ကိုယ့်နောက်ကျောဘက်မှာ တစ်ယောက်ယောက် ရယ်နေပြီဆိုရင် ဒါ ရယ်စရာပြောနေလို့ပေါ့။ ဂျိုဒီ ကတော့ တကယ်ဘာမှမကြားရပါ ဘူး။ တိုးတိုးတိတ်တိတ်ပြောနေကြတာ နေမှာပေါ့။ ဒါပေမယ့် သူ နောက်ကို လှည့်ကြည့်တော့ နောက်တန်း က ကောင်မလေးတွေ သူ့ကိုကြည့်ပြီး ပြုံးစိစိ လုပ်နေကြတယ်။ ဆရာ့ဘက်ကို သူ မျက်နှာပြန်လှည့်လိုက်တယ်။ ဆရာ ဆွာလက်စ် က လူတွေ တစ်နေကုန် ဘာတွေလုပ်တယ်ဆိုတဲ့ အကြောင်း ပြောပြနေတယ်။ သူ့တပည့်တွေ အရွယ်ရောက်လာရင် ဘာဖြစ်ချင်ကြသလဲဆိုတာကိုလည်း ဆရာ ကသိချင်တယ်။ ဘီလီမစ်ဇာ ကို အရင်ဆုံးမေးတယ်။
` အဖေက ဘဏ်မှာလုပ်တယ်။ ကျနော်လည်း ဘဏ်မှာလုပ်ချင်တယ်။ အဲဒီမှာ ပိုက်ဆံတွေအများကြီးပဲ။ ´ ဘီလီမစ်ဇာ က ဖြေတယ်။
အမ်မီ့ အလှည့်ရောက်တော့။ `သမီးတို့အိမ်က ကုန်စုံဆိုင် ဖွင့်ထားတယ်။ ပါပါး က ကောင်တာထိုင်ပြီး မာမား က ငွေသိမ်းတယ်။ သမီးကတော့ လေယာဉ်မှူးဖြစ်ချင်တယ်။´
ဆရာက ဒီလိုမေးခွန်းတွေမေးတဲ့အခါ ဂျိုဒီ သဘောကျတယ်။ ဆရာဆွာလက်စ် က ဂျိုဒီ့နာမည်ကို ခေါ်မယ်လုပ်နေတုန်း နောက်တန်း က ကောင်မလေးတွေ အုံးကနဲ ရယ်လိုက်ကြတယ်။
ရှာလီဒိန်းစ် က အကျယ်ကြီးထအော်တယ်။ ` ဂျိုဒီ့ အဖေ က အမှိုက်သိမ်းသမားပါရှင့်။ နံတယ် နံတယ် ။´
တစ်တန်းလုံး ရယ်သံတွေညံလို့။ ဂျိုဒီ က လွဲလို့ပေါ့။ ဂျိုဒီ့မျက်နှာရဲကနဲဖြစ်သွားတယ်။ တစ်တန်းလုံးကို ဝေ့ကြည့်လိုက်တော့ လူတိုင်းက ရယ်နေကြတယ်။ တချို့ဆို နှာခေါင်းလေးတွေပိတ်လို့။
ဂျိုဒီ ဆရာဆွာလက်စ် ကိုလှမ်းကြည့်တယ်။ ဆရာ ဒေါသထွက်နေတယ်။ အရင်ကဆို အသံအကျယ်ကြီးထွက်လေ့မရှိတဲ့ဆရာက အသံ ကျယ်ကျယ်နဲ့အော်လိုက်တယ်။
`တိတ်စမ်း။ အားလုံးတိတ်´
ရယ်သံတွေ ရုတ်ချည်းရပ်သွားတယ်။ လမ်းမဘက်က ကားသံတွေ၊ လူသံတွေ ပြတင်းပေါက်ကနေ၀င်လာတယ်။
`မင်းတို့ ကိုယ့်ကိုယ်ကိုရှက်ကြစမ်းပါ။ အမှိုက်သိမ်းသမား… အဲ.. သန့်ရှင်းရေးအင်ဂျင်နီယာတစ်ယောက်ရဲ့အလုပ်ဆိုတာ ခက်လည်းခက်၊ အသုံးလည်းတည့်တဲ့အလုပ်တစ်ခုကွ။ တို့အားလုံးက မစ္စတာ ဟဲရစ္စ ကို ကျေးဇူးတောင်တင်ရဦးမှာ။ သူမရှိရင် တို့ဘယ်နေရာသွားနေရ မလဲ။ အမှိုက်ပုံ ခေါင်းအုံးအိပ်နေရမှာပေါ့။ ဒါမျိုး ဘယ်သူကြိုက်မှာလဲ။
