ဘ၀ဖြစ်စဉ်အသေးစိတ်တွေကို ၅ နှစ်ကြာ မှတ်တမ်းတင်ထားသူ


မော်ရစ်ဗီလာရိုရယ်ဟာ စပိန်နိုင်ငံ၊ မက်ဒရစ်ပိုလီတက္ကနစ်တက္ကသိုလ်က တိရစ္ဆာန်အပြုအမူဆိုင်ရာ ပါမောက္ခဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်လုံးမှာ သူ့ဘ၀ဖြစ်စဉ်အသေးစိတ်တွေကို မှတ်တမ်းတင်ထားခဲ့သူဖြစ်ပါတယ်။

အဲဒီလိုမှတ်တမ်းတင်ထားတာကို ရပ်တန့်ဖို့ စိတ်ကူးမရှိတဲ့ ဗီလာရိုရယ်ဟာ ၂၀၁၀ ကစပြီး မှတ်တမ်းစာအုပ် ၁၈၀ ကိုအသုံးပြုခဲ့ပြီး သူ့ရင်ဘတ်မှာလည်း တစ်ရက်ကို ဓာတ်ပုံ ၁၂၀၀ လောက် ရိုက်ကူးခဲ့တဲ့ ဘ၀ဖြစ်စဉ်ကင်မရာကို ချိတ်ထားပါတယ်။

"ဘ၀က ရှုပ်ထွေးတယ်။ အသေးစိတ်တွေ၊ အမူအကျင့်တွေ၊ လုပ်ရိုးလုပ်စဉ်တွေနဲ့ ပြည့်နေပြီး လှပတယ်။ ဥပမာပြောရရင် မိတ်ဆွေတွေရဲ့အရေးပါပုံကို ကျွန်တော် ပိုသတိထားမိခဲ့တယ်။ ကျွန်တော့်ဘ၀ရဲ့ ပျော်စရာအကောင်းဆုံးအချိန်တွေကို စဉ်းစားလိုက်ရင် လူတွေနဲ့ ပတ်သက်နေတာပဲတွေ့ရတယ်။ တစ်ကိုယ်တည်း ပျော်နေတယ်ဆိုတာတော့ မဟုတ်ဘူး။ ပျော်ရွှင်မှုဆိုတာ မျှဝေတာ၊ သူများစကားနားထောင်တာကနေ ရတယ်လေ"လို့ ဗီလာရိုရယ်က ပြောခဲ့ပါတယ်။

ဗီလာရိုရယ်ဟာ သူသွားလေရာမှာ မှတ်တမ်းစာအုပ်ကို ယူသွားပြီး ဘယ်သူနဲ့တွေ့တယ်၊ သူဘာစားတယ်ဆိုတာကအစ ရေးမှတ်ထားတတ်ပြီး မရေးမှတ်ဖြစ်တာတွေကိုတော့ ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပြန်လည်အမှတ်ရစေပါတယ်။

ဒါ့အပြင် သူ့ရဲ့မှတ်တမ်းစာအုပ်တစ်အုပ် ကုန်ဆုံးတိုင်းမှာ မှတ်ချက်တွေ၊ အကျဉ်းချုပ်တွေ ရေးသားပြီး နေ့စဉ်အပြုအမူတွေကနေ ကိုယ်တိုင်သင်ခန်းစာယူ ပြင်ဆင်ရမယ့်အချက်တွေကိုလည်း ပြန်သုံးသပ်ပါတယ်။

နေ့စဉ်မှတ်တမ်းရေးတယ်ဆိုတာက ရှားပါးအဖြစ်မဟုတ်ပေမယ့် ဗီလာရိုရယ်ကတော့ အသေးစိတ်ကအစ ရေးမှတ်ထားသူဖြစ်လို့ ရှာမှရှားတဲ့သူဖြစ်နေပါတယ်။

ဗီလာရိုရယ်ဟာ ၂၀၁၄ မှတ်တမ်းတွေအရ တစ်နှစ်လုံးမှာ စာအုပ် ၂၀ သာ သူဖတ်ခဲ့တာကို သိခဲ့လို့ ဒီနှစ်မှာတော့ အဲဒီအရေအတွက်ရဲ့ ၂ ဆဖြစ်အောင် စာတွေပိုဖတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)
Previous
Next Post »
Powered by Blogger.