နံနက်စောစော ထမင်းရည်သောက်ခြင်းဖြင့် ပိန်စေနိုင်


နံနက်စောစောစားသောက်သော အစာအဟာရသည် လူကိုခွန်အားဖြစ်စေပြီး ဝဖြိုးစေနိုင်သည်။ ငယ် စဉ်အခါတွင် ခွန်အားပြည့်ဖြိုးပြီး ထွားကျိုင်းစေရန်၊ မှတ်ဉာဏ်၊ ထိုးထွင်းဉာဏ်ရင့်သန်စေရန်အတွက် နံနက်စာကို သားငါး၊ အသီးအရွက် အစုံပါအောင်ကျွေးသင့်သည်။ အနောက်တိုင်း သုတေသီများ၏ နောက်ဆုံးတွေ့ရှိချက်အရ ကြက်ဥကိုပင် နေ့စဉ်တစ်လုံး၊ အနှစ်ပါစားသုံးခြင်းဖြင့် ကိုယ်ခံအားပို၍ ကောင်းပြီး ရောဂါကူးစက်မှုများကိုပင် ခံနိုင်ရည်ရှိစေနိုင်သည်ဟု ဆိုသည်။

သို့သော် အသက် (၄၀) ကျော်လာသောအခါ လိုအပ်သည်ထက်ပိုပြီး ဝဖြိုးလာသောအခါ သွေးစစ် ကြည့်၍ အဆီဓာတ်များလာသောအခါ ကျန်းမာရေးအတွက် နံနက်စာအဟာရကို လျှော့စားသင့်သည်။ ဖြစ်နိုင်လျှင် အဆီအသားတွဲနေသော အစာများကိုရှောင်သင့်သည်။ ထမင်းစားလျှင်လည်း ဆန်စေးကို ရှောင်ပြီး ဆန်ကြမ်းကိုစားလျှင် ဆီးချို၊ သွေးတိုးရောဂါဘေးမှ ကင်းဝေးနိုင်သည်။ ထမင်းကိုတစ်ဝကြီး မစားတော့ပဲ ပန်းကန်ပြားတစ်ချပ်၏ လေးပုံတစ်ပုံသာစားလျှင် အဝလွန်ခြင်းမှ ကာကွယ်နိုင်ပေသည်။

ကျန်းမာရေးကောင်းပြီး အသက်ရှည်ကြသော ရှေးမြန်မာများ၏ နံနက်စာအဟာရမှာ ထမင်းရည်ပင် ဖြစ်သည်။ ထမင်းချက်လျှင် မြေအိုးနှင့်ချက်ကြသည်။ ထမင်းရည်ငှဲ့ပြီးသောအခါ မြေစလောင်းဖုံးအချွန် အတွင်းသို့ မောက်တက်လာသော ထမင်းဦးပေါင်းကို ဘုရားဆွမ်းတော်တင်ကြသည်။ ယခုခေတ်လူ ငယ်များမှာ ထမင်းဦးပေါင်းကို မမြင်ဖူးကြတော့ပေ။ ဒန်အိုး၊ ထမင်းပေါင်းအိုးတို့ဖြင့် ချက်ကြသဖြင့် ဦး ပေါင်းကို မမြင်ဖူးကြခြင်းဖြစ်သည်။ ထမင်းဦးပေါင်းသည် အလွန်မွှေးသည်။ အချို့ကရဟန်းသံဃာများ လောင်းလှူသောအခါ ဆွမ်းနံ့မွှေးစေရန် ဆွမ်းမွှေးရွက်ပေါ် အရွက်တစ်မျိုးကို ထည့်ချက်လေ့ရှိသည်။ ထမင်းဦးပေါင်း၏ရနံ့မှာ မြေအိုးဖြင့်ချက်သောကြောင့် မြေသင်းရနံ့ရသည်ဟု ဆိုနိုင်သည်။ ထိုမြေသင်း နံ့သည် ပထဝီဓာတ်ဖြစ်သဖြင့် လူကိုကျန်းမာစေသည်ဟု ရှေးလူကြီးများက ဆိုကြသည်။

“ဦးပေါင်းကိုတဲ့ ဆွမ်းတော်တင် သံလွင်လွင်ကြေးစည်တီးတယ် . . . ထွန်းတဲ့ဆီမီး” ဟူသော ရှေးက ဖတ်စာအုပ်တွင်ပါသော ကဗျာထဲမှ ထမင်းဦးပေါင်းပျောက်သွားသည့်နည်းတူ ထမင်းရည်သောက် သည့် မြန်မာ့ဓလေ့မှာလည်း ပျောက်ကွယ်သွားချိန်တွင် ထမင်းရည်၏ အဆီကျပိန်စေနိုင်သော ကောင်းကျိုးတစ်ခုကို တင်ပြလိုပါသည်။

ရှေးမြန်မာကလေးများသည် အာဟာရအဖြစ် ထမင်းရည်ကို ဆားခတ်ပြီးသောက်ကြသည့် ဓလေ့ရှိ သည်။ လူကြီးများကလည်း ဆွမ်းချက်သောအခါ ဦးစွာပွက်လာသော ထမင်းရည်ကို သွန်ချပစ်ရမည့် အစား ငှဲ့ယူထားပြီးဆေးဖက်ဝင်အဖြစ် သောက်သုံးလေ့ရှိကြသည်ဟု ရှေးမြန်မာ့ဓလေ့များအကြောင်း ရေးသားချက်တွင် ဖတ်ရှူရဖူးသည်။

ထမင်းပေါင်းဦးရည် (ထမင်းရည်) သောက်သုံးခြင်းဖြင့် ဝသောသူကို ပိန်စေနိုင်သည်ဟု ရှေးနှစ်ပေါင်း (၁၀၀) ကျော်က “ဘေသဇ္ဇ မဉ္ဇူသာ” ဆေးကျမ်းကြီးတွင် ဖော်ပြပါရှိသည်။ မင်းတုန်းမင်း တရားကြီး လက်ထက်တော်က အိန္ဒိယမှယူလာသောဆေးကျမ်းကို ဟိန္ဒီစာတတ်သော ဘင်္ဂလားဆရာတော်ကြီး ကဘာသာပြန်ခဲ့သော ဆေးကျမ်းကြီးဖြစ်သည်။ တိုင်းရင်းဆေးသမားတော်များ လက်ဆွဲထားရသော ဆေးကျမ်းဖြစ်သည်။

ဤဆေးကျမ်းကြီးတွင် ဝသူကိုပိန်စေနိုင်သောအချက် (၂) ချက်ကို ဖော်ပြထားသည်။

(၁) နံနက်စောစော . . . မဓုယုတံ . . . ပျားရည်နှင့်ရောသောရေကို သေဝိတံ မှီဝဲသုံးဆောင်မူ၊ ထုလ္လနာသနံ အလွန်ဝခြင်းကို ဖျက်ဆီးတတ်၏။

(၂) မန္နဿထမင်း၏ ဥဏှံပူနွေးသော . . . မဏ္ဍံဝါရသာဦးရည်ကိုလည်း၊ ဝိပံ ပီဝန္တော သောက် သော သူသည် ကိသတနု ပိန်သောကိုယ်ရှိသည် . . . ဘဝေဖြစ်၏ဟု အတိအလင်းရေးသားဖော်ပြ ထားသည်ကို ဖတ်ရှုလေ့လာရပါသည်။ ယခုခေတ်တွင် ထမင်းပေါင်းအိုးများဖြင့် အလွယ်တကူခလုတ် နှိပ်ပြီးချက်နိုင်သောကြောင့် ထမင်းဦးပေါင်းရည်ရယူရန် အခက်အခဲရှိနိုင်ပါသည်။ အကယ်၍ရယူလို လျှင် ထမင်းပေါင်းအိုးဖြင့်ချက်ရာတွင် ရေအနည်းငယ် ပိုထည့်ချက်ပါ။ ထမင်းကျက်၍ မနှပ်မီအဖုံးဖွင့် ၍ ဇွန်းဖြင့် လက်ဖက်ရည်ပန်းကန်နှစ်လုံးစာမျှ ထမင်းရည်ကို ခပ်ယူပါ။ နေ့စဉ်ရက်ဆက်၊ နံနက်စော စော တစ်လခွဲခန့် သောက်သုံးကြည့်ပါက အမှန်ပင်ဝမ်းဗိုက်ချပ်ပြီး ပိန်စေနိုင်ကြောင်း လက်တွေ့ကျင့် သုံးဖူးသူများမှ ပြောပြပါသည်။ အဆီကျပိန်စေနိုင်သော လွယ်ကူသည့်နည်းလမ်းဖြစ်သဖြင့် စမ်း သောက်ကြည့်ကြစေလိုသည်။