` နံတယ် နံတယ် ´ တစ်ယောက်ကထပြောတော့ ကလေးတချို့တလေဆီက ရယ်သံပြန်ထွက်လာတယ်။
` ဒါရယ်စရာမဟုတ်ဘူး။ အမှိုက်ပုံဆိုတာ အရမ်းအရေးကြီးတယ်။ မင်းတို့ ဂျိုဒီကို ပြန်တောင်းပန်သင့်တယ်။ ပြီးရင် မင်းတို့အားလုံး ဂျိုဒီ့ အဖေဆီ စာရေးရမယ်။ တို့အားလုံးအတွက် သူလုပ်ပေးတဲ့အလုပ်တွေကို ဘယ်လောက်လေးစားတယ်ဆိုတဲ့အကြောင်း ပေးစာတစ်ပုဒ် ရေးရမယ်။ တစ်နည်းပြောရရင် တို့မြို့သာယာသန့်ရှင်းရေး အကြောင်းပေါ့။ ´
၂။
ညည်းတွားသံတွေဆူညံသွားတယ်။ `ဆောရီးပါ ဂျိုဒီ ´ လို့ အားလုံးသံပြိုင်ပြောကြတယ်။ ဒါပေမယ့် သူတို့တကယ် စိတ်ထဲရှိလို့ပြောကြ တာလား ဂျိုဒီ တပ်အပ်မပြောနိုင်ပါ။ သူ့ဖေဖေဆီ ဘယ်သူမှ စာမရေးချင်ကြမှန်းတော့ သူသိနေတယ်။ ဆရာ ဒီလိုမလုပ်ခိုင်းရင်ကောင်း မှာပဲလို့လဲ သူတွေးနေမိတယ်။ သူ့မျက်နှာတွေ နီရဲလာပြီး ငိုချင်သလိုတောင်ဖြစ်လာတယ်။ ဆရာဆွာလက်စ် သူ့စားပွဲဆီလျှောက်လာ တယ်။ သူ့ပုခုံးကို ပုတ်လိုက်တယ်။
`လာ ဆရာတို့ ဟောခန်းထဲ သွားရအောင်။ သူတို့ စာရေးနေတုန်း သမီးနဲ့ အေးအေးဆေးဆေးစကားပြောကြမယ်လေ´
ဟောခန်းထဲရောက်တော့ ဂျိုဒီ ငိုချလိုက်တယ်။ ဘယ်သူ့ရှေ့မှာမှ မငိုချင်ပေမယ့် သူ ဘယ်လိုမှ အောင့်မထားနိုင်တော့။ ဆရာကအရပ် ကရှည်တော့ ဒူးထောက်ထိုင်လိုက်ပြီး ဂျိုဒီနှပ်ညှစ်ဖို့ သူ့လက်ကိုင်ပုဝါကို ကမ်းပေးတယ်။ `ဒီအတွက် ဆရာစိတ်မကောင်းပါဘူး။ ဒါပေမယ့် မှတ်ထားသမီး။ အလုပ်ကြိုးစားတာ ဂုဏ်ယူစရာပဲ။ အမှိုက် – အဲ သန့်ရှင်းရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တာ ဘာမှရှက်စရာမရှိဘူး။ ´
ကျောင်းကပြန်လာတဲ့ ဂျိုဒီ့ဆီ သူ့ဖေဖေ ခါတိုင်းလိုပဲလာကြိုတယ်။ သူကတော့ အမြဲတမ်းလုပ်နေကျ သူ့ဖေဖေဆီ ပြေးသွားတာမျိုး မလုပ် ဘူး။ သူတို့ နေတဲ့တိုက်ခန်းအပေါ်ထပ်ကိုရောက်တော့ ဂျိုဒီ သူ့အခန်းလေးထဲတန်းဝင်လိုက်တယ်။ အိမ်စာမလုပ်ခင် အချိန် အတော်ကြာအောင် ငိုပစ်လိုက်တယ်။ သူ့ဖေဖေကတော့ ကြားမှာသေချာတယ်။
ဖေဖေ သူ့အခန်းထဲကိုဝင်လာပြီး ` သမီး ဂျိုဒီ ဘာဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် ၀မ်းနည်းနေရတာလဲ။ ဖေဖေ့ကိုပြောစမ်း ´
အစကတော့ ဂျိုဒီ ဘာမှ ပြောချင်စိတ်မရှိပါ။ သူ ရှက်တယ်။ သူ့ဖေဖေ ထိခိုက်ခံစားရမှာကိုလည်း သူမလိုချင်။ ဖေဖေက ကုတင်ပေါ် ထိုင်ချလိုက်ပြီး သူ့ပုခုံးကို ဆုပ်ကိုင်လိုက်တယ်။ `အေးပါ သမီးလေးရယ်။ သမီး ပြောချင်တာမှန်သမျှ ဖေ့ဖေ့ကို ပြောလို့ရတယ် ဆိုတာ သမီး သိပါတယ်။ ဒါပေမယ့် သမီးရဲ့ လျှို့ဝှက်ချက်တွေဆိုရင်တော့ သမီးမပြောချင်ရင်လည်း ရပါတယ်။ အခုက လျှို့ဝှက်ချက် တစ်ခု များလား သမီး´
` လျှို့ဝှက်ချက်မဟုတ်ပါဘူး ဖေဖေ။ ဖေဖေက အမှိုက်သိမ်းသမား ဖြစ်လို့တဲ့ တခြားကလေးတွေ သမီးကို လှောင်ကြတယ်။ ဖေဖေ့ အလုပ်က ညစ်ပတ်နံစော်နေတာပဲလို့လည်း သူတို့က ပြောကြတယ်။ သမီးကိုလည်း နံစော်နေတာပဲ တဲ့´
ဂျိုဒီ သူ့ဖေဖေကို စိုက်ကြည့်လိုက်တယ်။ ဖေဖေ့ကြည့်ရတာ ဒေါသဖြစ်ပုံလည်းမရ၊ စိတ်ထိခိုက်ပြီး ၀မ်းနည်းနေပုံလည်းမရ။ သူ့ရဲ့ ဖျံနှုတ်ခမ်းမွှေးကြီးတွေအောက်ကနေ သွားဖြူဖြူတွေ ပေါ်အောင်ပြုံးလိုက်တယ်။ ` ဟုတ်ပါပြီ။ ဖေဖေ့အထင်တော့ အမှိုက်သိမ်းသမား တစ်ယောက် ဖြစ်ရတာ ဘယ်လောက်ပျော်စရာကောင်းမှန်း ကလေးတွေမသိကြဘူး တူပါရဲ့´
၃။
အစပြန်ဖော်မိတော့ ဂျိုဒီလည်း နောက်တစ်ခါငိုမိပါရော။ ဖေဖေကသူ့ကို ခပ်တင်းတင်းဖက်လိုက်ပြီး ` စိတ်ထဲရှိတဲ့အတိုင်း ပြောစမ်းသမီး။ ဖေဖေ့ကိုယ်က နံ သလား´
ဂျိုဒီက အနံ့ခံလိုက်တယ်။ ` မွှေးပါတယ် ဖေဖေရဲ့။ အ၀တ်လျှော်ဆပ်ပြာနံ့လိုပဲ ´
`လုပ်စမ်းပါ ဂျိုဒီလေးရဲ့။ သမီးဒယ်ဒီ အမှိုက်သိမ်းသမားအဘိုးကြီးက နံစော်နေတာပဲ လို့ သမီးပြောလို့ရပါတယ်။´
ဂျိုဒီလည်း ပြုံးလိုက်တယ်။ ` သမီးလည်း ပြောတာပဲလေ။ ဖေဖေကမွှေးတယ်။ အမြဲတမ်းမွှေးတယ်´
`သမီးကျောင်းကသူငယ်ချင်းတွေလည်း မှန်ပါတယ်။ အမှိုက်သိမ်းတဲ့အလုပ်က ညစ်ပတ်တဲ့အလုပ်တစ်ခုပဲလေ။ အမှိုက်ဆိုတာ အညစ် အကြေးတွေပဲ။ ဖေဖေနေ့တိုင်းမြင်တွေ့နေရတာတွေက သမီးခေါင်းမူးနောက်သွားလောက်အောင် ရွံစရာကောင်းတယ်။
လူတွေလည်း ဒီအတိုင်းပဲ ညစ်ပတ်နံစော်နေတာပဲ။ ဒါပေမယ့် ဖေဖေ နဲ့ အလုပ်အတူလုပ်တဲ့သူတွေက ဒီညစ်ပတ်နံစော်နေတဲ့အမှိုက်တွေကို ကိုင်ပြီး အမှိုက်ကားထဲ ပစ်ထည့်ကြရတယ်။ ပြီးလည်းပြီးရော သန့်ရှင်းတောက်ပြောင်သွားတော့ ဖေဖေတို့ သဘောကျကြတယ်လေ။ ဖေဖေ က အိမ်ပြန်ရောက်တာနဲ့ ရေအကြာကြီးချိုးလိုက်ရင် မွေးကာစကလိုပဲ သန့်ရှင်းသွားရော။ ဖေဖေကတော့ ကိုယ့်အလုပ်ကိုယ် သဘောကျ တယ်။ နောက်ပြီး ဖေဖေ့လိုလုပ်တဲ့သူတွေကိုလည်း သဘောကျတာပဲ´
ဂျိုဒီ့မေမေက ညစာ အသင့်ဖြစ်နေပြီလို့ လှမ်းအော်တယ်။
ဂျိုဒီ့မေမေက ညစာ အသင့်ဖြစ်နေပြီလို့ လှမ်းအော်တယ်။
`မနက်ဖြန် စနေနေ့နော်။ သမီး သိတဲ့အတိုင်းပဲ စနေနေ့တွေဆို တစ်ခါတလေ ဖေဖေအလုပ်ဆင်းရတယ်။ ဒီည စောစောအိပ်ရာဝင် နော် သမီး။ မနက်ဖြန်မနက်ကျရင် သမီး ဖေဖေနဲ့အတူ အလုပ်သွားရမယ်။ သမီးဖေဖေ အမှိုက်သိမ်းသမားကြီး ဘာတွေလုပ်ရတယ်ဆိုတာ သမီးကို ပြချင်တယ်။´
ဂျိုဒီ စိတ်နှစ်ခွဖြစ်နေရင်းနဲ့ အိပ်ပျော်သွားတယ်။ သူ့ဖေဖေနဲ့အတူ အလုပ်သွားရမယ်ဆိုလို့ သူ စိတ်တွေလှုပ်ရှားနေတယ်။ ဒါပေမယ့် ရွံစရာ၊ နံနံစော်စော်အမှိုက်တွေကို သူတကယ်ပဲ ထိတွေ့ချင်ရဲ့လား သူကိုယ်တိုင် ဇဝေဇ၀ါ။
သူသိတာတစ်ခုက ဖေဖေ ပြတင်းပေါက်တွေဖွင့်ခဲ့တယ်။ မနက်ခင်းလေပြေလေညှင်း သူ့အခန်းထဲဝင်လာအောင်လို့တဲ့။ အပြင်မှာ မှောင်နေတုန်းပဲ။ ဖေဖေက သူ့ကို အိပ်ရာထဲကချီထုတ်လာပြီး တိုးတိုးပြောတယ်။ ` ကြည့်လိုက်စမ်း သမီးလေး။ လူတော်တော်များများ ဒါမျိုးမမြင်ဖူးကြဘူး။´
ဟိုးအဝေးကအမှောင်ထဲမှာ ပန်းနုရောင်အနားကွပ်ထားတဲ့ တိမ်တွေကို ဂျိုဒီ မြင်ရတယ်။ မြို့ပြရဲ့ အလင်းရောင်တွေ မှိန်နေပြီ။ မြစ်ရဲ့ ဟိုဘက် အနားသတ်ထားတဲ့ မိုးကုတ်စက်ဝိုင်းကြီးက အပြာ နဲ့ အစိမ်းရောင်တွေ တောက်လို့။ ဂျိုဒီ ဂျင်းဘောင်းဘီ နဲ့ ဆွယ်တာ အင်္ကျီကို ကောက်ဝတ်လိုက်တယ်။ အပြင်သွားဖို့ အသင့်ဖြစ်နေပြီ။
၎။
` ဖေဖေတို့ လမ်းမှာပဲ မနက်စာ စားကြမယ် ´ လို့ ဖေဖေက ပြောတယ်။
အမှိုက်သိမ်းကားတွေထားတဲ့ဝင်း က အဝေးကြီးတော့မဟုတ်ပါဘူး။ ဒီနေရာမှာ အနံ့အသက်က သိပ်မကောင်းလှဘူး။ ဂျိုဒီ နှာခေါင်း ရှုံ့တွသွားတယ်။
