိုက်ရောဂါ ဖြစ်တာရှိတယ်။ စိတ်ကြောင့်ဖြစ်တဲ့ယားယံတာရှိတယ်။ အရေပြားမှာဖြစ်တတ်တဲ့ရောဂါတွေ ဖြစ်တာလည်းရှိတာပဲ။ စိတ်အေးချမ်းသွားရင် စိတ်ကြောင့်ဖြစ်တဲ့ရောဂါတွေအကုန်လုံးဟာ ပျောက်သွားတာပဲ။ တခုချင်းပျောက်အောင် လုပ်နေစရာမလိုဘူး။ စိတ်ငြိမ်းချမ်းသွားတာနဲ့ အားလုံး အလိုလိုပဲပျောက်သွားတယ်။ စိတ်ကြောင့် ခန္ဓာကိုယ်မှာ ရောဂါတွေဖြစ်တာရှိတယ်။ စိတ်ကြောင့် စိတ်မှာဖြစ်တဲ့စိတ်ရောဂါလည်း အများကြီးရှိတယ်။
အဲဒါကို တရားအားထုတ်ပြီးတော့ အောက်ဆုံးအဆင့်ငြိမ်းချမ်းမှုကို နေ့စဉ်ရအောင် လုပ်နိုင်ရင်ကိုပဲ ခန္ဓာကိုယ်မှာဖြစ်တဲ့ရောဂါတွေနဲ့ စိတ်ရောဂါတွေဟာ ပျောက်သွားမှာပါ။ အဲဒါတွေ ပျောက်သွားရင် လူဟာ နေရထိုင်ရတာ တော်တော်ပေါ့သွားတာပဲ။ ခန္ဓာကိုယ်မှာလည်း အားပိုရှိလာတယ်။ အလုပ်ကိုပိုလုပ်နိုင်တယ်။ ပြဿနာတွေကို ပိုပြီးတော့ရင်ဆိုင်နိုင်တယ်။ ဖြေရှင်းနိုင်တယ်။ ပြဿနာကို မကြောက်တော့ဘူး။
စိတ်ငြိမ်းချမ်းတဲ့လူဟာ သဘောထားကြီးတယ်
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ တွေးခေါ်ပုံ အရင်ကနဲ့မတူတော့ဘူး။ တန်ဖိုးထားတာတွေ မတူတော့ဘူး။ အရင်တုန်းက ပစ္စည်းဥစ္စာ၊ အပျော်အပါး၊ ကျော်ကြားမှု၊ ဂုဏ်ပကာသနကို သိပ်မက်တဲ့လူဟာ စိတ် တကယ်ငြိမ်းချမ်းသွားတဲ့အခါမှာ အဲဒါတွေဟာ သိပ်ကလေးဆန်တယ်ဆိုတာ သိလာတယ်။ အဲဒါတွေဟာ အပေါ်ယံပဲဆိုတာကိုလည်း သိတယ်။ ဂုဏ်ပကာသနဆိုတာတွေဟာ ဘေးကလူတွေရဲ့ အထင်ကြီးမှုသက်သက်ကိုရဖို့ လုပ်တာပဲ။ ကိုယ့်ကို သူများအထင်ကြီးတယ်ဆိုတာ သူ့စိတ်ထဲမှာဖြစ်လိုက်တဲ့ အတွေးလေးတခုပါ။ ဘာမှ လေးနက်မှုမရှိဘူး။
စိတ်ငြိမ်းချမ်းသွားရင် ကိုယ့်ဘက်ကိုဆွဲပြီးတော့ယူတာ နဲသွားတယ်။ အယူအဆမတူတာရှိလာပြီဆိုရင် မျှမျှတတကြည့်တတ်လာတယ်။ သူ့ဘက်ကော၊ကိုယ့်ဘက်ကော ထောင့်စေ့အောင်ကြည့်ဖို့ သဘောထားကြီးကြီးထားတတ်လာတယ်။ ကိုယ်လိုသလို တဖက်သတ်အဓိပ္ပါယ်မကောက်ဘူး။ တကိုယ်ကောင်းမဆန်ဘူး။ တဖက်သတ်အနိုင်မယူဘူး။ ကိုယ့်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်အလုပ်ဌာနမှာပဲဖြစ်ဖြစ် ငါလုပ်တာ၊ ငါပြောတာကတခြား သူတို့အဓိပ္ပါယ်ကောက်တာကတခြား ဖြစ်နေတယ်လို့ တွေးမိတာ ဘယ်လောက်များသလဲ။ တယောက်ကိုတယောက် အထင်လွဲတယ်၊အထင်မှားတယ်ဆိုတာမျိုးဟာ တော်တော်အဖြစ်များပါတယ်။ ဒီစကားကို သေသေချာချာစဉ်းစားပါ။