ငယ်စဉ်ကသင်ကြားရသော မြန်မာရာဇဝင်တွင် သာလွန်မင်းတရားသည် ဆင်စီးပြီး တိုင်းခန်းလှည့် လည်လာစဉ် ဆင်းရဲသားများနေထိုင်ရာ ဇနပုဒ်ရွာတွင် သူဆင်းရဲမတစ်ဦးသည် အပေါ်ဝတ်မပါ ထဘီ ရင်လျားဖြင့် မြေအိုးဖြင့်ချက်သော ထမင်းရည်ကို လမ်းပေါ်သို့ငှဲ့ချနေသည်နှင့် တိုးတော့သည်။ သာ လွန်မင်းကြီးသည် ထိုဆင်းရဲသူမကို ခေါ်ယူပြီးလျှင် “ဟယ် . . . သူမိုက်မ၊ သင်သည်အဖိုးတန်သော ထမင်းရည်ကို အဘယ်အတွက်ကြောင့် လမ်းပေါ်သို့ အချည်းအနှီးသွန်ငှဲ့ပစ်လေသနည်း။ အမှန်မူ ဤ ထမင်းရည်အာဟာရကို သင်၏ကလေးငယ်များ အဆာပြေအဖြစ် တိုက်ကျွေး၍ရသည်။ အိမ်တွင်မွေး ထားသော ခွေးသော်လည်း တိုက်ကျွေး၍ရနိုင်သည်။ နောင်တွင် ဤသို့ပြမူသူများကို ပြစ်ဒဏ်ခတ် မည်” ဟု ဆုံးမတော်မူခဲ့သည်ဟု ဖတ်ရှုရဖူးပါသည်။

ထမင်းချက်ရာတွင် ရှေးအခါက မြေထမင်းအိုးဖြင့် အရည်ငှဲ့ချက်လေ့ရှိသည်။ မြေစလောင်းဖုံးထပ်ချွန် တွင် နူးနပ်နေသောထမင်းကို ဦးပေါင်းဟုခေါ်သည်။ မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသ ဖြင့် ထိုထမင်းဦးပေါင်းကို ဆွမ်းတော်တင်လေ့ရှိကြသည်။ မြေအိုးမှ သံ၊ သတ္တု၊ ဒန်အိုးများ ခေတ် ပြောင်းသွားသောအခါ ဦးပေါင်းဟူ၍မရှိတော့။ ယခုခေတ်အခါတွင် လျှပ်စစ်ဖြင့် ခလုပ်နှိပ်ပြီးချက်သော ထမင်းအိုးများသာ မြို့ကြီးများတွင် အသုံးပြုကြသဖြင့် ထမင်းရည်ငှဲ့ချက်သော ဓလေ့မှာပျောက်ကွယ် သလောက်ဖြစ်သွားခဲ့လေပြီ။

ရှေးက ထမင်းချက်ရာမှ ငှဲ့၍ရသောထမင်းရည်ကို ဆားခပ်ပြီး ကလေးသူငယ်များကို အာဟာရအဖြစ် အဆာပြေတိုက်ကျွေးရုံသာမက လူကြီးများအစာကြေစေရန်နှင့် လေပူကျစေရန် တိုက်ကျွေးကြသည်။ လေပူကြောင့် ပါးစောင်၊ ခံတွင်းနှင့်လျှာများတွင် အနာများ၊ အပူကန်ဖုများထွက်လျှင် ထမင်းရည်ပူပူကို ဆားခတ်ပြီးတိုက်ပါက ပျောက်ကင်းနိုင်သည်။ ခြေထောက်ရေစိုသော မိုးတွင်းကာလတွင် အထက်သို့ အပူကန်သောအနာသည် ပို၍ဖြစ်လေ့ရှိသည်။