`ဘာမှမပူနဲ့၊ သမီး နေသားကျသွားမှာပါ။ နောက်ငါးမိနစ်လောက်ဆို သမီး နံတော့မှာမဟုတ်ဘူး။ သမီးနှာခေါင်းက ဘယ်လိုအချိန်မှာ သူ့အလိုလိုပိတ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်´
ဒီလောက်အစောကြီးရှိသေးတာတောင် ၀င်းထဲမှာ ယောက်ျားတွေရော၊ မိန်းမတွေပါ အလုပ်လုပ်နေကြပြီ။ လူတိုင်း ညာသံပေးအော် နေကြတယ်။ ထရပ်ကားစက်သံတွေကလည်း ကျယ်လိုက်တာ။ ဒါပေမယ့် သူတို့ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်ပဲ။
အမှိုက်သိမ်းသမား အမျိုးသား ရော၊ အမျိုးသမီးဝန်ထမ်းတွေပါ ဂျိုဒီ့ ကို ဟယ်လို လို့ နှုတ်ဆက်သွားကြတယ်။ ဖေဖေ့ကိုလည်း သဘောကောင်းတဲ့လူကြီးလို့ ပြောကြတယ်။
ဘစ်အဲလ် က ဂျိုဒီ့ဖေဖေရဲ့ တွဲဘက်ပါ။ သူက အမှိုက်သိမ်းထရပ်ကားမောင်းတယ်။ ဘစ်အဲလ်က နာမည်အတိုင်းပဲ အကောင်ခပ်ကြီးကြီး။ သူ့ပါးစပ်ထဲမှာ မီးမညှိထားတဲ့ ဆေးပြင်းလိပ်တစ်လိပ် ခဲထားတယ်။ စကားလည်း အများကြီး မပြောဘူး။
ဖေဖေ က ဂျိုဒီ့ကို လက်အိတ်အထူကြီးတစ်စုံ ကမ်းပေးတယ်။
`ဒီနေ့ ဖေဖေတို့ နောက်မှာတွယ်စီးကြမယ်နော် ဂျိုဒီ။ မြဲမြဲကိုင်ထားဖို့တော့ မမေ့နဲ့။ ဘစ်အဲလ် က ဖြေးဖြေးမောင်းမှာပါ။ ဒါပေမယ့် သူ ကားမရပ် ခင်တော့ သမီး တန်းကိုမြဲမြဲကိုင်ထားရမယ်။ သမီးကြောက်ရင် ဖေဖေ့ကိုပြောနော်။ ဖေဖေ၀င်မောင်းမယ်၊ သမီးရှေ့ခန်းမှာ လာထိုင်လို့ ရတာပေါ့။´
`သမီး မကြောက်ပါဘူး ဖေဖေ´ ။ ပြောမယ့်သာပြောရတယ်၊ ဂျိုဒီ နည်းနည်းတော့ ကြောက်တယ်။
ဂျိုဒီ တန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ်။ တအားသတိထားကိုင်ထားရတော့ အမှိုက်ကား နောက်ဘက်က လိမ္မော်ဖတ်၊ သံပုရာခွံ၊ ငှက်ပျောခွံ၊ ကော်ဖီမှုန်တွေ ရဲ့ ချဉ်စုတ်စုတ်၊ ပုပ်အဲ့အဲ့ အနံတွေကို သူ သတိမထားမိသလောက် ဖြစ်သွားတယ်။ သူတို့ လမ်းဘလောက် ၂၀နီးပါးလောက် မောင်းသွားပြီးမှ ပထမဆုံးအကြိမ် ကားရပ်လိုက်တယ်။ ဂျိုဒီ က ဖြတ်သွားတဲ့ ကားတွေ၊ လူတွေ၊ သစ်ပင်တွေကို စေ့စေ့ငုငုလိုက်ကြည့်တယ်။ အိမ်တွေ၊ တိုက်တွေကိုလည်း ကြည့်တယ်။ မနက်စောစော ကောင်းကင်ပြာကြီးကိုလည်း ငေးကြည့်တယ်။
ဘစ်အဲလ် က ကားကိုရပ်တယ်။ ဂျိုဒီ နဲ့ သူ့ဖေဖေ တို့ ကားပေါ်ကခုန်ဆင်းကြတယ်။ လမ်းထောင့်မှာ ပလပ်စတစ်အမှိုက်အိတ်ပုံကြီး ဟီးလို့။ အနံ့အသက်တွေကလည်း လှိုင်လို့။ သတ္တုအမှိုက်ပုံးကြီးတွေလည်း အဖုံးတွေ ဟလို့။
