လေယာဉ်ပျက်ကျသည့် နေရာတွင် အမှတ်တရ Selfie ဓာတ်ပုံများ ရိုက်ခဲ့မှုအတွက် ဝေဖန်ခံနေရသည့် ဗြိတိန် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် ယခုအခါ ရာထူးမှ နုတ်ထွက်သွားပြီဟု သိရှိရသည်။
ဩဂုတ်လအတွင်းက လေကြောင်းပြပွဲ တစ်ခုတွင် Hawker Huter ဂျက်တိုက်လေယာဉ် တစ်စီးသည် လေယာဉ်ကွင်းအနီး စုရုံးကြည့်ရှုနေသူများ ရှိနေသော နေရာတွင် ပျက်ကျရာ လူ ၁၁ ဦး သေဆုံးခဲ့သည်။ ဆက်ဆက်စ် ရဲတပ်ဖွဲ့မှ အရာရှိ နှစ်ဦးသည် အဆိုပါ နေရာသို့ သွားရောက်ရင်း Selfie ဓာတ်ပုံများ ရိုက်ယူနေခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး၏ အပြုအမူကို ဗီဒီယို မှတ်တမ်းတွင် တွေ့မြင်ရသည့်နောက် သေဆုံးသူများ၏ မိသားစုများက အဆိုပါ လုပ်ရပ်သည် စော်ကားသည့် သဘော သက်ရောက်နေကြောင်း ဝေဖန်ခဲ့ကြသည်။ ဆက်ဆက်စ် ရဲတပ်ဖွဲ့က ၎င်းတို့ နှစ်ဦးကို ထုတ်ပယ်ရန် သင့်၊ မသင့် စဉ်းစားနေချိန်တွင် အောက်တိုဘာ ၆ ရက်၌ နှစ်ဦးစလုံး နုတ်ထွက်စာ တင်သွားခြင်း ဖြစ်သည်။
အသက် (၂၃) နှစ်နှင့် (၂၄) နှစ် အရွယ်စီ ရှိကြသော အရာရှိ နှစ်ဦးသည် ၎င်းတို့၏ လုပ်ရပ်အတွက် တာဝန်ယူကာ နုတ်ထွက်သွားပြီဟု ရဲတပ်ဖွဲ့က ကြေညာသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ၎င်းတို့ နှစ်ဦး၏ အပြုအမူသည် သေဆုံးသူများကို မလေးစားရာ ရောက်နေပြီး ယင်းကို လက်ခံ၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်ဆက်စ် ရဲတပ်ဖွဲ့ အကြီးအကဲ ဂီးလ်ယော့ခ်က “နှစ်ယောက်စလုံး အမှုထမ်းသက်က ၂ နှစ်တောင် မပြည့်ကြသေးပါဘူး။ ပြီးတော့ သူတို့ လုပ်ရပ်အတွက် နောင်တရနေကြတယ်။ သူတို့ရဲ့ အပြုအမူက ပြည်သူလူထုကို ထိခိုက်သွားစေတယ် ဆိုတာကိုလည်း သိကြပါတယ်။ ဒါပေမဲ့ အရေးကြီးတာက သေဆုံးသူတွေအပေါ် လေးစားမှု မရှိတဲ့ သဘောမျိုး သူတို့ လုပ်ခဲ့မိတယ်။ ရေရှည်မှာလည်း သူတို့ဟာ အမှုထမ်းကောင်းတွေ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော်တို့ ယူဆထားပါတယ်”ဟု ပြောကြားခဲ့သည်။
ဩဂုတ် ၂၂ ရက်က ဖြစ်ရပ်တွင် ဂျက်တိုက်လေယာဉ်သည် ရှောဟမ်း လေယာဉ်ကွင်းအနီးရှိ A27 လမ်းမပေါ် ပျက်ကျရာ ပေါက်ကွဲမှု အရှိန် ပြင်းထန်လွန်းသဖြင့် မီးလုံးကြီးပင် ထိုးတက်လာခဲ့သည်။ ခေတ်ဟောင်း တိုက်လေယာဉ်မှ လေယာဉ်မှူး အန်ဒီဟေးလ်မှာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ယခုအခါ ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon