လေတစ်ဖြူးဖြူးနဲ့ သာသာယာယာရှိတဲ့ မန္တလေး ကျုံးဘေးဟာ ညဘက် မိသားစု၊ သူငယ်ချင်း၊ မောင်နှမတွေ အပန်းဖြေ လမ်းလျှောက်ဖို့ မသင့်တော်တဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။ သင်မယုံလျှင် ညနေ မှောင်ရီပျိုးစ အချိန်ကစလို့ ည ညည့်မနက်ခင် (၇) နာရီ၊ (၈) နာရီဝန်းကျင် ကျုံးဘက်ကို လမ်းလျှောက်လို့ပဲ ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ ဖြစ်ဖြစ် တစ်ခေါက်လောက် ပတ်ကြည့်ပါ။
မန္တလေးရဲ့ အမှတ်အသား သမိုင်းဝင် နေရာဖြစ်တဲ့ ကျုံးဘေး တစ်လျှောက်မှာ မီးရောင် ထိန်ထိန်အောက်က ယမကာဝိုင်းတွေ၊ မီးရောင် မှိန်ပျပျအောက်က ချစ်ကြည်နူးနေကြတဲ့ အတွဲတွေ၊ ကျုံးဘေး နေရာတချို့မှာ စုစုရုံးရုံးရှိနေကြတဲ့ လိင်တူချစ်သူတွေနဲ့ ကိုယ်ခန္ဓာအရင်းပြု စီးပွားရှာနေသူ အချို့ရဲ့ ဈေးစကား ပြောဆိုနေတဲ့ မြင်ကွင်းတွေက သင်အေးအေးဆေးဆေး အပန်းဖြေ လမ်းလျှောက်မယ်ဆိုတဲ့ စိတ်ကိုညှိုးနွမ်း သွားစေမှာပါ။
ဒီလို မြင်ကွင်းတွေဟာ ကျုံးတောင်ဘက်နဲ့ ကျုံးအရှေ့ဘက်မှာ အများဆုံး တွေ့မြင်နေရတာပါ။ အရင်က မန္တလေး ကျုံးပတ်ပတ်လည်ဟာ အများပြည်သူ အေးအေးလူလူ လမ်းလျှောက်သွားလာ၊ မိသားစု၊ သူငယ်ချင်း တစ်စု အေးအေး ဆေးဆေး အပန်းဖြေရင်း စကားစမြည် ပြောကြတဲ့ နေရာလေး တစ်ခု ဖြစ်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းနှစ်နှစ်၊ သုံးနှစ် အတွင်းမှာ ကျုံးဘေး တစ်လျှောက်က ညပိုင်းမြင်ကွင်းတွေဟာ မန္တလေးမြို့ရဲ့ အမှတ်အသားဖြစ်တဲ့ ကျုံးအလှကို မြို့သူ မြို့သားအချို့ ကိုယ်တိုင်က ဖျက်ဆီး ပစ်နေသလို ဖြစ်နေတယ်လို့ ထောက်ပြ ဝေဖန်သူတွေ ရှိလာတယ်။
''မနေ့တစ်နေ့ကပဲ ဆိုင်ကယ်နဲ့ ဖြတ်ပြီး ကျုံးလမ်းဘက်ကို သွားတာ မိုးအရမ်းမချုပ်သေးဘူး သောက်စားနေကြတာတွေလည်း တွေ့တယ်။ ကျုံးက အရင်တုန်းက အေးအေးဆေးဆေး သွားလာကြတယ်။ မြို့ကျက်သရေဆောင် ဖြစ်တာကို ညှိုးနွမ်းတဲ့ ပုံရိပ်တွေ မဖြစ်စေချင်ဘူး။ ရိုးရိုးသားသား ၀ိုင်းဖွဲ့ပြီး စကားပြောတာ ကတော့ ပြဿနာမရှိဘူး။