` ဖေဖေက အိတ်ကြီးတွေသယ်မယ်၊ သမီးက ပလပ်စတစ်အိတ်အသေးလေးတွေသယ်၊ ပြီးရင် ကားထဲကို သမီးအားရှိသလောက်လွှဲပြီး ပစ်ထည့်လိုက်။ တကယ့်ကိုအားနဲ့ ပစ်ထည့်နော်´
၅။
ဂျိုဒီ့ဖေဖေက သန်တယ်။ ပေါင် ၅၀၀ လောက်ရှိပုံရတဲ့ အမှိုက်အိတ်တွေကို ပွေ့ပြီး ကားထဲကို အသာလေးပစ်ထည့်လိုက်တယ်။ အမှိုက်ပုံးတွေကိုလည်း မ တယ်။ လှုပ်တယ်။ အထဲမှာ ဘာမှမကျန်အောင် ကားနောက်ခန်းမှာ ခါချပစ်တယ်။ ပုလင်းကွဲသံတွေ၊ သံပုံး သံခွက်သံတွေ သူကြားရတယ်။ အမှိုက်ကားကြီး က အမှိုက်တွေ ယူပြီး ၀ါးစားပစ်လိုက်တာ၊ သိပ်မကြာခင်မှာပဲ ဘာအမှိုက်မှ မကျန် တော့ဘူး။ ဂျိုဒီ က အမှိုက်ပုံးတွေ သူ့နေရာသူ ပြန်ထားဖို့ ကူညီပေးတယ်။ ပြီးတာနဲ့ သူနဲ့ သူ့ဖေဖေတို့ ကားအနောက်က သံလက်ရန်းတွေ ကို တွယ်လိုက်ကြတယ်။ သူတို့ ခရီးပြန်ဆက်ကြပြီ။
ဘစ်အဲလ် က ကတိပေးထားတဲ့အတိုင်း ကားကိုဖြေးဖြေးလေးမောင်းတယ်။ ဒါပေမယ့် ဂျိုဒီ နဲ့ သူ့ဖေဖေ တို့ မြေကြီးပေါ်ရောက်သွားတာနဲ့ ဘာလုပ်လုပ်သွက်သွားတော့တာပဲ။
တစ်နေရာရောက်တော့ ဂျိုဒီ့ဖေဖေက ပျော့တွဲကျနေတဲ့ မီးခိုးရောင် အမှိုက်အိတ်ကြီးတစ်လုံးကို ကိုင်လာတယ်။ ` ဟေး ဂျိုဒီ၊ ဒါဘာလဲ စမ်းကြည့်စမ်း။ မတရားရွံဖို့ကောင်းတယ်။
ဂျိုဒီ က အိတ်ကို ညှစ်ကြည့်တယ်။ အထဲကဟာတွေက ပျော့ပျော့စိစိနဲ့။ ` အင်း.. တူးသွားတဲ့ စပါဂတ်တီခေါက်ဆွဲတွေနဲ့တူတယ်။ အဲတော့.. အများကြီးမှ အများကြီးပဲ။ ဒါဘာလဲဟင် ဖေဖေ´
`အော်.. ဖေဖေတို့ ဘယ်လိုလုပ်သိမှာလဲ သမီးရဲ့။ ဒါတွေက အမှိုက်ပုံရဲ့ပဟေဠိတွေချည်းပဲပေါ့။´ လို့ပြောပြီးဖေဖေက အမှိုက်အိတ်ကို ကားထဲ ပစ်ထည့်လိုက်တယ်။ အမှိုက်ကားကြီးကတော့ ဘာဖြစ်ဖြစ်လက်ခံယူလိုက်တာပဲ။
အမှိုက်တွေကို လိုက်ကောက်ပြီး ကားထဲပစ်ထည့်ရတာ ပျော်စရာကြီး ဆိုပေမယ့် အားနဲ့မာန်နဲ့လုပ်ရတယ်။ ဂျိုဒီ့လက်မောင်းတွေ လည်း ညောင်းလာပြီ။ ဒီအချိန်မှာပဲ ဖေဖေက ` နေ့လည်စာစားချိန်ရောက်ပြီ´လို့ပြောလိုက်တယ်။ ဘစ်အဲလ် က ကားဟွန်းကို တပွမ်ပွမ် တီးလိုက်ပြီး နေ့လည်စာအတွက် သူတို့ချီတက်ကြတယ်။