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ပြုစုသော ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြထားသည်မှာ ထမင်းရည်သည် အစာကိုများစွာစားနိုင်စေ၏။ ဆီးကိုရွှင်စေတတ်၏။ သွေးကိုပွားစေတတ်၏။ အဖျား ကိုနိုင်၏။ သလိပ်သည်းခြေကိုနိုင်၏။ အသက်ကို ရှည်စေတတ်၏။ ဤသို့ ဂုဏ်ရှစ်ပါးရှိ၏။ ထိုထမင်း ရည်တွင် သင်္ဘောချင်းမှုန့်နှင့် သိန္ဓောခတ်၍သောက်လျှင် ဝမ်းမီးတောက်စေ၏။ အစာကိုကြေစေတတ် ၏။

တစ်နည်း . . . ထမင်းရည်သည် ဝမ်းချုပ်၏။ ကြေလွယ်၏။ အေး၏။ ဝမ်းမီးကို တောက်စေတတ်၏။ ရသအစရှိသော ဓာတ်ခုနှစ်ပါးတို့ကို ညီညွတ်စေတတ်၏။ အဖျားကိုနိုင်၏။ သောက်လျှင် ဝလွယ်၏။ အားကိုဖြစ်စေတတ်၏။ ထမင်းရည်တွင် ပိတ်ချင်းမှုန့်၊ သင်္ဘောချင်းခြောက်မှုန့်ခပ်သောက်လျှင် လေကို လည်စေတတ်၏။ အစာကိုကြေစေ၏ဟု ထပ်မံဖွင့်ဆိုထားသည်ကို တွေ့ရပြန်သည်။

စာမေးပွဲဖြေချိန်ရောက်တိုင်း လျှာနှင့်ပါးစပ်တွင် အနီစက်ကဲ့သို့ အနာများထွက်လေ့ရှိသော သမီးငယ် တစ်ဦးကိုထမင်းနှင့် ဟင်းအပူအစပ်များ မကျွေးဘဲနံနက်စောစော ထမင်းချက်၍ ထမင်းရည်ငှဲ့ပြီး တိုက် ကျွေးသောအခါ အနာများသက်သာလာသည်ကို တွေ့ရပါသည်။

ထမင်းရည်သည် ဆန်ပြုနှင့်မတူ၊ အအေးခံထားလျှင် အချဉ်ပေါက်လွယ်သဖြင့် ငှဲ့ပြီးပူတုန်းအချိန်တွင် တိုက်ကျွေးရန်သင့်သည်။ ဆားအသင့်အတင့်ခတ်ပြီးမှတိုက်လျှင် အရသာရှိပြီး လေကြေစေသည်။ လေကိုအောက်သို့ သက်စေနိုင်သည်။ အေးမှတိုက်ကျွေးလျှင် လေချဉ်ကိုအထက်သို့ ပြန်တက်စေနိုင် သည်ကို သတိပြုဖို့လိုသည်။

အနောက်တိုင်းအာဟာရ သုတေသီများက ထမင်းရည်ငှဲ့ချက်လျှင် အာဟာရဓာတ်များ ဗီတာမင် ဘီ (၂) ကဲ့သို့ဓာတ်များပါသွားပြီး ဆုံးရှုံးနိုင်သည်ဟုဆိုသော်လည်း နောက်ပိုင်းဆီးချိုနှင့်ပတ်သက်သော သုတေသနပြုမှုများက ထမင်းရည်ငှဲ့ချက်သော ထမင်းကိုစားသူထက် ထမင်းရည်ခန်းချက်စားသူက ပို၍ဆီးချိုရောဂါဖြစ်စေနိုင်သည်ဟု ဆိုသည်။ ထမင်းရည်ငှဲ့ချက်ခြင်းဖြင့် ဆီးချို သွေးချိုရောဂါကာကွယ် မှုကို အထောက်အကူဖြစ်နိုင်ပေသည်။ ။

ကြေးမုံသတင်းစာ
Previous
Next Post »
Powered by Blogger.