အရက် ပုလင်းတွေထောင်ပြီး ရန်ကုန် ဗိုလ်တထောင် ကမ်းနားလို ဖြစ်လာတော့ တော်တော်လေး ကြည့်ရဆိုးတာပေါ့။ နေလယ်ခင်းတောင် ပြည့်တန်ဆာတွေရော မိန်းမလျှာတွေရော ဒီနှစ်ပိုင်း ပိုများလာသလိုပဲ။ မိသားစု အေးအေးလူလူ လမ်းလျှောက်ချင်ရင်တောင် စိတ်အနှောင့်အယှက် ဖြစ်ရတယ်'' လို့ ကျုံးအနီး (၆၆) လမ်း၊ (၃၁) လမ်းနဲ့ (၃၂) လမ်းကြားမှာ နေထိုင်သူ မန္တလေးမြို့ခံ မထိပ်တင်ငြိမ်းက ပြောတယ်။
ညပိုင်းတင်မဟုတ် မနက်အစောပိုင်းမှာလည်း ကျုံးဘေး တစ်လျှောက်က တွေ့မြင်ရတဲ့ မြင်ကွင်းတွေဟာလည်း ကျုံးအလှကို ဖျက်ဆီးပစ်သလို ဖြစ်နေပါတယ်။ တစ်ညလုံး သောက်စားထားသမျှ ယမကာ ပုလင်းခွံတွေနဲ့ စားကြွင်းစားကျန် အချို့ဟာ ကျုံးဘေးမှာ ပြန့်ကျဲနေတယ်။ ကျုံးဘေးမှာ အမှိုက်ပုံးတွေ စည်ပင်က ထားပေးပေမယ့်လည်း အမှိုက်တွေကို အမှိုက်ပုံးမှာ စွန့်ပစ်တဲ့ သူနည်းသလို အမှိုက်ပုံးတွေပါ မကြာခဏ ဖျက်ဆီးခံရတယ်။
ညဘက် ကျုံးဘေးမှာ ကြုံသလို စွန့်ခဲ့ကြတဲ့ အညစ်အကြေး တွေကလည်း မနက်စောစော လမ်းလျှောက်တဲ့ သူတွေအတွက် အနှောင့်အယှက် ဖြစ်စေတယ်။ ကျုံးတောင်ဘက် (၂၆) လမ်း၊ (၆၆) လမ်းကနေ လမ်း (၈၀) အတွင်း တစ်လျှောက်မှာ အမှိုက်တွေကို အများဆုံးရှင်းရပြီး တချို့ အမှိုက်တွေကို ကျုံးထဲပစ်ချတာ၊ ကျုံးထဲကို အပေါ့စွန့်တာ မျိုးတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေတယ်။
''သိမ်းဆည်းရတာ ပြဿနာတော့ မရှိပါဘူး။ ညပိုင်း သူတို့ လုပ်ထားတာ မနက်သိမ်းရတာပေါ့။ ဒါပေမဲ့ ညလမ်းလျှောက်တဲ့ သူတွေနဲ့ မနက် လမ်းလျှောက်တဲ့ သူတွေ အတွက်တော့ အနှောင့်အယှက် ဖြစ်တာပေါ့။ ပုလင်းကို ရိုက်ခွဲထားတာ လမ်းသွားတဲ့ သူတွေ အနှောင့်အယှက် ဖြစ်စေတယ်။ ကျုံးဘေးမှာ လာအနားယူ အပန်းဖြေတာ မဟုတ်ဘဲနဲ့ သောက်စား မူးယစ်တာကတော့ မကောင်းဘူး။
အဲဒါတွေ ခွင့်ပြုထားတာ ဆိုးတယ်။ သူတို့ကို ထိန်းဖို့ဆိုတာ ရဲတွေကထိန်းမှရမှာ၊ လက်နက်ကိုင် အဖွဲ့အစည်းက မထိန်းရင် မရဘူး။ မနက်ဆို (၅) နာရီခွဲ စရှင်းရတယ်'' လို့ စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမူး ဦးစိုးတင့်အောင်က ပြောတယ်။