`လက်တွေကို သေသေချာချာဆေးနော် ဂျိုဒီ´ ဖေဖေက မှာတယ်။
ဂျိုဒီ က ချိစ်ဘာဂါတစ်ခု နဲ့ ဗနီလာမစ်ရှိတ်တစ်ခွက် မှာစားတယ်။ မနက် ၁၀နာရီမှာ နေ့လည်စာစားရတာ ကောင်းလိုက်တာလို့ သူတွေး နေမိတယ်။
ဘစ်အဲလ် နဲ့ ဂျိုဒီ့ဖေဖေ တို့က ကော်ဖီသောက်ကြတယ်။ နောက်တော့ အလုပ်ပြန်ဝင်ဖို့ အချိန်ပြန်ရောက်လာတယ်။ အမှိုက်ကားကြီးထဲ မှာ ဒီလောက်များတဲ့ ညစ်ပတ်နံစော်နေတဲ့အမှိုက်တွေထည့်လို့ရတယ်ဆိုတာ ဂျိုဒီ တော့ မယုံနိုင်အောင်ပဲ။ နောက်ဆုံးတော့ အမှိုက်တွေ ပြည့်သွားပြီ။
‘ အမှိုက်ပုံကြီးဆီ မောင်းဆရာ ရေ‘ ဂျိုဒီ အသံကုန်ဟစ်လိုက်တယ်။
ဘစ်အဲလ် က ကားဟွန်းကို ထပ်ခါထပ်ခါတီးတယ်။ သူတို့ ပြန်ထွက်လာကြတယ်။ အမှိုက်ပုံကြီးက မြို့ပြင်ဘက်မှာ။ ဘစ်အဲလ် က အပြင်း မောင်းတယ်။ ဂျိုဒီ က လက်ကိုမြဲအောင်ကိုင်ထားတယ်။ သူ့ခြေထောက်အောက်မှာ ရိပ်ကနဲကျန်နေခဲ့တဲ့ လမ်းမကြီးကို မြင်ရတာ၊ ကမ္ဘာ့ ကားပြိုင်ပွဲကြီးကို မြင်ရတာ သူ စိတ်လှုပ်ရှားနေမိတယ်။
၆။
အမှိုက်ပုံကြီး က ဟီးထနေအောင်ကြီးတယ်။ တစ်မိုင်လောက်အဝေးကတောင် အနံ့ ရနိုင်တယ်။ သံကြိုးခတ်ထားတဲ့ ခြံစည်းရိုးကြီးတစ်ခု ရှိ ဂိတ်ပေါက်တစ်ခုကို သူတို့ ဖြတ်မောင်းလာတယ်။ ဘာလို့များ ခြံစည်းရိုး ခတ်ထားပါလိမ့်။ ဂျိုဒီ သိချင်မိတယ်။ ဘယ်သူက အမှိုက်တွေ လာခိုးမှာမို့လို့လဲ။
အမှိုက်ပုံအနှံ့မှာ စင်ရော်တွေပျံဝဲနေကြတယ်။ လေထဲမှာရော၊ မြေပြင်မှာပါ သူတို့ အော်သံတွေ၊ တစ်ကောင်နဲ့တစ်ကောင် ထိုးဆိတ်နေသံ တွေ ဆူညံနေတယ်။ အမှိုက်ပုံကြီးထဲမှာ သူတို့အတွက် စားစရာတွေ ရှာကြတယ်။ ခြံစည်းရိုးကြီးက သူတို့ကို မဟန့်တားထားနိုင်ပါဘူး။
ဂျိုဒီ နဲ့ ဖေဖေ တို့ ကားပေါ်က ဆင်းလိုက်ကြပြီး အမှိုက်ပုံထိပ်ဖျားဆီ ဘစ်အဲလ် မောင်းသွားတာကို ကြည့်နေလိုက်ကြတယ်။
ဘစ်အဲလ် ကားထဲက ထွက်လာတယ်။ ဆေးပြင်းလိပ်ကြီး ပါးစပ်မှာခဲပြီး `ဟေး ဂျိုဒီ ဒီပေါ်တက်ခဲ့။ ဒီနေ့ သမီး အမှိုက်ချချင်သလား ´ လို့ လှမ်းအော်တယ်။