လူဆိုတာ ကိုယ့်ဘက်ကပဲကိုယ်မြင်တတ်ပါတယ်။ သူ့ဘက်ကနေ ရာခိုင်နှုံးပြည့် သူမြင်သလိုတော့မမြင်နိုင်ဘူး။ အဲဒါမဖြစ်နိုင်ဘူး။ သူများစိတ်ကို အတိအကျသိနိုင်တဲ့ဉာဏ်မှ မရသေးတာကိုး။ သူများစိတ်ကိုသိတဲ့ဉာဏ်ကို မရသေးရင် ကိုယ့်ဘက်ကပဲ ကိုယ်မြင်တာပဲ။ အဖေ၊အမေကလည်း သူတို့ဘက်ကမြင်တယ်။ သားသမီးတွေဘက်ကလည်းပဲ သူတို့နေရာကနေ သူတို့မြင်တာပဲ။ အထက်အရာရှိကလည်း သူ့နေရာကသူမြင်တာပဲ။ အဲဒီတော့ လူတိုင်းမှာ ကိုယ့်ဘက်ကပဲကိုယ်စွဲပြီးတော့ မြင်တဲ့အမြင်ဟာ အနည်းနဲ့အများရှိတယ်။ သို့သော် တရားအားထုတ်လာတဲ့အခါမှာ အဲဒါနည်းသွားပြီ။ တဖက်သတ် လိုသလိုဆွဲယူတဲ့အမြင်မျိုး အများကြီးနည်းသွားတယ်။ သဘောထားမျှလာတယ်။ မျှတတဲ့အမြင်ဖြစ်လာတယ်။ သဘောထားကြီးလာတယ်။ စိတ်ငြိမ်းချမ်းတဲ့လူဟာ သဘောထား ကြီးတယ်။
ဖြစ်ခွင့် ပြုလိုက်ပြီလား
တခုခု ကြုံကြိုက်လာရင် ချက်ချင်းပြန်ပြီးတော့ မတုံ့ပြန်ဘူး။ သူများကလာဆဲတယ်။ ပြန်မဆဲဘူး။ အေးအေးဆေးဆေးသတိလေးနဲ့ နားထောင်နေတယ်။ automatically react မလုပ်ဘူး။ စက်ကလေးတခု computer လို့ပဲဆိုပါတော့။ သူ့ခလုတ်ကို တချက်နှိပ်လိုက်တာနဲ့ ချက်ချင်း သူ အလုပ်တခုကိုလုပ်လိုက်တယ်။ အဲသလိုဆိုရင် ဒီ computer မှာ ရွေးချယ်တဲ့သဘော ရှိသလား။ ရွေးချယ်မှု မရှိတော့ဘူး။ ခလုတ်တခုကိုနှိပ်တာနဲ့ ဘာလုပ်ရမလဲလို့ မစဉ်းစားနိုင်ဘူး။ လုပ်သင့် မလုပ်သင့် သူ မစဉ်းစားနိုင်ဘူး။ လုပ်ပြီးသားဖြစ်သွားတယ်နော်။ လူတွေဟာလည်း ဒီလိုပဲ။ မြင်တာနဲ့ တခုခု react လုပ်လိုက်တယ်။ ကြားတာနဲ့ တခုခုလုပ်လိုက်တယ်။ ချက်ချင်းဖြစ်သွားတာ။ အချိန်မဆိုင်းဘူး။ အဲသလိုလုပ်တဲ့သူဟာ သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာကို ချင့်ချိန်စဉ်းစားတတ်တဲ့ဉာဏ် အဲဒီအချိန်မှာ မဖြစ်လိုက်ဘူး။ နောက်မှ သူ နောင်တရချင်ရမယ်နော်။ ဒါကြောင့် ချက်ချင်းတုံ့ပြန်တတ်တဲ့သူဟာ ချင့်ချိန်စဉ်းစားတတ်တဲ့ဉာဏ် မရှိဘူး။ လွတ်လပ်မှုလည်း သူ့မှာမရှိဘူး။ ဒါကြောင့် အလိုအလျောက်တုံ့ပြန်တတ်တဲ့လူဟာ လွတ်လပ်မှုမရှိဘူး။