မန္တလေးကျုံးဟာ မန္တလေးမြို့ရဲ့ အထိမ်းအမှတ် ပြယုဂ်တစ်ခု ဖြစ်သလို၊ နိုင်ငံတကာမှာလည်း မန္တလေး မြို့ဆိုတာနဲ့ နန်းတွင်းနဲ့ ကျုံးကို တွဲ မြင်တဲ့အထိ အသိအမှတ်ပြုတဲ့ နေရာတစ်ခုပါ။ အခုနောက်ပိုင်း ကျုံးဘေးမှာ မြင်တွေ့နေရတဲ့ ဒီမြင်ကွင်း၊ ဒီအပြုအမူတွေဟာ မန္တလေးမြို့ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်သလို၊ နိုင်ငံခြားသားတွေ လာလည်တဲ့အခါ မန္တလေးမြို့အတွက် အရှက်ရစေနိုင်တယ်။ မန္တလေးမြို့ ပုံရိပ်တစ်ခုဖြစ်တဲ့ ကျုံးဘေးမှာ ဒီလိုအပြုအမှုတွေဟာ မရှိသင့်ပါဘူး။
''မနက်ပိုင်း လမ်းလျှောက်ရင် အရက်ပုလင်းခွံတွေ တွေ့ရတယ်။ အမှိုက်ပုံးတွေဖျက်လို ဖျက်ဆီးလုပ်တာတွေ၊ တချို့လူတွေက နောက်ဖေး နောက်ဖီတွေ သွားထားခဲ့တာတွေ ဒါတွေက မြို့လူထုတင်မကဘူး။ ရဟန်း သံဃာတွေလည်း အဲဒီကနေ လမ်းလျှောက်ပြီး ဆွမ်းခံကြွတာ။ သက်ကြီး ရွယ်အိုတွေ ကျန်းမာရေး လုပ်ကြတာတွေ ရှိတယ်။ အဲဒါကြီးတွေကို မနက်စောစောစီးစီး စည်ပင်ဝန်ထမ်း ဆိုတာလည်း သူများပါထားတာ ဘယ်ကျုံးချင်မှာလဲ။
ကိုယ်ချင်း စာကြည့်ရင်လေ၊ သူတို့က အဲ့လိုမဖွယ်မရာ လုပ်သွားတော့ သနပ်ခါးလေးတွေ ဖီးလိမ်းပြီး အလုပ် လာဆင်းတဲ့ စည်ပင်ဝန်ထမ်းတွေ တကယ်တန်း ကိုယ်ချင်းစာဖို့ ကောင်းတယ်။ နိုင်ငံကြီးသား မပီသဘူး။ ညပိုင်းတွေမှာ အေးအေးလူလူ လမ်းလျှောက်ဖို့လည်း အဆင်မပြေဘူး။ လူငယ်အချို့ မူးယစ်ယမ်းကားတာတွေ ရှိတယ်။ အဲတော့ လုံခြုံရေး ၀န်ထမ်းတွေက မလုပ်ဘူးလား မေးစရာ ရှိတယ်။ လုံခြုံရေးကလည်း ကျုံးပတ်ပတ်လည်ကို ပိုက်စိတ်တိုက်ပြီး လုပ်ဖို့မလွယ်ဘူး။
လူအင်အား အကန့်အသတ် ရှိတယ်။ အေးအေးဆေးဆေး အနားယူ အပန်းဖြေစရာ နေရာ ဖြစ်ပေမယ့်လည်း အဲလိုမဖွယ်မရာတွေ ရှိနေတော့ မြို့လူထုက စိတ်ချလက်ချ အနားယူဖို့ အဆင်မပြေဘူး။ အရက်ဝိုင်းတွေ၊ ကြေးစားမယ်တွေ၊ မိန်းမလျှာတွေ ရှိနေတော့ တော်တော်တန်တန် လူတွေ လမ်းလျှောက်ဖို့ အဆင်မပြေဘူး'' လို့ မနက်တိုင်း ကျုံးဘေးမှာ လမ်းလျှောက်ဖြစ်တဲ့ မန္တလေးမြို့နဲ့ ပတ်သက်တဲ့ ဆောင်းပါးများ ရေးသားသူ စာရေးဆရာ ဦးသန်းနိုင်ဦးက ပြောပါတယ်။
မန္တလေးမြို့ရဲ့ အထင်ကရ နေရာမျိုးမှာ ဒီလိုမဖွယ်မရာ ကိစ္စတွေ မလုပ်အောင် တင်းတင်းကျပ်ကျပ် စည်းကမ်းထုတ်ပြီး တားမြစ်သင့်တယ်လို့ အကြံပြုကြတဲ့သူ ရှိသလို တချို့က စည်းကမ်းထုတ်ပြီး တားမြစ်တာထက် တစ်ဦးချင်းရဲ့ အမူအကျင့်တွေကိုသာ ပြုပြင် ပြောင်းလဲနိုင်ရင် ဒီလိုမျိုး အမူအကျင့်တွေ၊ မြင်ကွင်းတွေဟာ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုကြတယ်။