ဂျိုဒီ က ဒရိုင်ဘာထိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်။ ဘယ်ခလုပ်တွေ နှိပ်ရမယ်ဆိုတာကို ဘစ်အဲလ် က ပြပေးတယ်။ အမှိုက်တွေ အပြင်ထွက် တဲ့အထိ ကားနောက်ခန်းကို အပေါ်ကို မြှောက်တင်ရတယ်။ ကားဟွန်းတီးတဲ့ ကြိုးကို ဂျိုဒီ ဆွဲလိုက်တယ်။ စင်ရော်တွေ အော်ဟစ်ဆူညံပြီး ပျံ ထွက်သွားကြတယ်။
အမှိုက်ကားကြီးပေါ်မှာ ဘာမှမရှိတော့မှ ဘစ်အဲလ် က ဒရိုင်ဘာခုံမှာ ပြန်ထိုင်တယ်။ အမှိုက်ပုံထိပ်ကနေ သူတို့ ပြန်မောင်းလာကြတယ်။ မြို့အပြန်လမ်းမှာတော့ ဂျိုဒီ နဲ့ ဖေဖေ တို့ ကားရှေ့ခန်းမှာ အတူလိုက်စီးလာကြတယ်။ ဂျိုဒီ ပင်ပန်းပေမယ့် ပျော်တယ်။
`ကဲ၊ ဒီအလုပ်ရဲ့ အကောင်းဆုံးအပိုင်း အခုရောက်လာပါပြီ သမီးရေ။ လူတိုင်းနီးပါး အလုပ်လုပ်နေကြတုန်းဖြစ်ပေမယ့် ဖေဖေ ကတော့ အိမ်ပြန်၊ ကိုယ်လက်သန့်ရှင်းရေးလုပ်၊ သမီးမေမေကို အားရပါးရ ဖက်နမ်း၊ ပြီးတာနဲ့ ကျောင်းခေါင်းလောင်းထိုးတဲ့နေ့တိုင်း သမီးကို ကျောင်းသွားကြို။ အမှိုက်သိမ်းသမားတစ်ယောက်ဖြစ်ရတာကို ဖေဖေ ဘာလို့သဘောကျရသလဲဆိုတာ ဒါက အဓိက ပဲပေါ့ ´
ဂျိုဒီ က ညစ်ပတ်နံစော်နေတဲ့ သူ့ဖေဖေ ကို အားရပါးရ ဖက်နမ်းလိုက်တယ်။ ` သမီး ကြီးလာရင်လည်း အမှိုက်သိမ်းသမား ဖြစ်ချင်တယ်။ ဖေဖေ နဲ့ ဘစ်အဲလ် လိုပေါ့´ လို့ ဂျိုဒီ ပြောလိုက်တယ်။
ဖေဖေကပြန်ပြောတယ်။ ` သမီး ဆုံးဖြတ်ဖို့ အချိန်တွေ အများကြီးကျန်ပါသေးတယ်။ ဒီအကြောင်း နောက်မှ ပြောကြတာပေါ့´
ဘစ်အဲလ် က ဆေးပြင်းလိပ်ကြီးကို သူ့ပါးစပ်ကနေ ထုတ်လိုက်တယ်။ ` သိပ်လိမ္မာတဲ့ ကလေးပဲ။ သမီးလို သမီးတစ်ယောက်လောက် ရှိခဲ့ရင် သိပ်ကောင်းမှာပဲ ´
ကားဝင်းဆီ သူတို့ပြန်ရောက်တော့ ဂျိုဒီ က ဘစ်အဲလ်ကိုလည်း ဖက်နမ်းလိုက်တယ်။
၇။
သူဖေဖေ ဘာအလုပ်လုပ်သလဲလို့ ဂျိုဒီကို ဘယ်သူက မေးမေး ` ဖေဖေ က အမှိုက်သိမ်းသမားပါ ´ လို့ ပြန်ဖြေတယ်။
သူတို့ဆီက ` ဝေါ့´ ဆိုတဲ့ အသံထွက်လာခဲ့ရင်တော့ ဂျိုဒီ က ` လူတိုင်း အမှိုက်ပစ်ကြတာပဲ။ ဒါပေမယ့် ဖေဖေကတော့ အဲဒီအမှိုက်တွေအားလုံး သိမ်းကြုံးစွန့်ပစ်ပေးတယ် ´ လို့ ပြန်ပြောလိုက်တယ်။
@Ko Moe Htet ရဲ့ လက်ရာပါ..
Sign up here with your email
ConversionConversion EmoticonEmoticon