မြင်တဲ့အခါမှာ သိနေတယ်၊ ကြားတဲ့အခါမှာ သိနေတယ်၊ စိတ်က အလိုလျောက်မတုံ့ပြန်ဘူး။ ပြီးမှ လုပ်သင့်တာကို အေးအေးဆေးဆေးလုပ်သွားတယ်၊ ပြောသင့်တာကို အေးအေးဆေးဆေးပြောသွားတယ်ဆိုရင် သူ့မှာ သတိရှိတယ်၊ ဉာဏ်ရှိတယ်၊ ချင့်ချိန်နိုင်တယ်၊ သူ့မှာ လွတ်လပ်မှုရှိနေတယ်။ အဲဒါကို ကိုယ်တိုင်ခံစားလို့တောင်ရတယ်နော်။ သတိရှိနေတဲ့သူ၊ ဉာဏ်ရှိနေတဲ့သူဟာ စိတ်ထဲမှာ လွတ်လပ်တယ်ဆိုတဲ့ခံစားမှု ရှိနေတယ်။ စိတ်ငြိမ်းချမ်းနေတဲ့သူဟာ ပိုပြီးတော့ ဉာဏ်ပညာကြီးတဲ့သူဖြစ်တယ်။ မငြိမ်းချမ်းတဲ့သူဟာ ကိလေသာလွှမ်းမိုးနေတဲ့အတွက်ကြောင့် အမှားများတယ်။ အမှားများတဲ့သူဟာ ပညာရှိလို့ မပြောနိုင်ဘူး။ သတိရှိနေလို့ ငြိမ်းချမ်းနေတဲ့သူဟာ စိတ်ရှည်တယ်။ စိတ်တိုမိရင်လည်း ခဏလေးပဲ။ စက္ကန့်ပိုင်းလေးနဲ့ပြေသွားတာပဲ။ စိတ်တိုတာကိုသိနေရင် သိပ်မကြာခင် စိတ်တိုတာပြေသွားတယ်။
အခြေအနေတွေက ကိုယ့်စိတ်ကို လွန်လွန်ကျွံကျွံကြီး နှောင့်ယှက်ခွင့်မပြုဘူး။
သတိရှိတဲ့သူ၊ ဉာဏ်ရှိတဲ့သူ၊ စိတ်မှာ ငြိမ်းချမ်းနေတဲ့သူဟာ မြင်ရ တွေ့ရ ကြားရတဲ့ အတွေ့အကြုံတွေက မိမိရဲ့စိတ်ကို လွန်လွန်ကဲကဲ အနှေင့်အယှက်ဖြစ်သွားအောင် ခွင့်မပြုဘူး။
( နဲနဲပါးပါးလောက်တော့ ဖြစ်မှာပါ။ ဒီလောက်ကတော့ ကိစ္စမရှိပါဘူး။) ကျန်တဲ့လူတွေက ခွင့်ပြုနေတယ်ဆိုတဲ့အဓိပ္ပါယ် ပါသွားပြီနော်။ ဒါကြောင့် သတိမရှိရင်၊ စိတ်မငြိမ်းချမ်းရင် ကိုယ်ကိုယ်တိုင်က မြင်သမျှ၊ကြားသမျှကိစ္စတွေ ကိုယ့်ကိုလာပြီးတော့အနှောင့်အယှက်ပေးနိုင်အောင် ခွင့်ပြုထားသလို ဖြစ်နေတယ်။ ဒါကြောင့် မောဟဖြစ်နေရင် ကိလေသာအားလုံးကို ဖြစ်ခွင့်ပြုထားတယ်။
သတိရှိနေရင် ဉာဏ်ရှိနေရင် သင့်မှာတည်ငြိမ်မှု၊အေးချမ်းမှုရှိနေရင် ကိလေသာကို ဖြစ်ခွင့်မပြုဘူး။ လွတ်သွားတဲ့အခိုက်မှာ ဝင်လာမယ်။ သိလိုက်တဲ့အချိန်မှာ သူ့ကိုဖယ်ပြီးသား ဖြစ်သွားတယ်။ အဲဒီတော့ ကိုယ့်မှာ စိတ်အနှောင့်အယှက် ဖြစ်သွားပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်သတိပေးပါ၊ ငါ ဖြစ်ခွင့် ပြုလိုက်ပြီ။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
အခွင့်အရေးနှင့်တာဝန်၊ သဘောထားမှန်ပါစေ
စာအုပ်မှကူးယူဖော်ပြပါသည်၊၊
စာမျက်နှာ-၄၅ မှ ၅၂

Sign up here with your email
ConversionConversion EmoticonEmoticon