''အမှန်ကတော့ ယဉ်ကျေးမှု မဲ့လာတာ၊ ကိုယ်တိုင် စိတ်ဓာတ် ပြင်ရမှာ၊ အခုတောင် အာဏာရပါတီက အမှိုက်ကောက် ကမ်ပိန်း စလုပ်နေကြပြီ။ အပြောင်းအလဲကို လိုချင်ရင် အပြောင်းအလဲကို ဖော်ဆောင်တဲ့ သူတွေက လုပ်နေပြီဆိုရင် အပြောင်းအလဲ လိုချင်တဲ့ သူတွေက နောက်က လိုက်ဖို့ ကောင်းတယ်။ နိုင်ငံကြီးသား ပီသသင့်ပြီ'' လို့ ဦးသန်းနိုင်ဦးက ပြောတယ်။
နည်းပညာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုဝေလျှံက ''လူငယ် တစ်ယောက် အမြင်ပြောရရင် ပျော်ပါးတာတော့ တားဆီးပိတ်ပင်လို့လည်း မရဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် တစ်ယောက်ချင်းစီ စည်းကမ်းရှိမှပဲ ထိန်းသိမ်းလို့ရမှာ ပါ။ အရက်သေစာ သောက်စားတာ ကတော့ စည်းကမ်းရှိရှိ သောက်စားစေချင်တယ်။ အရက်ပုလင်းတွေကို ပစ်စလက်ခတ် မလွှင့်ဘူး။
အခုဆိုရင် မန္တလေးမြို့မှာ ချပေးထားတဲ့ အမှိုက်ပုံးလေးတွေ လမ်းတိုင်းလိုလို ရှိနေတယ်။ အဲဒီတော့ စနစ်တကျ စွန့်ပစ်သင့်တယ်။ ပျော်တာက ပျော်တာတစ်ပိုင်း ပြည်သူပိုင်ပစ္စည်း၊ မြို့တော် သာယာလှပဖို့ ချထားပေးတဲ့ ဟာကို မဖျက်ဆီးသင့်ဘူး။ အေးအေးဆေးဆေး နားနေရမယ့် နေရာ အရက်ဝိုင်းအစား မိသားစု ၀ိုင်းလေးတွေ၊ ကျုံးဘေးတစ်လျှောက် မီးအလှဆင်ထားတာတွေ ကြည့်မယ်၊ တစ်ယောက်ချင်းစီ ဆင်ခြင်နိုင်မှ သင့်တော်မယ်လို့ ထင်တယ်။ ညဘက် အဲလိုမလုပ်ရဘူးဆိုရင် ဒီမိုကရေစီ မဆန်တော့ဘူး။ လူငယ်တစ်ယောက်ချင်းစီရဲ့ အသိစိတ်ဓာတ်လေးတွေ ရှိမှသာ ဒီဥစ္စာပြင်လို့ရမှာ'' လို့ ပြောတယ်။
မန္တလေးကျုံးဟာ အရင်ကလို မိသားစုတစ်တွေ၊ သူငယ်ချင်းတစ်တွေ၊ အေးအေးချမ်းချမ်းနဲ့ လမ်းလျှောက် အပန်းဖြေလို့ရတဲ့ နေရာတစ်ခု ပြန်ဖြစ်လာဖို့ မန္တလေး မြို့သူမြို့သား အားလုံးပေါင်း အကောင်အထည် ဖော်သင့်တယ်လို့ မန္တလေးသူ မထိပ်တင်ငြိမ်းက ပြောပါတယ်။
မန္တလေး မြို့သူ မြို့သားတွေက ကျုံးပုံရိပ်ကို ကာကွယ်ဖို့ တစ်ခုခုတော့ လုပ်သင့်နေပါပြီ။ အဓိက လူငယ်တွေပဲ။ သူတို့တွေ မြို့ကို ချစ်တတ်လာအောင် အရင် လုပ်ပေးကြရပါမယ်…။
messenger news journal
Sign up here with your email
ConversionConversion EmoticonEmoticon